၂၀၂၄ ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်ပွဲ အခမ်းအနားကျင်းပ

 

၂၀၂၄ ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်ပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော် ဧပြီ ၄

    ၂၀၂၄ ခုနှစ် နွေရာသီအခြေခံအားကစား သင်တန်းများဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်အားကစားရုံ၌ကျင်းပရာ နေပြည် တော်ကောင်စီဥက္ကဋ္ဌ  ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည် တော်စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဌာန တာဝန်ရှိသူများ၊   သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်များ အားကစား လှုပ်ရှားမှုကို  အခြေခံမှစ၍ စနစ်တကျနားလည် သင်ယူနိုင်ရေးအတွက် နွေရာသီအခြေခံ အားကစားသင်တန်းများကို လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးစေရန်၊ အားကစားနည်းများကို လေ့လာလိုက်စားလာစေရန်၊ အခြေခံကျကျနားလည်ပြီး လူငယ်မျိုးဆက်သစ် အားကစားသမား ပေါ်ထွက်လာစေရန်၊ နိုင်ငံ့ကိုယ်စားပြုအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် အထောက်အကူပြုစေရန်၊ လူငယ်များကျန်းမာကြံ့ခိုင်မှု ရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့်  ဖွင့်လှစ်သင်ကြားခြင်း ဖြစ်ကြောင်း၊     အားကစား သင်တန်းများကို တက်ရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအားလုံး  အားကစားနည်းအလိုက် အခြေခံကောင်းများကို ကြိုးစားလေ့ကျင့် ကြရန်နှင့် ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများ ဖြစ်လာအောင် ဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့်  စွမ်းစွမ်းတမံ ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူများက အားကစား အဓိဋ္ဌာန်များကို ရွတ်ဆိုကြပြီး   အားကစားသရုပ်ပြ အဖွဲ့များက သက်ဆိုင်ရာ အားကစားနည်းများအလိုက် သရုပ်ပြဖျော်ဖြေကြကာ  နေပြည်တော် ကောင်စီဥက္ကဋ္ဌက  အားကစား သရုပ်ပြအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများနှင့် မြို့နယ် ရှစ်မြို့နယ်အတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ သရုပ်ပြအဖွဲ့များနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ကျားသေအိုင် ကျေးရွာအုပ်စု ကွင်းအမှတ်  ၁၄၀၈  တွင် ဆိုလာရေတင်စနစ်နှင့် လယ်ယာသုံး စက်ပစ္စည်း ကိရိယာများ ဈေးကွက်မိတ်ဆက်ခြင်း အခမ်းအနားသို့ တက်ရောက်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက သီးနှံစိုက်စွမ်းအား တိုးမြှင့်ရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့်စိုက်ပျိုးနည်းစနစ်များ၊ လယ်ယာသုံး စက်ကိရိယာများ အသုံးပြုခြင်း၊ စိုက်ပျိုးစရိတ်ချေးငွေနှင့် လယ်ယာသုံး စက်ကိရိယာများ ဝယ်ယူနိုင်ရေး အတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ Good Brother ကုမ္ပဏီနှင့် New Life Plastic( NLP) Co.,Ltd. တို့မှ တာဝန် ရှိသူများက ဆိုလာရေတင်စနစ်နှင့် လယ်ယာ သုံးစက်ပစ္စည်း ကိရိယာများကို မိတ်ဆက်ရှင်းလင်းပြောကြားကြပြီး    နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသည့်   ဆိုလာရေတင်စနစ်နှင့် လယ်ယာသုံး စက်ပစ္စည်းကိရိယာများ၊ မျိုးစေ့များနှင့် သဘာဝမြေသြဇာများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ဆက်လက်၍  နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်တွင် ၂၀၂၄   ခုနှစ်   ပါဠိပထမပြန်စာမေးပွဲ သြဝါဒါစရိယ ဆရာတော်ကြီးများ၊ မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် စာမေးပွဲကြီးကြပ် ဆရာတော်များအား ဗုဒ္ဓသာသနာပြု   ဗိမာန်တော်ကြီးတွင် နေ့ဆွမ်းဆက်ကပ်ပြီး လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းစရိတ် အလှူငွေများကို   ဆက်ကပ်လှူဒါန်းကာ အောင်ဆန်းခန်းမ၌ ပါဠိပထမပြန် စာမေးပွဲတွင်ဖြေဆိုနေကြသည့် သံဃာတော် များနှင့်သီလရှင်များ ဖူးမြော်ကြည်ညိုသည်။

မွန်းလွဲပိုင်းတွင်  နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည်      တပ်ကုန်းမြို့နယ် ညောင်လွန့်ကျေးရွာရှိ    ဦးသန်းထိုက်၏ နေခြည်ဝင်းဝါစက်ရုံသို့ ရောက်ရှိပြီး  ဒေသမှ ထွက်ရှိသည့် ဝါများကိုကြိတ်ခွဲနေမှု၊ ဝါစေ့ထုတ်နေမှု၊      ဆန်စက်နှင့် ဆီစက်များကို လည်းကောင်း၊  အေးချမ်းသာစံပြကျေးရွာ စက်ရက်ကန်းအလုပ်ရုံတွင် ရက်ကန်းစင် လေးစင်၊ ရက်စက်ခုံတစ်ခုံဖြင့် လုပ်ငန်း ဆောင်ရွက်နေမှုကို လည်းကောင်း ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက်    နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့သည်  ပုဗ္ဗသီရိမြို့နယ်ရှိ  သတ္တသတ္တာဟ မဟာဗောဓိစေတီတော်၊ သံဝေဇနိယလေးဌာန(ဖွား ပွင့် ဟော စံ) ဂေါပကအဖွဲ့ရုံးသို့ ရောက်ရှိပြီး ဂေါပကအဖွဲ့ဝင်များက လိုအပ်သည်များကို ရှင်းလင်း တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့်  နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် နေပြည်တော်ရှိ အမျိုး သားစာကြည့်တိုက်  ရှေ့မျက်နှာစာတွင် သန့်ရှင်းသာယာလှပရေး လုပ်ငန်းဆောင် ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။