ရေဘူးနှင့်ဖိနပ်မပါလျှင်

 

ရေဘူးနှင့်ဖိနပ်မပါလျှင်

 

“ကိုအောင်ရေ---မိုးလေဝသနှင့် ဇလဗေဒဌာနက ကြေညာထားတဲ့ ဒီသတင်း မင်းဖတ်ပြီးပြီလား။ မဖတ်ရသေးရင် ငါဖတ်ပြမယ်။”

ကျွန်တော့်အိမ်သို့ ရွာမှကျွန်တော့်အစ်ကိုကြီး ရောက်ရှိနေခြင်းဖြစ်သည်။ အစ်ကိုကြီးက အသက် ၈၀ ပြည့်ပြီးပြီ။  သို့သော်လည်း မျက်မှန်မပါဘဲ သတင်းစာဖတ်နိုင်သည်။

“ဧပြီလအတွင်း အားအနည်းငယ်ရှိသော အယ်နီညို အခြေအနေသို့ရောက်ရှိနိုင်။”အစ်ကိုကြီး သတင်းခေါင်းစဉ် ဖတ်လိုက်ကတည်းက  သည်သတင်းကို ကျွန်တော်ဖတ်ပြီးဖြစ်သည်။ မဖတ်၍မရပါ။ ကျွန်တော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ဝန်ထမ်းများသည် ရာသီဥတုနဲ့ အလုပ်လုပ်ရသည်။ ရာသီဥတုအခြေအနေကို  မျက်ခြည်ပြတ်၍မရ။

သို့သော်လည်း အစ်ကိုကြီး အားရှိစေရန် “ဖတ်ပါဦး အစ်ကိုကြီးရ၊ ဘာတွေများရေးထားလို့လဲ”ဟု ကျွန်တော်မေးလိုက်ဖြစ်သည်။

“အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ် သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့်လေထုဖြစ်စဉ်များမှာ   အားအသင့်အတင့်မှ  အားအနည်းငယ်ရှိသော  အယ်နီညိုအခြေအနေတွင်ရှိနေသည်။ နိုင်ငံတကာ မိုးလေဝသဌာနများ၏   သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ် ဧပြီလ အတွင်း အားအနည်းငယ်ရှိသော အယ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။”

အစ်ကိုကြီးက သတင်းစာဖတ်ပြနေရာမှ ကျွန်တော့်ကိုလှမ်း၍ကြည့်သည်။ ကျွန်တော်က စိတ်ဝင်စားစွာ နားထောင်နေမိသည်။

“အယ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါအယ်နီညို ဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊   မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်။”

“သို့ဖြစ်ပါ၍ မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်နိုင်ကြပါရန် အသိပေးအပ်သည်။

အယ်နီညိုဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန် ပေးပို့သွားမည်ဖြစ်သည်” တဲ့။ ကဲ အဲဒီအယ်နီညိုနဲ့ ပတ်သက်ပြီး မင်းတို့ဝန်ကြီးဌာန ဘာတွေလုပ်ဖို့ အစီအစဉ်ရှိသလဲ။ ဘာတွေလုပ်ပြီးပြီလဲ။”

အစ်ကိုကြီးက သတင်းကိုဖတ်ပြအပြီး ကျွန်တော့်ကိုကြည့်၍ မေးလိုက်ခြင်းဖြစ်သည်။

“ဒီအယ်နီညိုနဲ့ပတ်သက်ပြီး ရာသီဥတုဖောက်ပြန်မယ်၊ မိုးခေါင်မယ်၊ ရေရှားမယ်ဆိုတာကို ကျွန်တော်တို့ ဝန်ကြီးဌာနက အစောကြီးကတည်းက  ကြိုတင် မျှော်မှန်းထားပါတယ်။”

“ကျွန်တော်တို့ဝန်ကြီးဌာနသာမက  ကျွန်တော်တို့ နိုင်ငံတော်အစိုးရကိုက ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက လာမယ့်နွေရာသီမှာ မိုးခေါင်ရေရှားနိုင်တယ်။

အဲဒီတော့   အညာဒေသမှာရှိတဲ့  ပြည်သူလူထု သောက်သုံးရေ ဖူလုံစွာရရှိဖို့နဲ့ လာမယ့်နှစ်စိုက်ပျိုးရာသီမှာ စိုက်ပျိုးရေရရှိဖို့ ကျွန်တော်တို့ဝန်ကြီးဌာနကို ကြိုပြီးစီမံ ခိုင်းထားပါတယ်။   ဒီ့အတွက်ကြောင့် ပြီးခဲ့တဲ့ သုံးလလောက်ကတည်းက  ကျွန်တော်တို့ဝန်ကြီးဌာနက ကြိုတင်ပြီး စီမံဆောင်ရွက်ထားပြီးသားပါ။”

