အောင်ရဲ့အောင်

အောင်ရဲ့အောင်

ယမန်နေ့မှအဆက်

အောင့်လက်တွေမှာ တုန်နေသဖြင့် တံခါးသော့ကို တော်တော်နှင့်ဖွင့်လို့မရ။ အောင်ဆိုတာ သိပ်စိတ် လှုပ်ရှားတတ်တာပဲ။

အဆောင်တွင် ပဲခူးသို့ မကြာခဏပြန်တတ်သော ချောစုကလည်း မရှိပြန်၊ တစ်ယောက်တည်း အတွေးပေါင်းစုံရဟတ်ချားတွင် ရစ်ပတ်ဖွဲ့နှောင်ပေတော့မည်။

“အကြင်ပုဂ္ဂိုလ်သည် ပုတီးလည်းမစိပ်၊ ဘုရားရှေ့ သီလလည်းမခံ၊ တရားလည်းမကျင့်၊ သို့သော် သူ့တွင် စာနာ၍ ကြင်နာသောစိတ်ရှိသည်။ လူများစုအတွက်  သူ့အသွေး၊ သူ့အသားတွေကိုလှူရန်  စိတ်ရည်သန် သည်။ ဖြူစင်သောအကျင့်နှင့် တည်ကြည်ခိုင်မာသော သိက္ခာလည်းရှိ၏။ ထိုပုဂ္ဂိုလ်ကို အရိယာဟု မခေါ်နိုင်ပြီလော။ ရှင်တော်ဂေါတမ သက်တော်ထင်ရှားရှိလျှင် လျှောက်ထားမေးမြန်းချင်လှသည်”

အောင်၏ ရင်ထဲတွင် ကိုယ်ပိုင်အတွေးတို့သည် တစ်စတစ်စ ပျားအုံဖွဲ့လာကြလေသည်။ ထို့နောက် ကိုယ့် အတွေးနှင့်ကိုယ် တစ်ယောက်တည်း ပြုံးမိလာသည်။

အခန်း(၂၀)

သည့်နောက်ပိုင်းတွင် ချောစု၊ မမစံနှင့် ဆန်းဆန်းမြင့်တို့သည် အောင့်ကို စစရာ နောက်စရာ ဖြစ်လာ တော့သည်။ အောင့်ကို “အောင်အောင်လတ်” ဟု ခေါ်ကြတော့သည်။ ဘယ်လောက်များဆိုးတဲ့ မိန်းမတွေလဲ။

ချောစုက နည်းနည်းမှ မနာလိုဘူးတဲ့။ သူက စကတည်းက ကိုလတ်ကို ကွယ်ရာတိတ်တိတ်ယူထားသူမို့  “ငါ့ဆွိ(တ်)” (Sweet)ဟု တဖွဖွပြောပြီး ဘယ်တော့ဖြစ်ဖြစ် ဒါ ကိုလတ်ဖို့။ စားစရာတွေစီမံပြီး သူတစ်ယောက်တည်း အများကြီးစားပစ်ကာ အချောင်မင်္ဂလာယူတတ်သည်။ ယခုလည်း နောက်တစ်နေ့ ပဲခူးကပြန်လာတော့  အကျိုးအကြောင်းသိရသောအခါ အောင်၏ ဆံပင်တိုလေးကိုဆွဲလျက် အောင့်ပါး ကို လေတွင် ဝှေ့ယမ်းရိုက်ကာ “ဟင်...လင်ခိုးမ” ဟု နင့်နင့်သီးသီး ပြောသေးသည်။

သူတို့ အခန်းဝနားဖြတ်လျက် တစေ့တစောင်းကြည့်သွားသော သူယောင်မယ်ကို ချောစုက မျက်စောင်း တစ်ချက်ထိုးပြီး ထိုင်ငိုဟန်ပြုကာ  အဝတ်ဖြင့်  မျက်နှာကိုသုတ်နေသည်။ အောင်သည် ချောစု၏ခါးကို လှမ်းဖက်ပြီး ချောစု၏မျက်နှာကို အသနားခံသော အမူအရာနှင့်...

“အစ်မကြီးရယ်၊ အစ်မကြီးယောကျ်ားကို ကျွန်မပိုက်ဆံမက်လို့ယူတာ မဟုတ်ပါဘူး၊ ကျွန်မ ကိုကို့ကို တကယ်ချစ်တာပါ၊ သွေးအန်သေရပါစေရဲ့” တစ်လောကပင် သူတို့မြို့တွင် သုံးကားတစ်ကျပ်နှုန်း ကြည့်ခဲ့သော “အတွေ့” ကားဟောင်းထဲမှ စံရှားတင်ငိုသလို အောင်က ငိုနေသည်။

မမစံကတော့ ရယ်လျက်... “ငါ့မောင်လေး အကျည်းတန်ချစ်သူ တော့ ကျန်ရစ်ဖြစ်ရှာပြီပေါ့နော်” ရင်ဘတ်ကိုဖိပြောတော့...

