အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (အဋ္ဌမ) ကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာ ကျင်းပပြုလုပ်

 

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (အဋ္ဌမ) ကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာ ကျင်းပပြုလုပ်

နေပြည်တော်၊ ၂၀၂၄ ဧပြီ-၄

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (အဋ္ဌမ)ကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာကို ဧပြီလ ၃ ရက်နှင့် ယနေ့တို့တွင်  ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ ချမ်းမြေ့ဂုဏ်ဝေ ပရဟိတသာသနာပြု ကျောင်းတိုက်၌ ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များတက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ်ကြမည့် အရာရှိ၊ စစ်သည်၊ မိသားစုများက ခိုလမ်မြို့အတွင်းရှိ တန်ခိုးကြီး ဘုရား၊ စေတီ၊ ပုထိုးများအား လှည့်လည်ပူဇော်ကြပြီး ရွှေစည်းဂုံစေတီတော်ကြီးအား လက်ယာရစ် ရှင်လောင်းလှည့်လည်ခြင်းများနှင့် ချမ်းမြေ့ဂုဏ်ဝေပရဟိတ သာသနာပြု ကျောင်းတိုက်၌ ရဟန်း (၆၉) ပါး၊ ရှင်သာမဏေလောင်း (၂၅)ပါးနှင့် သီလရှင်လောင်း(၂၂) ပါး၊ စုစုပေါင်း (၁၁၆) ပါးတို့အား ဆံချမင်္ဂလာ ပြုလုပ်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ချမ်းမြေ့ဂုဏ်ဝေ ပရဟိတသာသနာပြုကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ သောဘိတထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ရဟန်းလောင်းများ၊  ရှင်သာမဏေ လောင်းများနှင့် သီလရှင်လောင်းများအား သင်္ကန်းစီးပေး၍ သာသနာ့ဘောင်သို့ သွပ်သွင်း ချီးမြှင့်ပေးကြသည်။

ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် ချမ်းမြေ့ဂုဏ်ဝေပရဟိတသာသနာပြု ကျောင်းတိုက်မှ သိမ်ထွက်ရဟန်းသံဃာများအား တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက သိမ်ဆွမ်းများ လောင်းလှူကြသည်။

ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီရိမင်္ဂလာကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ပညာသီရိထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များ ရွက်ပွားချီမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြ၍ သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး ချမ်းမြေ့ဂုဏ်ဝေ ပရဟိတသာသနာပြုကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရားနာကြားကာ  လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြ၍ ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။