ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ရမည့် အစီအမံများနှင့် ပတ်သက်သည့် ညှိနှိုင်း အစည်းအဝေးကျင်းပ

 

ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ရမည့် အစီအမံများနှင့် ပတ်သက်သည့် ညှိနှိုင်း အစည်းအဝေးကျင်းပ

 

နေပြည်တော်  ဧပြီ   ၅

    ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံ တိုးတက်ထုတ်လုပ်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ရမည့် အစီအမံများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီးများ ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် ဆီထွက်သီးနှံများကို ရာသီအလိုက် နယ်မြေဒေသအလိုက် တိုးတက်စိုက်ပျိုးနေသော်လည်း ပြည်တွင်းစားသုံးဆီ အတွက် ဆီဖူလုံမှု မရှိခြင်းကြောင့်    ပြည်ပမှတစ်နှစ်လျှင် စားအုန်းဆီ     တန်ချိန်ခြောက်သိန်းခန့် တင်သွင်းနေရသဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၌ ပြည်တွင်းစားသုံးမှုအတွက် ပြည်တွင်းထုတ်လုပ်မှုမှ လုံလောက်စေရန် ကြိုးပမ်းလျက်ရှိကြောင်း။

မိမိတို့ဝန်ကြီးဌာနအနေဖြင့်  ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှစ၍ မြေပဲ၊ နှမ်း၊ နေကြာ နှင့် ပန်းနှမ်း၊ ဆီမုန်ညင်း၊ ဆီထုတ်ပဲပုပ် စသည့် ဆီထွက်သီးနှံများအား  ရေမြေ၊ ရာသီဥတု အခြေအနေပေးသည့် ဒေသများတွင် အထူးဇုန်ခုနစ်ခု သတ်မှတ်ပြီး အထူးအရာရှိများ တာဝန်ပေးအပ်၍    တိုးမြှင့်စိုက်ပျိုးထုတ်လုပ် နေသကဲ့သို့ ပုံမှန်စိုက်ပျိုးလျက်ရှိသော ဒေသများတွင်လည်း ယခင်နှစ် ပျမ်းမျှအထွက်နှုန်းထက် မလျော့ကျစေရန် တိုက်တွန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း။

ထွက်ရှိလာသည့် ဆီထွက်သီးနှံများကို ဆီကြိတ်ခွဲမည့် ဇုန်သတ်မှတ်နိုင်ရေး၊ ကြိတ်ခွဲ မည့်ပမာဏလျာထားမှုများ အပါအဝင် ပံ့ပိုးလုပ်ဆောင်နိုင်ရန်၊   ဆီထွက်သီးနှံများ လုံးဆန်အဖြစ် Export ဆောင်ရွက်မှု၊ စက်မှုကုန်ထုတ်လုပ်ငန်းသုံးရန်     စားအုန်းဆီ လိုအပ်ချက်အရ    ပြည်တွင်းထုတ်လုပ်မှု ပမာဏအပေါ်မူတည်၍ အမှန်တင်သွင်းရမည့် ပမာဏ၊ ရောနှောဆီအတွက် တင်သွင်းရန် စားအုန်းဆီပမာဏ၊ ပြည်တွင်းဆီကြိတ်ခွဲနိုင်ရန် လုံလောက်သည့် ပမာဏကို ဆီစက်များသို့မရောက်မီ ပြည်ပတင်ပို့ခွင့်နှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် ကိစ္စများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက   ဝိုင်းဝန်းဆွေးနွေး ပေးကြရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။ 

ဆက်လက်၍     စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ် မတ်လအထိ မှတ်ပုံတင်ထားသော ဆီစက်များနှင့်  ဆီစက်များ၏   လည်ပတ်ထုတ်လုပ်နိုင်မှု အခြေအနေ၊ ပြည်တွင်းဆီစက်များတွင် အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ ခေတ်မီဆီစက် အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လက်ရှိဆီစက်များ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ရန်အတွက်   ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့မှု၊ နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ၌ ချေးငွေရယူထားသူများ အနေဖြင့် သီးခြားအာမခံတင်သွင်းနိုင်ပါက ဆီစက်ချေးငွေ လျှောက်ထားနိုင်မှု ပြည်တွင်းရှိ ဆီစက်များ၏ အရည်အသွေးမီစွာ ထုတ်လုပ်နိုင်ရေး   မြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် အရောင်၊ အနံ့နှင့် အရသာပြည့်စုံသည့် စားသုံးဆီများ ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်နေမှုများကို ရှင်းလင်း ဆွေးနွေးသည်။

ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်က ဆီထွက်သီးနှံ တင်ပို့ရောင်းချမှု ၊ စားအုန်းဆီ တင်သွင်းမှုနှင့် တင်သွင်းတင်ပို့မှု ကြီးကြပ်ဆောင်ရွက်နေမှုများကို  ရှင်းလင်းတင်ပြသည်။

ဆက်လက်၍     စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံများကို အထူးဇုန်ဧရိယာများ သတ်မှတ်ဆောင်ရွက်ခြင်းဖြင့်  သီးနှံအလိုက် ထွက်ရှိနိုင်မှုနှင့် စားသုံးဆီဖူလုံနိုင်မည့် အခြေအနေ၊ ပြည်တွင်း ဆီထွက်သီးနှံများမှ ထုတ်လုပ်သည့် ဆီဖြင့် ပြည်တွင်းစားသုံးဆီ ဖူလုံမှုရရှိစေရေး ဆောင်ရွက်ရန် လိုအပ်မည့် လုပ်ငန်းများကို ရှင်းလင်း တင်ပြသည်။

အစည်းအဝေးတွင်  ဦးစီးဌာနအလိုက် တာဝန်ရှိသူများက ဆီထွက်သီးနှံများအထွက် နှုန်းတိုးတက်ရေး၊ ပြည်ပလုံးဆန်တင်ပို့မှု၊ စားအုန်းဆီလိုအပ်ချက်နှင့် တင်သွင်းမှုလျှော့ချ ရေး၊ ဆီစက်များ အပြည့်အဝ လည်ပတ်ရေးအတွက် ကုန်ကြမ်းရရှိရေးနှင့် စားအုန်းဆီ အရည်အသွေးပြည့်မီရေးအတွက် ကြီးကြပ်ဆောင်ရွက်ရေး၊  ဆီစက် လုပ်ငန်းရှင်များ၊ ထုတ်လုပ်သူ  တောင်သူလယ်သမားများ ပူးပေါင်းဆောင်ရွက်သည့်   အကျိုးတူ ကန်ထရိုက် လယ်ယာစနစ် ဖြစ်ပေါ်ရေးဆိုင်ရာ ကိစ္စရပ်များကို    တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးများက လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြကြောင်း သိရသည်။