မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

 

မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၄ ဧပြီ - ၄

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ယနေ့နံနက် ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါမြို့ရှိ ခရမ်းကျောင်းတိုက်ဝင်း အတွင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသည်။

          ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုးအကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ သံဃာတော် ၄၀ ပါးကို လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ် စစ်ဆေးပေးခြင်း၊ ဓာတ်မှန်ရိုက်ကူး၍ ရောဂါရှာဖွေပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် သံဃာတော်များအား နယ်မြေခံ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေးစီစဉ် ဆောင်ရွက်ပေးသည်။

          ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို မြစ်ကြီးနားတပ်နယ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။