“အေး ဒီလိုဆိုတော့ တို့အစိုးရက အတော်လေးကို အမြော်အမြင်ကြီးမားတာပဲ။ ကဲ ပြောစမ်းပါဦး။ အဲဒီကိစ္စကို မင်းတို့ဝန်ကြီးဌာနက ဘာတွေများ  စီမံဆောင်ရွက်ထားသလဲ။”

အစ်ကိုကြီးက ကျွန်တော်၏အဖြေစကားအပေါ် စိတ်ဝင်တစားမေးလာသည်။   သည်တော့လည်း ကျွန်တော်ဖြေရတာအားရှိသည်။

“ကျွန်တော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှာ ဦးစီးဌာန ကိုးခုနဲ့ တက္ကသိုလ်နှစ်ခုရှိပါတယ်။ တက္ကသိုလ်နှစ်ခုကတော့ အစ်ကိုကြီးသိတဲ့အတိုင်း  စိုက်ပျိုးရေးတက္ကသိုလ်နဲ့ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့ ဖြစ်ပါတယ်။ ဦးစီးဌာနတွေကတော့ စိုက်ပျိုးရေး ဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ မွေးမြူရေးသုတေသန ဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာန ပြီးတော့ ငါးလုပ်ငန်းဦးစီး ဌာနတွေပဲဖြစ်ပါတယ်။ ဒီနေရာမှာ သောက်သုံးရေနဲ့ စိုက်ပျိုးရေ ရရှိရေးကို   အဓိကတာဝန်ယူ လုပ်ဆောင်ပေးတာက ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဖြစ်ပါတယ်။"

“ကျွန်တော်တို့ဝန်ကြီးဌာန အနေနဲ့ ယခုနှစ် ၂၀၂၄ ခုနှစ်    နွေရာသီပူပြင်းခြောက်သွေ့တဲ့ ကာလမှာ သောက်သုံးရေနဲ့ စိုက်ပျိုးရေ လုံလောက်စွာ ရရှိရေးအတွက်  ပြည်နယ်နဲ့တိုင်းတွေမှာ  ကြိုတင်စီမံ ဆောင်ရွက်ထားပါတယ်။ ကချင်ပြည်နယ်မှာဆိုရင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ မြစ်ရေတင် လုပ်ငန်းသစ်တစ်ခုနဲ့ ရေတွင်း ၂၅ တွင်းကို စိုက်ပျိုးမြေဧက ၁၉၀  အတွက် စိုက်ပျိုးရေပေးဝေနိုင်ရေး ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် ဆည်မြောင်းအဆောက်အအုံ  ၂၀၊ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း  ၂၁  ခုလုပ်ဆောင်ပြီး စိုက်ပျိုးမြေဧက ၂၀၀၀၀ အတွက် စိုက်ပျိုးရေ ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။”

“အလားတူ ကရင်ပြည်နယ်အတွင်းမှာ သောက်သုံးရေတွင်း ငါးတွင်းတူးဖော်ပြီး လူဦးရေ  ၁၀၀၀ အတွက် သောက်သုံးရေရရှိအောင် ဆောင်ရွက်ပေးတဲ့အပြင် ဆည်မြောင်း အဆောက်အအုံ ၂၃ ခုကို ပြုပြင်ထိန်းသိမ်းခြင်းဖြင့် စိုက်ပျိုးမြေ  ၂၆၇၂  ဧကအတွက် ရေရရှိအောင် ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဒါ့အပြင် ချောင်းပိတ်မြောင်းပိတ် လုပ်ငန်း ၂၅  ခုဆောင်ရွက်ပေးခြင်းဖြင့် စိုက်ပျိုးမြေဧက ၆၉၈၀ ကို စိုက်ပျိုးရေ ရရှိစေခဲ့ပါတယ်။”

“ချင်းပြည်နယ်မှာတော့  ၂၀၂၃-၂၀၂၄   ခုနှစ်မှာ ဆည်မြောင်းအဆောက်အအုံ  ၄၁  ခုကို ပြုပြင်ထိန်းသိမ်းခြင်းဖြင့် စိုက်ပျိုးမြေ  ၁၇၅၈  ဧကအတွက် စိုက်ပျိုးရေပြည့်ဝစွာ ရရှိရေး   ဆောင်ရွက်ပေးခဲ့ပါတယ်။”

“စစ်ကိုင်းတိုင်း ဒေသကြီးမှာတော့  ၂၀၂၃-၂၀၂၄   ဘဏ္ဍာနှစ်မှာ  ရေတင်လုပ်ငန်းသစ် တစ်ခုကနေပြီး စိုက်ပျိုးမြေဧက ၁၈၀၀  ကို ရေရရှိစေတဲ့အပြင် ဆည်မြောင်း အဆောက်အအုံ  ၄၁ ခုကို ထိန်းသိမ်း ပြုပြင်ပေးခဲ့တဲ့အတွက် စိုက်ပျိုးမြေဧက ၉၂၀၀၀  နဲ့  လူဦးရေ ၃၄၀၀၀ အတွက်  စိုက်ပျိုးရေနဲ့ သောက်သုံးရေပြည့်ဝစွာ ရရှိစေခဲ့ပါတယ်။”

