နိုင်ငံတော်နှင့်နိုင်ငံသားတို့၏သစ္စာကို စောင့်သိသူများ

 

နိုင်ငံတော်နှင့်နိုင်ငံသားတို့၏သစ္စာကို စောင့်သိသူများ

နိုင်ငံတော်နှင့်နိုင်ငံသားများကို   ကာကွယ်စောင့်ရှောက်ရန် တပ်မတော်သည် အမြဲတမ်းအသင့်ရှိနေသည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာခဲ့သောတပ်မတော်သည် လွတ်လပ်ရေးရရှိအောင် ဦးဆောင်ကြိုးပမ်းမှုတွင် ပါဝင်သကဲ့သို့ ရရှိထားပြီးသော  လွတ်လပ်ရေးကြီးမဆုံးရှုံးစေရန်လည်း ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ နိုင်ငံတော်ပြိုကွဲမည့် အန္တရာယ်ကြုံတွေ့ရလေတိုင်း တပ်မတော်သည် အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင်  ပါဝင်ထမ်းဆောင်ခဲ့ရသည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အခန်း(၁) နိုင်ငံတော်အခြေခံမူများပုဒ်မ  ၆ တွင်  နိုင်ငံတော်သည်-(က) ပြည်ထောင်စုမပြိုကွဲရေး၊ (ခ)  တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ (ဂ)  အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ (ဃ) စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး၊ (င)နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့်ညီမျှခြင်းတည်းဟူသော လောကပါလတရားများ  ပိုမိုထွန်းကားရေးနှင့် (စ) နိုင်ငံတော်၏အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်ကပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်ဟူ၍  ပြဋ္ဌာန်းထားသည်။

ထို့ပြင်     နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပုဒ်မ ၂၀ (စ) တွင်   တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို   ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်ဟူ၍ ပြဋ္ဌာန်းထားသည်။ သမိုင်းအစဉ်အလာ ကောင်းများနှင့်အညီ နိုင်ငံတော်နှင့်နိုင်ငံသားတို့၏သစ္စာကို စောင့်သိကာ တပ်မတော်သည်   အမျိုးသားရေး သစ္စာမဖောက်ခဲ့သည်မှာ   ထင်ရှားသောသမိုင်းမှတ်တမ်းဖြစ်သည်။

တပ်မတော်သည် နိုင်ငံတော်အတွက် တစ်နည်းအားဖြင့်  တပ်မတော်သည်ပြည်သူ့အတွက်ဟူသော ခံယူချက်ဖြင့်တပ်မတော်ကို အင်အားတောင့်ပြီး စွမ်းရည်ထက်မြက်သော  ခေတ်မီသည့်တစ်ခုတည်းသောမျိုးချစ်တပ်မတော်အဖြစ် တည်ဆောက်နေခြင်းဖြစ်သည်။ တပ်မတော်အင်အားရှိနေမှ   တိုင်းပြည်အင်အားရှိနေမည် ဖြစ်သည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)သည် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် ပဓာနဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုး မဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်က (၇၉)နှစ်မြောက်တပ်မတော်နေ့စစ်ရေးပြအခမ်း အနား၌   ပြောကြားခဲ့သည့်မိန့်ခွန်းတွင်   မိမိတို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှာ တပ်မတော်ရဲ့အခန်းကဏ္ဍများကို ထည့်သွင်းဖော်ပြထားခြင်းဟာ အတိတ်သမိုင်းစဉ်မှာ ကြုံတွေ့ခဲ့ရတဲ့ အားနည်းချက်တွေကို ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရေးအတွက် ပြဋ္ဌာန်းထားရခြင်းပဲဖြစ်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ တပ်မတော်ရဲ့အခန်းကဏ္ဍမှာပါတဲ့    ပြဋ္ဌာန်းချက်အပိုဒ်တွေဟာ တပ်မတော်အတွက်   ပြဋ္ဌာန်းထားတာမဟုတ်ဘဲ နိုင်ငံတော်အကျိုးကိုမျှော်ကိုးပြီး ထည့်သွင်းပြဋ္ဌာန်းထားခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

