နွေရာသီတွင် ရေချိုးစနစ်မှန်စေချင်

နွေရာသီတွင် ရေချိုးစနစ်မှန်စေချင်

အိုဇုန်းလွှာပြဿနာကြောင့် ကမ္ဘာကြီး ပူနွေးလျက်ရှိရာ မြန်မာနိုင်ငံ၏ ရာသီဥတုသည်လည်း တစ်နေ့ ထက်တစ်နေ့ အပူချိန် မြင့်တက်လျက်ရှိသည်။ နေ့ရောညပါ ချွေးထွက်၍ ရေများများသောက်ပေးရန် လိုအပ်လာသည်။ အဘယ်ကြောင့်ဆိုသော် အပူဒဏ်ကိုရင်ဆိုင်ရာတွင် လူတို့၏ဇီ၀ ပြောင်းလဲမှု ဖြစ်စဉ်များကို ထိန်းချုပ်နိုင်ရန် ရေသည် မရှိမဖြစ်အရာဖြစ်သည်။  အပူဒဏ်ကြောင့် တစ်နာရီကြာ ချွေးထွက်ခြင်းအတွက် သန့်ရှင်းသောသောက်ရေ ငှက်ပျောဖူးနှစ်ပုလင်း (တစ်လီတာခန့်) သောက်သုံး ပေးသင့်သည်။ ချွေးထွက်လွန်နေသော အရွယ်ရောက်ပြီးသူ  လူတစ်ဦး အတွက် တစ်ရက်လျှင်  သန့်ရှင်းသော သောက်ရေ ငှက်ပျောဖူး  ၁၀ ပုလင်းမှ ၁၆ ပုလင်း (ငါးလီတာမှ  ရှစ်လီတာခန့်)ကို  ဓာတ်ဆားရည်နှင့်ရော၍ သောက်သုံး ပေးသင့်သည်။ အဘယ်ကြောင့် ရေများ များသောက်သင့်သနည်း။

•        လူတစ်ယောက်သည် အပူချိန် ၁၀၆ ဒီဂရီဖာရင်ဟိုက် (၄၁ ဒီဂရီစင်တီဂရိတ်)တွင် အချိန်ကြာကြာ အပူဒဏ်ခံနေရပါက   ဦးနှောက်ကလာပ်စည်းများ   ထိခိုက်ပျက်စီးစေနိုင်သည်။

•  လူတစ်ယောက်သည် အပူချိန် ၁၀၉ ဒီဂရီဖာရင်ဟိုက် (၄၃ ဒီဂရီစင်တီဂရိတ်)တွင် အသက် သေဆုံးနိုင်သည်။

ထို့ကြောင့် ပြောင်းလဲလာသော ပြင်ပ အပူချိန်နှင့်အတူ လူ့ခန္ဓာကိုယ်တွင်းအပူချိန် မျှခြေဖြစ်စေရန်  ပူပြင်းသောရာသီတွင် ရေများများသောက်ပေးသင့်သည်။ ထို့ပြင် အပူဒဏ်ခံရမှုကြောင့် ကိုယ်အပူ ချိန်ကျစေရန် ရေများများသောက်ခြင်း၊ ခန္ဓာကိုယ်တွင်း အပူငြိမ်း၍ အေးမြစေသော    အစားအသောက် များဖြစ်သည့် နွားနို့၊ ဒိန်ချဉ်၊ အုန်းစိမ်းရည်၊ ထန်းရည်ချို၊ ဖရဲသီး၊ ဖရဲသခွား၊ သခွားမွှေး၊ သံပရာသီး၊  သခွားသီး၊ ဘူးသီး၊ မန်ကျည်းသီး၊ ရှောက်သီး၊ ပူဒီနာရွက်၊ ဂေါ်ရခါးသီး၊ မုန်လာဥအဖြူ စသည်တို့ကို စားပေးသင့်သည်။

နွေရာသီ ရေချိုးသင့်သောအချိန်

ပူပြင်းသောရာသီတွင် ရေချိုးနည်းမှန်ကန်ရန် အထူးအရေးကြီးပါသည်။ ရေချိုးနည်း မှန်ကန်မှသာ လျှင်    အပူကိုအကြောင်းခံ၍ဖြစ်ပေါ်သော လေသင်တုန်းရောဂါကို ကာကွယ်နိုင်မည်ဖြစ်သည်။ ရေချိုးရာတွင် လည်း အချိန်အခါမဟုတ်  မချိုးသင့်ပေ။   ဆောင်း  ၁၀၊ နွေကိုး၊   မိုးခုနစ်  ရေချိုးစနစ်   အကျိုးဖြစ်၏ဟု   ရှေးပညာရှိများက မိန့်ဆိုထားသည်။ ထို့ကြောင့် နွေရာသီအတွက် ရေချိုးရန်အသင့်လျော်ဆုံးအချိန်မှာ နံနက် ၉ နာရီဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ရာသီဥတုအရ ၁၂ လရာသီပတ်လုံး နံနက်  ၇ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်းသာ ရေချိုးသင့်ကြောင်း မှတ်သားလိုက်နာသင့်ပေသည်။

