မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄) ကျင်းပရေး ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကျင်းပ

 

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄) ကျင်းပရေး ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကျင်းပ

 

နေပြည်တော်  ဧပြီ  ၅

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄)ကျင်းပရေး ပထမအကြိမ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခင်နှစ်က ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)မှ အတွေ့အကြုံကောင်းများ အပေါ် အခြေခံလျက် ယခုနှစ်တွင်လည်း ယခင်နှစ်ထက်ပိုမို အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ၊  ဆပ်ကော်မတီများ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)မှ ဆွေးနွေးချက်များကို အခြေခံ၍ ရေတိုရေရှည် လုပ်ငန်းစဉ်များအပေါ် ခြောက်လပတ်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံးသို့ တင်ပြခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါ ရေတိုရေရှည်လုပ်ငန်း အစီအမံများအပေါ် ၁၁ လအတွင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဆက်စပ်ဝန်ကြီးဌာနများသို့ တောင်းခံထားကြောင်း၊ ယမန်နှစ်ဆွေးနွေးပွဲ ရလဒ်မှ ပေါ်ထွက်လာသည့် ရေတိုရေရှည်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တွေ့ကြုံရသည့်စိန်ခေါ်မှုများ၊ အောင်မြင်မှုများ၊ ထပ်မံဆောင်ရွက်လိုသည့် အချက်များကို ထည့်သွင်း ဆွေးနွေးစေလိုကြောင်း၊ ထို့ပြင် ကျောင်းသားလူငယ်များ မိမိနိုင်ငံ၊   မိမိလူမျိုးတို့၏ ယဉ်ကျေးမှု ထိန်းသိမ်းရေး၊ မျိုးချစ်စိတ်ဓာတ်မြင့်မားရေး အတွက် ညီလာခံခေါင်းစဉ်တွင် အလေးပေး ထည့်သွင်းဆွေးနွေး စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်းတို့က မြန်မာ နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄) အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍  ဆွေးနွေးပြောကြား ကြသည်။

ထို့နောက်  တက်ရောက်လာသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေ၊ ဆက်လက် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေး အကြံပြုကြသည်။

ယင်းနောက် တက်ရောက်လာသူများက ညီလာခံဦးတည်ချက်နှင့် ဆွေးနွေးသင့်သည့် ခေါင်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။