တပ်မတော်သားအားလုံးသည် မိမိတို့၏ကိုယ်ပိုင်ဆန္ဒဖြင့် တပ်မတော်သို့ ဝင်ရောက်လာကြသူများသာ ဖြစ်ကြသည်။   မိမိနိုင်ငံကိုမိမိတို့ သက်စွန့်ကြိုးပမ်းကာကွယ်မည်ဟူသော     ရဲရင့်သည့်စိတ်ဓာတ်ဖြင့် ဝင်လာကြသူများဖြစ်သည်။ တပ်မတော်သို့မဝင်ရောက်မီက  စိတ်ထားအမျိုးမျိုးရှိကြမည်ဖြစ်သော်လည်း တပ်မတော်တွင် တာဝန်ထမ်းဆောင်ကြရသည့်အခါ အားလုံးတွင် တစ်ပြေးညီရဲဘော်စိတ်ထားရှိသွားကြသည်။ အနယ်နယ်အရပ်ရပ်မှလာရောက်ကြသူများ ဖြစ်ကြသော်လည်း  ဆွေမျိုးရင်းချာကဲ့သို့ သွေးစည်းညီညွတ် သွားကြသည်။  ဤနေရာတွင် ရဲဘော်စိတ် ဟူသော သဘောတရားကို ဖော်ပြရလျှင် ရဲဘော်စိတ်ဟူသည်  ရဲဘော်အချင်းချင်းအပေါ်ထားရှိသော  မေတ္တာတရား၊  သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင်ဖြစ်၏ဟူ၍   ဖော်ညွှန်းထားသည်။

တပ်မတော်သားတို့သည် စစ်မြေပြင်တွင် ရန်သူကို နေလိုမီးလိုကျင့်သုံးကာ  တိုက်ပွဲဝင်လျက်ရှိကြသော်လည်း ပြည်သူနှင့်ပတ်သက်လာလျှင်  ယဉ်ကျေးစွာ ဆက်ဆံကြပြီး ရေလိုလလို ကျင့်သုံးလျက်ရှိကြသည်။ ရန်သူကိုရန်သူလို သဘောထားကြသော်လည်း ရန်သူက အညံ့ခံလျှင် သည်းခံခွင့်လွှတ်သည့်စိတ်ဖြင့် ပြုမူဆက်ဆံသည်။ တပ်မတော်သားတို့သည် ကိုယ်နှုတ်နှလုံးသုံးပါးလုံးယဉ်ကျေးပြေပြစ်ကြရသည်။  ဆိုလို သည်မှာ တပ်မတော်သားတို့သည် စိတ်ဓာတ်ကောင်းသည်၊  စည်းကမ်းကောင်းသည်၊  သစ္စာရှိကြသည်၊ စည်းလုံးညီညွတ်ကြသည်၊ စွမ်းရည်သုံးရပ်နှင့်ပြည့်စုံကြရသည်။   ထိုကဲ့သို့သော အခြေခံ အရည်အချင်းငါးပါးနှင့် ပြည့်စုံအောင်နေထိုင်ပြီး   နိုင်ငံတော်နှင့်တပ်မတော်အတွက် သက်စွန့်ကြိုးပမ်း၊   စွန့်လွှတ်စွန့်စားသည့်စိတ်ဖြင့်    တာဝန်ထမ်းဆောင်ကြရသည်။

တပ်မတော်(ကြည်း)တွင် အရည်အချင်းပြည့်ဝသော အရာရှိများဖြစ်ပေါ်လာစေရန်နှင့် ခြေလျင် တပ်စုတစ်စုကို ပိုင်နိုင်စွာကွပ်ကဲ၍  စစ်မြေပြင်တွင် တိုက်ပွဲဝင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် တပ်မတော် (ကြည်း) ဗိုလ်သင်တန်း ကျောင်းတော်ကြီးက လေ့ကျင့်သင်ကြားပေးလျက်ရှိရာ   ယခုအခါ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၇) သင်တန်းပြီးမြောက်ခဲ့ပြီဖြစ်သည်။ သင်တန်းကျောင်းမှသင်ကြားပေးလိုက်သည့် အသိပညာ၊ အတတ်ပညာ များကို မမေ့မလျော့အောင် အမြဲတမ်းလေ့ကျင့်ရမည်။ အမြဲတမ်းစစ်ရေးသတိရှိရမည်၊ အမြဲတမ်း တိုက်ပွဲဝင် အသင့်ဖြစ်ရမည် ဆိုသည့်မြဲသုံးမြဲကို လက်ကိုင်ထားကာ မိမိကိုယ်ကို အမြဲတမ်း တက်ကြွနေသည့်  အနေအထားရှိနေကြရမည်။