နေပူထဲကပြန်လာလျှင် ချက်ချင်းရေ မချိုးသင့်ပေ။ နေပူထဲကပြန်လာပြီးနောက် ရေကိုဝအောင် သောက်၍    (ရေခဲရေမသောက်ပါနှင့်)  ခေတ္တအနားယူပြီးမှသာ ရေချိုးသင့်သည်။ မည်မျှပင် ပူအိုက်နေပါ စေ ညဘက်ရေချိုးခြင်းကို ရှောင်ရှားသင့်ပေသည်။ ညဘက်ရေချိုးခြင်းက သွေးလေထိုင်းမှိုင်းပြီး   အခိုးမထွက်တော့ဘဲ   ရေချိုးမှား၍   ဖျားနာတတ်သည်။ အကယ်၍  မဖြစ်မနေညဘက်  ရေချိုးရပါက အိမ်ထဲတွင် ၁၅ မိနစ်ခန့်  မရပ်မနား  လမ်းသွက်သွက်လျှောက်ပြီး  လည်ကုပ်နှင့်ချိုင်း ချွေးစို့လာမှသာ ရေချိုးသင့်သည်။

မှန်ကန်သော ရေချိုးနည်းစနစ်

ပုံမှန် ကျန်းမာရေးကောင်းမွန်နေသူ အတွက် လိုက်နာသင့်သော ရေချိုးပုံနည်းစနစ်အဆင့်ဆင့်မှာ  အောက်ပါအတိုင်းဖြစ်သည်။

• ပထမအဆင့်တွင် ဒူးဆစ်အောက်ပိုင်း ခြေထောက်မှစ၍ ရေလောင်းချိုးပါ။

• ဒုတိယအဆင့်တွင် ခါး၊ ပေါင် စသည် တို့မှစ၍ ရေလောင်းချိုးပါ။

• တတိယအဆင့်တွင် ကျောပြင်မှစ၍ ရေလောင်းချိုးပါ။

• စတုတ္ထအဆင့်တွင်   တစ်ကိုယ်လုံး ရေလောင်းချိုးပါ။

ထိုနည်းစနစ်ဖြင့် ရေချိုးလျှင် ခန္ဓာကိုယ်အတွင်း အောင်းနေသော အပူ၊ အပုပ်၊ အခိုးများ တရှိန်ရှိန် ထွက်၍ ကိုယ်လက်ပေါ့ပါးကာ စိတ်ကြည်လင် လန်းဆန်းလာစေမည်။ အထူးသတိထားဆင်ခြင်ရန်မှာ  ခေါင်းမှစ၍  ရေလောင်းချိုးလျှင် တစ်ကိုယ်လုံးရှိ အခိုးအငွေ့များ ဦးခေါင်းထဲရောက်လာ၍ ခေါင်းကိုက်၊ ခေါင်းမူး၊   မျက်စိမှုန်၊   ဆံပင်ကျွတ်၊  ထိပ်ပြောင် စသည်တို့ဖြစ်စေသည်။ ထို့ကြောင့်   ခေါင်းလျှော်ရာ တွင်လည်း အထက်ဖော်ပြပါ ရေချိုးပုံနည်းစနစ် အဆင့်ဆင့်အတိုင်း လိုက်နာသင့်သည်။

အထက်ပါရေချိုးနည်းသည် ပုံမှန်ကျန်းမာရေး ကောင်းမွန်နေသူများအတွက် ဖြစ်သော်လည်း အမြဲ ခြေဖျားလက်ဖျား အေးစက်လေ့ရှိသူများ၊ သွေးပေါင်ချိန်ကျ သူများနှင့်  တစ်မိနစ်လျှင်  သွေးခုန်နှုန်း အကြိမ်ရေ   ၅၀  အောက်နည်းသူများအနေဖြင့်  ရေမချိုးမီ  အသက်ပြင်းပြင်းရှူပါ။ လေကောင်းလေသန့် ရသောနေရာ၌ ခေတ္တလမ်းလျှောက်ပြီး ရေနွေးဖြင့်ချိုးပါ။ သို့သော် ရေနွေးအပူသည် လူ့ခန္ဓာကိုယ် အပူချိန်ထက်   ပို၍မပူသင့်ပေ။ ရေနွေးနှင့်ရေချိုးနေစဉ် မျက်နှာသုတ်ပဝါတစ်ထည်ကို  ရေအေးဆွတ်၍  ဦးခေါင်းတွင် ပေါင်းထားသင့်သည်။