“ကျေးလက်တောရွာတွေမှာရှိတဲ့    ဆည်တွေ၊ ကန်တွေပြုပြင်ပေးမှုနဲ့ ပတ်သက်ပြီး ဟုမ္မလင်းမြို့နယ်၊ ကသာမြို့နယ်၊ ဝက်လက်မြို့နယ်၊ စစ်ကိုင်းမြို့နယ်နဲ့ ထီးချိုင့်မြို့နယ်တွေက ကျေးလက်ဆည်၊ ကန် ၁၄ ခုကို ပြုပြင်တည်ဆောက် ပေးခြင်းဖြင့် စိုက်ပျိုးမြေ ၅၆၈၃  ဧကအတွက် စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။”

“အေး နောက်ပြီးတော့ရော”

ကျွန်တော်က စကားအရှည်ကြီးပြောလိုက်ရ၍ ရေနွေးကြမ်းခွက် ငှဲ့သောက်နေချိန်တွင် အစ်ကိုကြီးက အားမလိုအားမရသံဖြင့်  ထပ်၍မေးလိုက်ခြင်းဖြစ်သည်။

“အစ်ကိုကြီးသိတဲ့အတိုင်း စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မှာ သဖန်းဆိပ် ရေလှောင်တမံကြီးရှိတယ်လေ။ အဲဒီကရေတွေကို ရွှေဘိုမှာရှိတဲ့ ကျုံးနဲ့ မဟာနန္ဒာကန်ကို ရေဖြည့်ပေးတဲ့အပြင် တူးမြောင်းတွေကတစ်ဆင့် မြို့နယ် ရှစ်မြို့နယ်က ရေကန်  ၉၉  ကန်ကို ရေဖြည့်ပေးခဲ့ပါတယ်။  ဒီလိုလုပ်တဲ့အခါ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့   ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားရေလှောင်တမံများရဲ့ ဆည်ရေသောက် ဧရိယာတွေမှာရှိတဲ့ ကျေးရွာရေကန်တွေကိုလည်း ရေဖြည့်ပေးခဲ့ပါတယ်။”

“စစ်ကိုင်းတိုင်းဒေသကြီးအပြင် မကွေးတိုင်းဒေသကြီးမှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ရေတင်လုပ်ငန်းသစ်နှစ်ခု အကောင်အထည်ဖော်ခဲ့ပြီး  စိုက်ပျိုးမြေ  ၉၆၄  ဧကကို စိုက်ပျိုးရေ တိုးချဲ့ပေးဝေနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆည်မြောင်း အဆောက်အအုံ   ၄၀၉  ခုကို ပြုပြင်ထိန်းသိမ်း ပေးတဲ့အတွက်  စိုက်ပျိုးမြေဧက ၂၃၉၀၀၀ ခန့်နဲ့ လူဦးရေ  ၂၉၅၀  ဦးအတွက် စိုက်ပျိုးရေနဲ့ သောက်သုံးရေပြည့်ဝစွာ ဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။ မကွေးတိုင်းဒေသကြီး အောင်လံခရိုင် ဆင်ပေါင်ဝဲမြို့နယ် ဝါးရှီးကျေးရွာအနီးက လင်ပန်းချောင်း ရေအောက်တမံကို  ၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ်မှာ တည်ဆောက်ပေးတဲ့ အတွက် တမံအထက်ပိုင်းမှာရှိတဲ့ သဲလွှာများအတွင်း ရေသိုလှောင်ထားရှိပြီး ကျေးရွာနှစ်ရွာအတွက် သောက်သုံးရေ ဖူလုံစေခဲ့ပါတယ်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ မကွေးတိုင်းဒေသကြီး အတွင်းရှိ    မြို့နယ်ငါးခုမှ မြေအောက်တမံစုစုပေါင်း ၁၆ ခု တည်ဆောက်ပေးနိုင်ခဲ့တဲ့ အတွက်   ကျေးရွာ ၃၇ ရွာအတွက် သောက်သုံးရေ ဖူလုံစေခဲ့ပါတယ်။ ၂၀၂၃-၂၀၂၄  ခုနှစ်အတွင်း   မကွေးတိုင်းဒေသကြီး အတွင်းရှိ  ကျေးလက်ဆည်၊   ကန်ကိုးခုပြုပြင်ခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့တဲ့အတွက်  စိုက်ပျိုးမြေ  ၁၈၈၈  ဧကနဲ့ လူဦးရေ ၄၀၇ ဦးအတွက် စိုက်ပျိုးရေနဲ့ သောက်သုံးရေ ဖူလုံစေခဲ့ပါတယ်။  ဒါ့အပြင် မကွေးတိုင်းဒေသကြီး အတွင်းရှိ ရေလှောင်တမံများ၏ ရေပေးမြောင်းများမှ ကျေးရွာ ၂၂ ရွာရှိ ရေကန် ၃၃ ကန်ကို ရေကူဖြည့်သွင်း ပေးတဲ့အတွက် စိုက်ပျိုးမြေ  ၆၂၅၅ ဧကနဲ့လူဦးရေ ၆၈၁၆ ဦးကို အကျိုးပြုစေတာဖြစ်ပါတယ်။”