တပ်မတော်သားသည် နိုင်ငံတော်နှင့်ပြည်သူကို သစ္စာခံထားသူများဖြစ်သည်။   သင်ကြားလေ့ကျင့် ပေးထားသည့် စစ်ပညာကို အသုံးချ၍  နေ့စဉ် ၂၄ နာရီပတ်လုံး ပေးအပ်သည့်အမိန့်နှင့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိကြသည်။ စိတ်ဓာတ်ကောင်းများရှိနေအောင် သက်ဆိုင်ရာလေ့ကျင့်ရေးကျောင်းများ၊   တက္ကသိုလ်များက အဓိကလ ေ့ကျင့်သင်ကြားပေးထားပြီးဖြစ်သည်။ စိတ်ဓာတ်ကောင်းများရှိနေသော တပ်မတော်သားများကြောင့်သာ နိုင်ငံတော်တွင် အရေးကြုံလေတိုင်း တပ်မတော်သည် အမျိုးသားနိုင်ငံရေး တာဝန်များကို    အောင်အောင်မြင်မြင်ထမ်းဆောင်နိုင်ခြင်းဖြစ်သည်။ စိတ်ဓာတ်ကောင်းခြင်းတွင် မှန်ကန်သော အတွေးအမြင်၊ အသိပညာများလည်း ပါဝင်သည်။ မှန်ကန်သောအသိအမြင်ဆိုသည်မှာ မိမိနိုင်ငံ၊ မိမိလူမျိုးအတွက် မိမိတို့ဘာလုပ်ရမည်၊ မည်ကဲ့သို့ဆောင်ရွက်ပေးရမည်ကို  သိရှိခြင်းဖြစ်သည်။

စိတ်ဓာတ်ပိုင်းဆိုင်ရာအနေဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများအားလုံးတစ်ဦးချင်း၏ တပ်ဖွဲ့အပေါ် ချစ်ခင်သည့် သံယောဇဉ်စိတ်ဓာတ် ရှိနေကြရမည်ဖြစ်သည်။ စိတ်ဓာတ်ကောင်းမွန်ရန် ရေပက်မဝင်သော စည်းလုံးညီညွတ်မှုရှိရန် လိုအပ်သည်။   စည်းလုံးညီညွတ်မှုမှ ပေါင်းစည်းအင်အားဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ရရှိမည်ဖြစ်သည်။  တပ်ဖွဲ့စိတ်ဓာတ်မှ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်နှင့်  အမျိုးသားရေးစိတ်ဓာတ်များ ပေါ်ထွက်နိုင်မည်ဖြစ်ပေသည်။ ယနေ့အထိတပ်မတော်အနေဖြင့်   ခိုင်မာသောအဖွဲ့အစည်းအဖြစ်  ရပ်တည်နိုင်ခြင်းမှာ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်တစ်ဦးချင်းတို့၏ ကျန်းမာကြံ့ခိုင်သော ဇွဲစိတ်ဓာတ်များကြောင့်ပင် ဖြစ်သည်။ စစ်ဆင်ရေးအပါအဝင် လုပ်ငန်းတာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်ရန် စိတ်ဓာတ်ကောင်းမွန်ရန် လိုအပ်သည်မှာ မှန်ကန်သောအချက် ဖြစ်ပေသည်။