ရေချိုးခြင်း၏ အကျိုးကျေးဇူးများ

နေ့စဉ် ရေချိုးခြင်းအားဖြင့် လူ့ခန္ဓာကိုယ်ကို   အပူ၊   အအေးမျှတအောင် သဘာဝနည်းဖြင့်   ပြုပြင် ပေးရာ ရောက်သည်။ တစ်နည်းအားဖြင့်ဆိုရသော် ခန္ဓာကိုယ် အပူ၊ အအေးမျှတအောင် သဘာဝအလျောက် ပြုပြင်ပေးသည့် ကုထုံးတွင် ရေချိုးခြင်းက အထိရောက်ဆုံးနှင့် အလွယ် ကူဆုံးနည်းစနစ်ဖြစ်သည်။ ရေမှန်မှန်ချိုး ခြင်းဖြင့် အောက်ဖော်ပြပါ ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိစေနိုင်သည်။

• လူ့ခန္ဓာကိုယ်မှထွက်သည့် မကောင်းသော အခိုး၊ အနံ့နှင့်ကြေးညှော်များကို သန့်ရှင်းစင်ကြယ်စေသည်။

• အာဂန္တုပိုးမွှားများကို ပယ်ဖျောက်စေသည်။ ထိုမျှမက ကူးစက်တတ်သည့် ကိုဗစ်-၁၉ ရောဂါဖြစ် စေသော ကိုရိုနာဗိုင်းရပ်စ်ပိုးများကိုလည်း ရေများများလောင်း၍ ဆပ်ပြာမော်လီ ကျူးများဖြင့် နှိမ်နင်း နိုင်သည်။

• လူ့ခန္ဓာကိုယ်မှထွက်သော ချွေး၊ အဆီ၊ အစေးတို့သည် ကိုးသောင်းကိုးထောင်သော မွေးညင်း ပေါက်များကို ပိတ်ဆို့ထားရာ ရေချိုးလိုက်ခြင်းဖြင့် ယင်းမွေးညင်းပေါက်များ ပွင့်လာစေသည်။ အခိုးပွင့် လာသဖြင့် စိတ်ကြည်လင်လန်းဆန်းလာသည်။

• ရေမှန်မှန်ချိုးခြင်းဖြင့် မျက်စိကြည်လင်စေပြီး သွားကိုက်၊ သွားနာခြင်း၊ သွားဖုံးရောင်ခြင်း၊   ခေါင်းအုံခြင်း၊ အကြောတက်ခြင်း၊  နားအူခြင်းတို့မှ ကာကွယ်နိုင်သည်။

• ပင်ပင်ပန်းပန်း အလုပ်လုပ်ကိုင်ပြီးနောက် ရေချိုးလိုက်သောအခါ ချက်ချင်းဆိုသလို အားအင် ပြန်လည်ပြည့်ဖြိုးလာသလို ခံစားရနိုင်သည်။

• သဘာဝပတ်ဝန်းကျင် လေထုနှင့် ထိတွေ့မှုနည်းသော    ခန္ဓာကိုယ်ရှိ   အစိတ်အပိုင်းများဖြစ်ကြသည့် ပေါင်ခြံ၊ ချိုင်းကြားတို့ကို ရေချိုးခြင်းဖြင့် သန့်ရှင်းစင်ကြယ်စေသည်။

• ရေချိုးခြင်းဖြင့် မျက်စိ၊ နား၊ နှာခေါင်း ကျန်းမာရေးအတွက် တစ်ဖက်တစ်လမ်းမှ လွန်စွာ ကောင်းကျိုးပြုသည်။

• နွေရာသီတွင် ခံတွင်းပျက်ပြီး အစာစားလိုစိတ်မရှိသော သက်ကြီးရွယ်အိုများ ရေချိုးပြီးနောက် ထမင်းစားပါက  ခံတွင်းလိုက်ပြီး ထမင်းမြိန်စေသည်။

အပူဒဏ်ခံနိုင်အောင် ဆေးဖက်ဝင်ရေချိုးနည်း

အပူဒဏ်ခံနိုင်အောင် ဆေးဖက်ဝင်ရေ ချိုးနည်းအဆင့်ဆင့်ကို အောက်ပါအတိုင်း အကြံပြုလိုပါသည်။

• အရိပ်ထဲတွင် ရေချိုးပါ။ 

• ဦးစွာ ရေတစ်ဖန်ခွက်အပြည့်သောက်ပါ။

• ထို့နောက် ဦးနှောက်ထဲရှိ အပူထိန်း အာရုံကြောစနစ်များ ဖြစ်ကြသည့် ခြေထောက်အောက်ပိုင်း၊ လက်ဖျား နှင့် လက်မောင်းတို့ကို ကြိုတင်အသိပေးသည့်အနေဖြင့် ရေဆွတ်ပေးပါ။