“အေး ကဲ ဟုတ်ပါပြီ။ မင်းအခုပြောတာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးပဲ ရှိသေးတယ်။ ကျန်တဲ့ပြည်နယ်နဲ့ တိုင်းတွေရော ရေရရှိရေး လုပ်မပေးဘူးလား။”

“လုပ်ပေးတာပေါ့ အစ်ကိုကြီးရယ်။ ရေအကျိုး ၁၀  ပါးဆိုတာ မတောင်းဘဲနဲ့ပြည့်တဲ့ ဆုပဲကို။ မလုပ်ပေး ဘယ်ရှိပါ့မလဲ။ အထူးသဖြင့် မန္တလေးတိုင်းဒေသကြီး ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာနှစ်မှာ မန္တလေးတိုင်းဒေသကြီး အတွင်း ရေတင်လုပ်ငန်းသစ် တစ်ခုနဲ့ စက်ရေတွင်းငါးတွင်း တူးဖော်ပေးခြင်းကြောင့် စိုက်ပျိုးမြေ  ၁၀၃၂   ဧက နဲ့   လူဦးရေ ၂၀၀ အတွက်   စိုက်ပျိုးရေနဲ့ သောက်သုံးရေ တိုးချဲ့ပေးဝေနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆည်မြောင်း အဆောက်အအုံ  ၆၆၈ ခုကို ပြုပြင်ထိန်းသိမ်းခြင်း လုပ်ပေးတဲ့အတွက်  စိုက်ပျိုးမြေ ဧက ၄၃၃၀၀၀ ခန့်နဲ့ လူဦးရေ ၇၉၅၁ ဦးအတွက် စိုက်ပျိုးရေနဲ့ သောက်သုံးရေပြည့်ဝစွာ ပေးဝေနိုင်ခဲ့ပါတယ်။”

“မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်ရှိ   ကန်ကြီးကုန်းတောင်ရွာ၊  ကန်ကြီးကုန်းမြောက်ရွာနဲ့ နပ္ပလင်ရွာတွေမှာ သောက်သုံးရေ ပြတ်လပ်မှု ကာကွယ်ဖို့အတွက် ကန်ကြီးကုန်းချောင်း မြေအောက်တမံကို တည်ဆောက်ပေးလျက် ရှိပါတယ်။ အဲဒီတမံဟာ ရေဂါလန်  ၇၄ သန်းခန့် သိုလှောင်ထားနိုင်မှာဖြစ်ပြီး ကျေးရွာသုံးရွာမှာရှိတဲ့ အိမ်ထောင်စု   ၇၆၂  စု၊ လူဦးရေ  ၃၆၄၆ ဦးအတွက် သောက်သုံးရေဖူလုံစွာရရှိစေမှာ ဖြစ်ပါတယ်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ မန္တလေးတိုင်းဒေသကြီး အတွင်း ညောင်ဦးမြို့နယ်နဲ့  ကျောက်ပန်းတောင်း မြို့နယ်တွေမှာ မြေအောက်တမံလေးခု ဆောင်ရွက်ပြီးဖြစ်တဲ့အတွက် ကျေးရွာ ၂၂  ရွာရှိ အိမ်ထောင်စု ၂၆၈၈ စု၊ လူဦးရေ  ၁၀၆၅၀ ဦးအတွက် သောက်သုံးရေ ဖူလုံစေမှာဖြစ်ပါတယ်။”

“ဒါ့အပြင် ကျေးလက်ဆည်၊ ကန်များနဲ့ ပတ်သက်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ကျေးလက်ဆည်၊ ကန် ၁၄ ခုပြုပြင်ခဲ့တဲ့အတွက် ကျေးရွာ ၁၉ ရွာရှိ အိမ်ထောင်စု ၃၈၁၇ စုမှ လူဦးရေ ၂၀၀၈၈  ဦး အတွက် သောက်သုံးရေ ဖူလုံစေမှာဖြစ်ပါတယ်။ ကဲ ပြီးတော့ မိတ္ထီလာမြို့နယ် ရေဝေကျေးရွာအုပ်စု အင်ပင်ဝ ကျေးရွာအနီးမှာရှိတဲ့ အိုင်တိုချောင်းခေါ် တပျော်ချောင်းကိုပိတ်ပြီး  တပျော်ချောင်းလျှိုပိတ် တမံ တည်ဆောက်လျက်ရှိပါတယ်။ အဲ့ဒီတမံကလည်း အိမ်ထောင်စု ၃၀၀ မှာရှိတဲ့ လူဦးရေ ၁၂၀၀ အတွက် သောက်သုံးရေ လုံလောက်စွာရရှိမှာဖြစ်ပါတယ်။”