စိတ်ဓာတ်ဟုဆိုလိုက်သည်နှင့် တပ်မတော်သားတို့တွင် သာမန်ပြည်သူများထက် ထူးခြားသည်မှာ တိုက်ပွဲဝင်စိတ်ဓာတ်ရှိနေခြင်း ဖြစ်သည်။ တိုက်ပွဲဝင်စိတ်ဓာတ်ဆိုသည်မှာ ကြံ့ခိုင်သည့်စိတ်ဓာတ်၊ စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်၊ ကျည်တစ်တောင့် လူတစ်ယောက်ကျန်သည်အထိ တိုက်ရဲသည့်စိတ်ဓာတ်၊ တပ်မတော်၏ဂုဏ်ကို အသက်စွန့်ပြီး မြှင့်တင်လိုသည့်စိတ်ဓာတ်၊ အချင်းချင်း ရိုင်းပင်းကူညီလိုသည့် စိတ်ဓာတ်နှင့်ရဲဘော်ရဲဘက်စိတ်တို့ဖြစ်သည်။  ဘယ်သူခွဲခွဲ  တို့မကွဲ အမြဲစည်းလုံးမည်ဆိုသောဆောင်ပုဒ်မှာ    တိုက်ပွဲဝင်စိတ်ဓာတ် အပြည့်အဝရှိထားသူများ စုစည်းထားသည့်အတွက် စည်းလုံးညီညွတ်သော တပ်မတော်အဖြစ် ရပ်တည်နေခြင်းဖြစ်သည်။

စည်းလုံးညီညွတ်သော  တပ်မတော်သည် နိုင်ငံအတွက် မရှိမဖြစ်သော အဖွဲ့အစည်းဖြစ်သည်။ နိုင်ငံ တိုင်းတွင် သူ့နိုင်ငံအလိုက် တပ်မတော်များကို ပိုင်ဆိုင်ကြသည်။ နိုင်ငံတကာရေးရာများကိုမျက်ခြည်မပြတ် လေ့လာကြည့်ပါက  မိမိတို့နိုင်ငံ ရှင်သန်ဖို့အတွက် ကာကွယ်ရေးစွမ်းအားကို အမြဲတမ်းခိုင်မာတောင့်တင်းအောင် လုပ်ဆောင်ကြရမည်ဖြစ်သည်။ အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများမှတစ်ဆင့် ဖြစ်ပေါ်လာဖွယ် ရှိသည့် ပဋိပက္ခများမှာ   နိုင်ငံငယ်များအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့်မြန်မာ နိုင်ငံတွင် မြန်မာ့တပ်မတော်ကို   ခေတ်မီအင်အားတောင့်တင်းပြီး   စွမ်းရည်ထက်မြက်မြင့်မားသည့် မျိုးချစ်တပ်မတော်အဖြစ် တည်ဆောက်နေခြင်းဖြစ်သည်မှာ နိုင်ငံတော်အတွက်ဖြစ်သည်။

နိုင်ငံတော်အနေဖြင့် ကာကွယ်ရေးကဏ္ဍမြှင့်တင်နိုင်ရေးအတွက် တပ်မတော်ကို သမားရိုးကျစစ်ပွဲဆင်နွှဲပြီး  တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားရှိသည့် ခေတ်မီတပ်မတော် (Standard Army)အဖြစ် ရည်မှန်းချက်ထားဖွဲ့စည်းတည်ဆောက်လျက်ရှိသည်။ အနာဂတ်တပ်မတော်ကို   (Standard Army)    အဖြစ် တည်ဆောက်ရာတွင်  တပ်များကိုခေတ်နှင့်ကိုက်ညီအောင် လုပ်ဆောင်လျက်ရှိသည်။ တပ်မတော် သားတိုင်းသည် နေ့စဉ်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန် လုပ်ဆောင်နေခြင်းမှာလည်း လေ့ကျင့်ရေးဆောင်ရွက်ခြင်းပင်ဖြစ်သည်။ တပ်မတော်၏ အရည်အချင်းမှာ  တပ်မတော်သား တစ်ဦးချင်းစီ၏ စွမ်းရည်ပေါ်တွင်အခြေခံပြီး စစ်လက်နက်ပစ္စည်းများ ၏စွမ်းအားနှင့်ပေါင်းစပ်ရခြင်းဖြစ်သည်။ တပ်မတော်၏ အဓိကလုပ်ငန်းတာဝန်ကြီး  (၃)   ရပ်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များကို  တပ်မတော်သားတို့ ထမ်းဆောင်လျက်ရှိကြသည်။ ထိုတာဝန်များကို ထမ်းဆောင်ရင်း တပ်မတော်သားတစ်ဦးချင်းသည် မိမိတို့ဘဝတိုးတက်လမ်းကို မျှော်မှန်းကြိုးပမ်းကြရမည်။ တပ်သားအဆင့်မှဒုတိယတပ်ကြပ်၊ ဒုတိယတပ်ကြပ်မှတပ်ကြပ်စသည်ဖြင့် အဆင့်များရရှိအောင် ကြိုးစားရမည်ဖြစ်သကဲ့သို့ အခြားအဆင့်မှပြန်တမ်း ဝင်အရာရှိအဆင့်သို့ ရောက်ရှိအောင်လည်း ကြိုးစား အားထုတ်ကြရမည်ဖြစ်သည်။