- ထို့နောက် မျက်နှာသစ်ပါ။

• တစ်ဆက်တည်းမှာပင် လည်ကုပ်နှင့် လည်ပင်းတို့ကို ရေနှင့်ပက်ပေးပါ။

• ပြီးမှ ရေလောင်းချိုးပါ။

• ရေချိုးပြီးမှ သွားတိုက်ပါ။

• အလွန်အေးစိမ့်သောရေကို မချိုးရ။

• ဆပ်ပြာကိုလည်း ရှားစောင်းလက်ပပ် နှင့် မန်ကျည်းတို့ပါဝင်သော ဆပ်ပြာ ကိုသုံးပါ။

• ရေချိုးပြီးခါစဖြစ်သော်လည်း နွေရာသီတွင် ချွေးထွက်တတ်သည်။ ရေချိုးပြီးခါစ ပန်ကာလေမခံပါနှင့်။

• ရေချိုးပြီးနောက် ရေခြောက်အောင် သုတ်ပါ။

• နေ့စဉ်မှန်မှန် သနပ်ခါးရေကျဲလိမ်းပေးပါ။

(မှတ်ချက်)

ရေချိုးသောအခါ ရုတ်တရက် ရေလောင်းချိုးခြင်းမပြုပါနှင့်။ ယင်းနည်းက ကိုယ်အငွေ့အပြင်သို့ မထွက်တော့ဘဲ အပူငုပ်ပြီး ရောဂါရတတ်သည်။  ပူပြင်းသောရာသီတွင် ရေချိုးရန်ကြာမြင့်ချိန်သည် အနည်းဆုံး ခုနစ်မိနစ်မှ အများဆုံး ၁၁  မိနစ်ခန့်ဖြစ်သင့်သည်။ မြစ်၊ ချောင်းများတွင် ရေချိုးသူများသည် မြစ်၊ ချောင်းထဲသို့ ချက်ချင်းခုန်မချဘဲ ရေဖြင့် ကိုယ်လက်တို့ကိုပွတ်သပ်ပြီးမှ ရေထဲသို့ဆင်းပါ။ နေပူကျဲကျဲအချိန်၊ ဖျားနာနေချိန်၊ နေပူထဲက ပြန်ရောက်ခါစအချိန်၊ အလုပ်သိမ်းခါစ မောပန်းနွမ်းနယ်ချိန် သို့မဟုတ် အားကစားလုပ်ပြီးပြီးချင်း ချွေးထွက်များချိန်၊ ခရီးရောက်မဆိုက်အချိန်  စသည့်အချိန်များတွင် ရေချိုးပါက အဆုတ်နာရောဂါ၊ မျက်စိမှုန်ခြင်း၊ မျက်စိနာခြင်း၊ နားအူခြင်း၊ နားထဲမှလေထွက်ခြင်း၊ နားပင်းခြင်းနှင့် လေဖြတ်လေငန်းရောဂါများ ဖြစ်စေသည်။

အထူးသတိပြုရန်မှာ မည်သည့်ရာသီ ဥတုတွင်မဆို အလွန်အေးသောရေနှင့် အလွန်ပူနွေးသောရေကို မချိုးပါနှင့်။ ရေမချိုးမီ ရေတစ်ခွက်ကြိုတင်သောက်ထားသင့်ပြီး ရေလောင်းမချိုးမီ ဆီးအရင်သွား ထားရန်လိုအပ်သည်။ ရေမချိုးမီ ခြေဖဝါးကိုဆားပွတ်ခြင်းက အလွန်ကောင်းမွန်သော အလေ့အထ ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် အနာရောဂါကင်းဝေးပြီး သက်တမ်းစေ့နေထိုင်နိုင်စေရေးအတွက် ရေချိုးရာ တွင် စနစ်တကျဖြစ်စေရန် လိုအပ်သည်။ ရေချိုးမှားတတ်သူများ၊ အပူလေသင်တုန်းဖြစ်လွယ်သော သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များအတွက် ယခုနှစ်နွေရာသီတွင် အပူဒဏ် ခံနိုင်စေရန် ဆေးဖက်ဝင်ရေချိုးနည်းကို ဤဆောင်းပါးမှတစ်ဆင့် အကြံပြုရေး သားလိုက်ရပါသည်။ ဤနည်းက  ခန္ဓာ ကိုယ်တစ်ခုလုံးကို တဖြည်းဖြည်းအေးမြစေခြင်းမျိုးဖြင့် အပူမလျှပ်စေသော ရေချိုးနည်းဖြစ်ပါ ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။                 

ပေါက်ပေါက်