“ကျွန်တော်တို့   စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ ပဲခူးတိုင်းဒေသကြီးမှာ   ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ရေတင်လုပ်ငန်းသစ် ၁၃ ခု တိုးချဲ့ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးမြေ ၁၂၈၉ ဧကအတွက် စိုက်ပျိုးရေပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆည်မြောင်း အဆောက်အအုံ ၃၄၅ ခုကို ပြုပြင်ထိန်းသိမ်းပြီး  စိုက်ပျိုးမြေဧက ၂၀၀၀၀၀ ခန့်နဲ့ လူဦးရေ ၈၁၈ ဦးအတွက် စိုက်ပျိုးရေနဲ့ သောက်သုံးရေ ရရှိခဲ့ပါတယ်။  ရေရရှိစေတဲ့နည်းလမ်းတွေထဲမှာ ချောင်းပိတ်၊ မြောင်းပိတ်လုပ်ငန်းတွေကလည်း အရေးပါပါတယ်။ ပဲခူးတိုင်းဒေသကြီးအတွင်း ချောင်းပိတ်၊ မြောင်းပိတ်လုပ်ငန်း ၃၂ ခုဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးမြေ  ၃၄၂၂၆  ဧကအတွက် နွေရာသီမှာ စိုက်ပျိုးရေ ရရှိစေပြီး ရေငန်ဝင်ရောက်မှုကိုလည်း ကာကွယ်ပေးနိုင်ခဲ့ပါတယ်။”

“ဒါ့အပြင်  Quick Win အချိန်တိုအတွင်း အောင်မြင်မှုလုပ်ငန်းအနေနဲ့  ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် အောင်းကြီး ၂ ချောင်းဧရိယာ စိုက်ပျိုးရေရရှိရေး လုပ်ငန်းနဲ့ ဇီးဖြူဘုရားရိုးဧရိယာ စိုက်ပျိုးမြေ  ဧက ၃၅၀၀ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ခဲ့ပါတယ်။ ပြီးတော့ ပန်းတောင်းမြို့နယ် တောင်ဘွေကျေးရွာအုပ်စုရှိ အိမ်ထောင်စု ၂၄၇  စု၊ လူဦးရေ  ၈၁၈  ဦးအတွက် သောက်သုံးရေရှားပါး ပြတ်လပ်မှုမရှိစေရေး၊ ငါးမျက်နှာ(ရွာလေး) ကျေးရွာရှိ သောက်သုံးရေကန်ကို ပြန်လည်တူးဖော်ပြီး ရေသိုလှောင် ထားရှိပါတယ်။”

“ကျွန်တော်တို့ဝန်ကြီးဌာနက မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ဒေသကြီးတွေမှာလည်း စိုက်ပျိုးရေနဲ့ သောက်သုံးရေ ရရှိရေး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အထူးသဖြင့် မွန်ပြည်နယ်မှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ  ဆည်မြောင်းအဆောက်အအုံ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း  ၅၁  ခု ဆောင်ရွက်ပေးမှုကြောင့် စိုက်ပျိုးမြေဧက ၁၉၀၀၀ ခန့်နဲ့ လူဦးရေ  ၁၁၁၅၅ ဦးအတွက် စိုက်ပျိုးရေနဲ့ သောက်သုံးရေ ရရှိစေခဲ့ပါတယ်။ ဒါ့အပြင် နွေရာသီကာလ စိုက်ပျိုးရေ ရရှိဖို့အတွက် ချောင်းပိတ်၊ မြောင်းပိတ်လုပ်ငန်း ၅၂ ခု ဆောင်ရွက်ပေးခဲ့တဲ့အတွက် စိုက်ပျိုးမြေ ၇၀၄၂ ဧကအတွက် စိုက်ပျိုးရေ ရရှိခဲ့ပါတယ်။”

“ရခိုင်ပြည်နယ်မှာတော့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ  ဆည်မြောင်းအဆောက်အအုံ ၃၃ ခုပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း  ဆောင်ရွက်ခဲ့တဲ့ အတွက် စိုက်ပျိုးမြေဧက ၂၇၀၀  အတွက် စိုက်ပျိုးရေပြည့်ဝစွာ ရရှိစေတဲ့အပြင်  မြို့နယ်ခုနစ်ခုမှာ  လျှိုပိတ်တမံ ခြောက်ခုနဲ့သောက်သုံးရေကန် တစ်ကန်တူးဖော်ပေးခဲ့တဲ့ အတွက် လူဦးရေ ၂၈၆၄၁ ဦးအတွက် သောက်သုံးရေရရှိရေး ဆောင်ရွက်နိုင်ခဲ့ပါတယ်။”