တပ်မတော်တွင် အမိန့်နှင့်တာဝန်ကိုကျေပွန်ကာစစ်စည်းကမ်းကိုတိကျစွာလိုက်နာပြီး ရိုးသားကြိုးစား သူတိုင်းအတွက် အခွင့်အလမ်းများသတ်မှတ်ထားပြီးဖြစ်သည်။  အခြားအဆင့်များအတွက် အနာဂတ်၏ စစ်ခေါင်းဆောင်ဖြစ်ရေးဆိုသည်မှာ ရိုးသားကြိုးစားပြီး ကျန်းမာကြံ့ခိုင်ကာ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံလျှင်  အနာဂတ်၏ စစ်ခေါင်းဆောင်အဖြစ်သို့ တက်လှမ်းနိုင်မည်သာဖြစ်သည်။တပ်မတော်တွင် အစဉ်အလာနှင့်အညီ ရှိထားသော ရာထူးနေရာများသို့  ရောက်ရှိအောင် ကြိုးပမ်းခဲ့ကြသူများမှာ ယခုအခါ အမှတ်စဉ် (၁၂၇)သို့  တိုင်ခဲ့ပြီဖြစ်သည်။  တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)တွင် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်   (၁၂၇) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ဧပြီလ ၃  ရက်တွင်   ကျင်းပသည်။   တပ်မတော်(ကြည်း)တွင်  အခြေခံစစ်ပညာများ၊ ခေါင်းဆောင်မှုနှင့်ကွပ်ကဲမှုပညာရပ်များ၊  စစ်ဦးစီး၊  စစ်ရေး၊  စစ်ထောက်ဆိုင်ရာပညာရပ်များကို    သိရှိနားလည်စေရန်  ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၂၇) မှ သင်တန်းသားများအား  သင်ကြားလေ့ကျင့်ပေးထားပြီးဖြစ်သည်။   စစ်ဘက်ခေါင်းဆောင်များအဖြစ် တပ်ရင်း၊   တပ်ဖွဲ့အသီးသီးတွင်  တာဝန်ထမ်းဆောင်ရတော့မည်ဖြစ်သည်။

ခေါင်းဆောင်မှုဆိုသည်မှာ ပါရမီသက်သက်မဟုတ်ဘဲ လိုက်နာကျင့်သုံးအားထုတ်မှသာ အောင်မြင်မှုရရှိမည် ဖြစ်သည်။  ခေါင်းဆောင်ကောင်းတစ်ဦး၏စကားမှာ ငယ်သားများအတွက် မှာကြားချက်ဖြစ်သည်ဖြစ်ရာ   လုပ်ဆောင်မှုတိုင်းတွင် တိကျပြတ်သားမှုနှင့်တရားမျှတမှုရှိရမည်ဖြစ်သည်။ ခေါင်းဆောင်တစ်ယောက် ဖြစ်လာသည်မှာ  သူများထက်အရာရာတွင်  တော်နေ၊ တတ်နေ၊ သိနေ၍  ဖြစ်လာရခြင်းဖြစ်သည်။ ခေါင်းဆောင်ကောင်းများ ရှိနေရမည် ဖြစ်သလို နောက်လိုက်ကောင်းများလည်း ရှိနေရမည်ဖြစ်သည်။ ထိုနှစ်မျိုးပြည့်စုံနေသမျှ တပ်မတော်သည်     နိုင်ငံတော်တွင် အခက်အခဲကြုံတိုင်းအောင်မြင်စွာ ထိန်းကျောင်းနိုင်မည် ဖြစ်ပေသည်။  တပ်မတော်သည် စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ စနစ်တကျ ဖွဲ့စည်းထားသည့် တပ်မတော်ဖြစ်သည်။ စစ်စည်းကမ်းသည်တပ်မတော်၏ ကျောရိုးမဏ္ဍိုင်ဖြစ်သည်။ တာဝန်ထမ်းဆောင်သည့်နေရာတိုင်းတွင် သတ်မှတ်စည်းကမ်းနှင့်အမိန့်များကို     တိတိကျကျလိုက်နာရန် လိုအပ်သည်။ စည်းကမ်းရှိခြင်းသည် စိတ်ဓာတ်ကောင်းမွန်မှုနှင့်အမိန့်နာခံတတ်မှုကို မွေးဖွားပေးနိုင်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ     သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာ သရေစည်သူ စိုးဝင်းကဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၇) သင်တန်းဆင်းမိန့်ခွန်းပြော ကြားရာတွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဆိုသည်မှာ နိုင်ငံတွင်းတွင် နေထိုင်ကြသည့်ပြည်သူများအားလုံး၏တာဝန်ဖြစ်သကဲ့သို့ မိမိတို့တပ်မတော်သည်လည်း အဓိကတာဝန်အရှိဆုံး