“ဟင့်အင်း၊ အဲဒါ သူငယ်ချင်းကိုလှူလိုက်ပြီ”

အောင်က ချောစုကို လက်ညှိုးထိုးလိုက်တော့ ချောစုက နှပ်ချေးတွေ ညှစ်ကာ အောင့်အား လှမ်းသုတ် ရင်း...

“ပြောကောင်းဘူး၊ မောင်နှမချင်း ကျားကိုက်တတ်တယ်၊ ကိုအောင့် ကို ဒီကောင်မ ယူထားတာ”

ဆန်းဆန်းမြင့်သို့ လက်ညှိုးထိုးပြလိုက်လေသည်။ အောင်သည် ချောစု၏လက်ကို ပုတ်ထုတ်လိုက်ပြီး တသောသောရယ်ကာ...

“ကိုအောင်က မျက်နှာထားဆိုးလို့ပါ၊ ချစ်စရာကောင်းပါတယ်၊ ကိုလတ်က ငါ့ကြိုက်တယ်ဆိုလို့ပါ၊ နို့မဟုတ်ရင် ကိုအောင့်ကို စဉ်းစား ပါတယ်”

“ကမြင်းမ၊ အလှဆုံးကိုရွေးယူပြီး”

ချောစုက အောင့်ကို ကျိန်ဆဲလေသည်။

အောင်က ရယ်မောလျက်နေရာမှ...

ကြည့်လေလေတိုင်း ကြည့်လိုက်တိုင်းလျှင်...အရိုင်းမျက်နှာ ကိုယ့်ရုပ်ဝါက နုပ်ပါလှ ခပ်မွဲမွဲပင်... ကြေးမုံမှန်ပြင်၊ ရှုမြင်သူ ဘဝင်.. ရင်ဆူလှိုက်မော ဇောဟိုက်ချင် သီချင်းကို သံနေသံထားနှင့် ဟစ်လိုက် လေသည်။

သည်တော့ မမစံက ကျန်သီချင်းအပုဒ်ကို ဆက်၍...

မောင့်မျက်နှာ ရုပ်ဝါဆင်းပြင်၊ ယမင်းအလှချစ်သူ မြင်စေချင်... တွေးတွေးမိတိုင်း စေ့စေ့ကြည့်တိုင်း ဝိုင်းမျက်ရည်လည်ကာပင်၊ အားတောင့် အားနာ...အားငယ်စွာလျှင်...စေတနာသာလျှင် တန်ဖိုးထား ကြောင်းနှင့် သူ့မနောကို သိခွင့်ရသောအခါများတွင် ဘ၀ တစ်သက်တာ ခရီးစဉ်...နှမသက်လျာ အနီးတွင် မဆုံးခင်တွင်ပင် ဆန်းဆန်းမြင့်က...

“အကျည်းတန်ချစ်သူ မောင်သာ ဖြစ်လိုချင်...”

ဆိုသည့် အပိုဒ်အချကို ထပ်တလဲလဲ ခုနစ်သံတင်၍ ဆိုပြီးအားရ တော့မှ...

“ကဲ...မှတ်ထား”

ဟု ကြိမ်းမောင်းလေသည်။

ထို့နောက်...

“အဲဒီသီချင်းဟာ အတော်ဘက်လိုက်တော်တဲ့ သီချင်း၊ အဲဒီသီချင်း ပေါ်ခါစက ငါလေ အရုပ်ဆိုးတဲ့ ကောင်လေးတွေမြင်ရင် သိပ်သနား တာပဲ”

ဆန်းဆန်းမြင့်က ပြောတော့ အောင်က ရယ်မောလျက်...

“ဒါဖြင့် ခုအတော်ပဲပေါ့”

“ဟင့်အင်း...ကိုအောင်က လှနေသေးတယ်”

“ငါ့မျက်စိထဲတော့ မလှပါဘူး၊ သူက စိတ်နေသဘောထားနဲ့ အပြုအမူ က ချစ်စရာကောင်းလို့ပါ”

အောင်က ပြောရင်း သီချင်းကို ရသည့်နေရာက ကောက်ဆိုမိပြန်သည်။

ဆက်လက်ဖော်ပြပါမည်။