“တနင်္သာရီတိုင်းဒေသကြီးမှာတော့ ၂၀၂၃-၂၀၂၄   ဘဏ္ဍာနှစ်မှာ ဆည်မြောင်း အဆောက်အအုံ ၂၀ ခုကို ပြုပြင်ထိန်းသိမ်းခဲ့တဲ့အတွက်  စိုက်ပျိုးမြေ ၂၂၄၇ ဧကနဲ့ လူဦးရေ ၇၀၀၀ အတွက်  စိုက်ပျိုးရေနဲ့ သောက်သုံးရေပြည့်ဝစွာ ပေးဝေနိုင်ရေး ဆောင်ရွက်ပေးခဲ့ပါတယ်။ အလားတူ ချောင်းပိတ်၊ မြောင်းပိတ်လုပ်ငန်း ၃၆ ခုကနေ စိုက်ပျိုးမြေ ၈၄၅ ဧကအတွက် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။”

“ရှမ်းပြည်နယ်မှာလည်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ စိုက်ပျိုးရေတွင်း  နှစ်တွင်းနဲ့ သောက်သုံးရေတွင်း ၁၀ တွင်း တူးဖော်ပေးခဲ့ပြီး စိုက်ပျိုးမြေဧက ၂၀ နဲ့ လူဦးရေ  ၂၀၀၀  ဦးအတွက် စိုက်ပျိုးရေနဲ့ သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးခဲ့ပါတယ်။ ပြည်နယ်အတွင်းမှာရှိတဲ့ ဆည်မြောင်း အဆောက်အအုံ   ၁၅၀ ကို ထိန်းသိမ်းပြုပြင်ခြင်း ဆောင်ရွက်ခဲ့တဲ့အတွက် စိုက်ပျိုးမြေဧက ၁၃၈၀၀၀ နဲ့ လူဦးရေ ၃၇၂၁၁ ဦးအတွက်  စိုက်ပျိုးရေနဲ့ သောက်သုံးရေပြည့်ဝစွာ ပေးဝေနိုင်ရေး  ဆောင်ရွက်ခဲ့ပါတယ်။   ဒါ့အပြင်  ချောင်းပိတ်၊ မြောင်းပိတ်လုပ်ငန်း  ၅၀  ခုကနေပြီး နွေရာသီကာလ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးလျက်ရှိပါတယ်။”

“ရေရရှိရေး ဆောင်ရွက်ပေးခဲ့တဲ့အပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီး ကလည်း ချန်လှပ်ထားလို့မရပါဘူး။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေတင်လုပ်ငန်းသစ်သုံးခုနဲ့  သောက်သုံးရေတွင်းခုနစ်တွင်း  အသစ်တူးဖော် ပေးခဲ့တဲ့အတွက် စိုက်ပျိုးရေနဲ့ သောက်သုံးရေ တိုးချဲ့ပေးနိုင်ခဲ့ပါတယ်။  ဒါ့အပြင်  ဆည်မြောင်းအဆောက်အအုံ ၂၅၁ ခု ထိန်းသိမ်းပြုပြင်ခဲ့တဲ့အတွက် စိုက်ပျိုးမြေဧက ၁၂၄၀၀၀ နဲ့ လူဦးရေ  ၁၅၁၄၀၀  ဦးအတွက် စိုက်ပျိုးရေနဲ့ သောက်သုံးရေ ပြည့်ဝစွာ ပေးဝေနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ချောင်းပိတ်၊ မြောင်းပိတ် လုပ်ငန်း ၆၈ ခုဆောင်ရွက်ခဲ့တဲ့အတွက် နွေရာသီမှာ စိုက်ပျိုးမြေ ၇၄၄၉၃ ဧကကို ရေရရှိရေး ဆောင်ရွက်ပေးနိုင်တဲ့အပြင် ရေငန်ဝင်ရောက်မှုကိုလည်း ကာကွယ် တားဆီးနိုင်ခဲ့ပါတယ်။”

“ဧရာဝတီတိုင်းဒေသကြီးဟာလည်း မြစ်ဝကျွန်းပေါ်ဖြစ်ပေမယ့်  စိုက်ပျိုးရေနဲ့ သောက်သုံးရေ ရရှိရေး ဆောင်ရွက်ပေးရတဲ့ ဒေသတွေထဲမှာ ပါဝင်ပါတယ်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ စိုက်ပျိုးရေတွင်း ၈၃ တွင်းနဲ့ သောက်သုံးရေတွင်း ၃၆ တွင်းတူးဖော်ပြီး စိုက်ပျိုးမြေ  ၄၁၅  ဧကနဲ့ လူဦးရေ  ၇၂၀၀  ဦးအတွက် စိုက်ပျိုးရေနဲ့ သောက်သုံးရေ တိုးချဲ့ပေးဝေနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ဆည်မြောင်း အဆောက်အအုံ ၉၅ ခုကို ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီး စိုက်ပျိုးမြေဧက ၂၃၉၀၀၀ နဲ့ စိုက်ပျိုးရေပြည့်ဝစွာ ပေးဝေနိုင်ရေး  ဆောင်ရွက်လျက်ရှိပါတယ်။  ဒါ့အပြင် ချောင်းပိတ်၊ မြောင်းပိတ်လုပ်ငန်း ၄၂ ခုဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးမြေ ၁၃၆၃၃ ဧကခန့်ကို နွေရာသီရေ ရရှိရေးနဲ့  ရေငန်ဝင်ရောက်မှု ကာကွယ်ရေး ဆောင်ရွက်ပေးလျက် ရှိပါတယ်။”

“ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင် ကြံခင်းမြို့နယ် ကွင်းကြီးရွာမှာ သောက်သုံးရေကန် တူးဖော်ပေးတဲ့အတွက် လူဦးရေ ၇၈၀ အတွက် သောက်သုံးရေ လုံလောက်စွာရရှိဖို့   ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါ့အပြင် ကန်ကြီးထောင့်မြို့နယ်၊ အင်္ဂပူမြို့နယ်၊ ဘိုကလေးမြို့နယ်တို့ရှိ ချောင်းများ၊ ရိုးများ၊ ရေနုတ်မြောင်း များပေါ်မှာ ရေတံခါး၊ ရေထိန်း၊ ရေမြှင့်အဆောက်အအုံ ခုနစ်ခု တည်ဆောက်ပေးပြီး စိုက်ပျိုးမြေ ၁၂၃၁ ဧကကို စိုက်ပျိုးရေ ရရှိရေး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အလားတူ မြို့နယ်ရှစ်မြို့နယ်မှာရှိတဲ့ ရေတံခါးဟောင်း ၂၄ ခုပြုပြင်ပေးခြင်းဖြင့် စိုက်ပျိုးမြေဧက ၁၃၃၉၀  ကို စိုက်ပျိုးရေ လုံလောက်စွာရရှိရေး ဆောင်ရွက်ပေးလျက်ရှိတဲ့အပြင် ဖျာပုံမြို့နယ် ကြက်ဖမွေးဇောင်းကျွန်း ပတ်တာအတွင်း ရေချိုရရှိရေးအတွက် မမိုးသူရေသွင်းတံခါး တည်ဆောက်ခြင်းနဲ့  ရေချိုသွင်းမြောင်း ၁၃ မြောင်းတူးဖော်ခြင်း လုပ်ငန်းများကိုဆောင်ရွက်တဲ့ အတွက်ကြောင့် နွေစပါးဧက ၃၀၀၀ နဲ့  နွေသီးနှံ ၃၈၅၄ ဧကအကျိုးပြု စိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။”

“အေးကွာ မင်းရှင်းပြရတဲ့ အလိုအရဆိုရင်တော့ မင်းတို့စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပြည်နယ်နဲ့တိုင်း အားလုံးလိုလိုမှာ စိုက်ပျိုးရေနဲ့ သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးနေတာပဲ။

အဲဒါနဲ့ နေပြည်တော်ကောင်စီနယ်မြေမှာရော ရေရရှိရေး ဆောင်ရွက်ပေးရသေးလား။”

အစ်ကိုကြီးက   ကျွန်တော့်စကားများအပေါ် သုံးသပ်ရင်း ကျန်ရှိမည်ဟု သူထင်နေသည့် နေပြည်တော်ကောင်စီနယ်မြေ အတွက်   မေးလာခြင်းဖြစ်သည်။

“ပေးရတာပေါ့ အစ်ကိုကြီးရယ်။ နေပြည်တော် ကောင်စီနယ်မြေမှာလည်း ကျွန်တော်တို့ပြည်သူတွေ၊ ဝန်ထမ်းတွေ၊ တိုင်းရင်းသားတွေ နေနေကြတာပဲလေ။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ နေပြည်တော်ကောင်စီ နယ်မြေအတွင်း    ရေတင်လုပ်ငန်းသစ်တစ်ခုနဲ့ စက်ရေတွင်း ၁၁ တွင်း  တူးဖော်ပေးခဲ့တဲ့ အတွက် စိုက်ပျိုးမြေ ၄၃၅ ဧကနဲ့လူဦးရေ ၂၀၀ ဦးအတွက် စိုက်ပျိုးရေနဲ့  သောက်သုံးရေ တိုးချဲ့ပေးဝေနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆည်မြောင်းအဆောက်အအုံ  ၁၇၆  ခုကို ထိန်းသိမ်းပြုပြင်ပေးနိုင်ခဲ့လို့ စိုက်ပျိုးမြေဧက ၃၄၀၀၀ ခန့်ကို စိုက်ပျိုးရေအပြည့်အဝ ပေးနိုင်ခဲ့ပါတယ်။ ချောင်းပိတ်၊ မြောင်းပိတ်လုပ်ငန်း  ၁၀  ခုဆောင်ရွက်ခြင်းသည်လည်း နွေရာသီကာလ စိုက်ပျိုးရေ ရရှိရေးအတွက် တစ်တပ်တစ်အား ဖြစ်ခဲ့ပါတယ်။”