ဖြစ်သည်ကို သိရှိထားရန်လိုကြောင်း၊ ထိုသို့ ကာကွယ်နိုင်ရန်အတွက် တပ်မတော်သားအားလုံးသည် စည်းလုံးညီညွတ်ရန် လိုအပ်ကြောင်း၊ မိမိတို့ တပ်မတော်သားတိုင်းသည် ပြဋ္ဌာန်းထားသည့် စစ်သည်တော်ကျင့်ဝတ် (၆၀)ပါးကို   တိကျစွာလိုက်နာနိုင်မှသာ တပ်တွင်း၊ တပ်ပြင်စည်းရုံးရေး အောင်မြင်နိုင်မည်ဖြစ်ပြီး တိုက်စွမ်းရည်ကိုလည်း တိုးတက်မြင့်မားလာစေမည်ဖြစ်ကြောင်း၊ စည်းရုံးရေး ဆိုသည်မှာ မိမိဆောင်ရွက်လိုသည့် လုပ်ငန်းကို လက်အောက်မှ ၎င်းတို့စိတ်ဆန္ဒအတိုင်း လိုက်ပါလုပ်ဆောင်စေခြင်းပင်ဖြစ်ကြောင်း၊ အရေး ပေါ်မှထပြီး လုပ်ဆောင်ရသည့်လုပ်ငန်းမဟုတ်ဘဲ အချိန်နှင့်အမျှ လုပ်ဆောင်နေရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ခြင်းကြောင့် စဉ်ဆက်မပြတ် ပီပီပြင်ပြင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်းဟု ထည့်သွင်းပြောကြားခဲ့သည်။

တပ်မတော်သည် အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ ကာကွယ်စောင့်ရှောက်ရန်အတွက်  နိုင်ငံတော်နှင့် တပ်မတော်က ပေးအပ်လာမည့် မည်သည့်တာဝန်မျိုးကိုမဆို ကျေပွန်အောင် ထမ်းဆောင်သွားကြရမည်ဖြစ်သည်။    စစ်မှုရေးရာနှင့်စစ်လက်နက်ဆိုင်ရာ    အတတ်ပညာများကိုခေတ်နှင့်အညီသိရှိပြီး   ဆက်စပ်တွေးခေါ် လုပ်ကိုင်နိုင်သည့် ခေါင်းဆောင်ကောင်းများဖြစ်အောင် လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆိုသည့်   လေ့ကျင့်ရေး ဆောင်ပုဒ်အတိုင်း စဉ်ဆက်မပြတ်လေ့ကျင့်ရင်း   နိုင်ငံတော်နှင့်တပ်မတော်အတွက်        အနာဂတ်၏ စစ်ခေါင်းဆောင်များ   ဖြစ်ပါစေကြောင်း ရေးသားလိုက်ရပေသည်။    ။

အာကာမောင်မောင်