“နေပြည်တော်ကောင်စီနယ်မြေကို  စတင်တည်ဆောက်ခဲ့တဲ့၊  နေရာရွေးချယ်ခဲ့တဲ့ နိုင်ငံတော်အကြီးအကဲများရဲ့ အမြော်အမြင်ကြီးမားမှုကိုလည်း ဒီနယ်မြေ နွေရာသီမှာ ရေရှားပါးမှု မဖြစ်ပေါ်စေတာဖြစ်ပါတယ်။

ငလိုက်ရေလှောင်တမံ၊ ချောင်းမကြီး ရေလှောင်တမံ၊ ချောင်းမငယ်ရေလှောင်တမံတို့မှ အဆင့်ဆင့် ဆင်အုံကန်ထဲကို ရေကူဖြည့်ပေးပြီး ဆင်အုံကန်က တစ်ဆင့် ရုံး၊ ဌာနဆိုင်ရာများနဲ့ ပုဂ္ဂလိကနေအိမ်များသို့ နေ့စဉ်ရေဂါလန်  ၁၁ ဒသမ ၅၅  သန်း ဖြန့်ဝေပေးလျက်ရှိပါတယ်။ ဒါ့အပြင် ရေဆင်းရေလှောင်တမံ၊ ကင်းသာရေလှောင်တမံနဲ့ တောက်ပြိုရေလှောင်တမံတို့မှလည်း မြို့ပြနဲ့စက်မှုလုပ်ငန်းသုံးရေ ထုတ်ယူသုံးစွဲနေတာဖြစ်ပါတယ်။   စိုက်ပျိုးရေနဲ့ ပတ်သက်ပြီးလည်း ဒီဆည်ရေလှောင်တမံတွေက ရေပေးမြောင်းများမှ တစ်ဆင့် ရေပေးဝေလျက်ရှိပြီး မုန်ရေထိန်းတံခါးမှလည်း နွေစပါးအတွက် စိုက်ပျိုးရေပေးဝေရင်း ရေပေးမြောင်းများမှ နောင်အိုးဘိုကန်သို့ သောက်သုံးရေပါ ဖြန့်ဝေပေးလျက် ရှိပါတယ်။”

“အေးပါကွာ မင်းတို့ဝန်ကြီးဌာနက နိုင်ငံတော်အကြီးအကဲရဲ့လမ်းညွှန်ချက်နဲ့ အခုလိုနွေရာသီမှာ ရေရှားပါးမှုမဖြစ်ပေါ်စေရေး ကြိုတင်တွက်ဆထားပြီး ဆောင်ရွက်ထားတာသိရတော့  အားရစရာပါကွာ။

အဲ့ဒါနဲ့ ဒီရေကိုရှာပေးတဲ့လူတွေက  ရှာပေးသလို သုံးစွဲတဲ့သူတွေဘက်ကလည်း  စနစ်တကျအလေအလွင့် မရှိအောင် သုံးစွဲတတ်ကြဖို့လိုတယ်ကွ။ ဒါနဲ့ပတ်သက်ပြီးရော  မင်းတို့ဝန်ကြီးဌာနက ဘာတွေလုပ်ပေးထားသေးလဲ။”

အစ်ကိုကြီးက မေးသင့်မေးထိုက်သည့် မေးခွန်းမေးလာခြင်းဖြစ်သည်။

“ရေကို   စနစ်တကျသုံးစွဲရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ ရေအသုံးချသူများအဖွဲ့  ၈၉၈၂  ဖွဲ့ကို တောင်သူဦးရေ ၂၂၈၇၉၉ နဲ့ ဖွဲ့စည်းထားခဲ့ပါတယ်။ အလားတူပဲ ရေအသုံးချသူများအသင်း ၁၀ သင်းကိုလည်း ဖွဲ့စည်းထားပါတယ်။ ဒီအဖွဲ့တွေက စိုက်ပျိုးရေ သုံးစွဲရာမှာ ရေလေလွင့်ဆုံးရှုံးမှု နည်းပါးစေဖို့၊ စနစ်တကျအသုံးပြုစေဖို့နဲ့ ရေစီမံခန့်ခွဲမှု လုပ်ငန်းတွေမှာ ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနနဲ့  ပူးပေါင်းပါဝင်ကြဖို့ပဲဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ခြင်းဖြင့်  ရေလေလွင့်ဆုံးရှုံးမှု နည်းပါးစေမှာဖြစ်ပါတယ်။”

ကျွန်တော်၏စကားကို အစ်ကိုကြီးက ခေါင်းညိတ်နားထောင်ကာ ပြုံးလိုက်ရင်း---

“မင်း ဟို တို့မြန်မာစကားလေးတစ်ခု မှတ်မိသေးလား”

“ဒါနနှင့်သီလ မပါရင်သေခါမှသိတဲ့။” ကဲပြီးတော့ရော---

“ရေဘူးနှင့်ဖိနပ်မပါရင် နွေခါမှသိပေါ့” အစ်ကိုကြီးရ။ ဒီလောက်တော့မှတ်မိပါသေးတယ်။

ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ပြောရယ် ရယ်မိလိုက်ပါသည်။  ။

မောင်အောင်