ရွှေ့ပြောင်းလုပ်သားများ ပြည်ပတွင် အဆင်ပြေချောမွေ့စွာ အလုပ်အကိုင်ရရှိရေး ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၄) ကျင်းပ

 

ရွှေ့ပြောင်းလုပ်သားများ ပြည်ပတွင် အဆင်ပြေချောမွေ့စွာ အလုပ်အကိုင်ရရှိရေး ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၄) ကျင်းပ

 

နေပြည်တော်    ဧပြီ    ၅

    ပြည်ပတွင်  အလုပ်လုပ်ကိုင်မှုဆိုင်ရာ ကြီးကြပ်ရေးကော်မတီ အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့ နံနက်ပိုင်းတွင် အလုပ်သမား ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ အလုပ် သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ အတွင်းရေးမှူး အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊  ဝန်ကြီးဌာနမှ  တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးနှင့် အလုပ်သမား သံအရာရှိရုံးမှ အလုပ်သမားသံမှူးတို့က Online မှ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု  ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ထိုင်း နိုင်ငံရှိ မြန်မာအလုပ်သမားများကို မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificates of Identity -CI)) ထုတ်ပေးရေးစခန်း ငါးခုနှင့် Mobile Unit သုံးခုကို ဖေဖော်ဝါရီလ ၂၃ ရက်မှစ၍ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရာ ဧပြီလ  ၄  ရက်အထိ ၁၆၀၉၀၃ ဦး ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ CI စခန်းများတွင် ဝင်ငွေခွန်ကောက်ခံခြင်း လုပ်ငန်းစဉ်နှင့် e-ID အချက်အလက်ကောက်ယူသည့် လုပ်ငန်းစဉ်များကိုပါ တွဲဖက်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများကို CI ထုတ်ပေးခြင်းအားဖြင့် အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံအတွင်း နယ်ကျော်သွားလာခွင့်၊ ရွှေ့ပြောင်းအလုပ် သမားများ၏ သတ်မှတ်ထားသော လုပ်ခ လစာ၊ ဥပဒေပါအကျိုးခံစားခွင့်၊ အလုပ်လုပ်ကိုင်ခွင့်၊ နေထိုင်ခွင့်၊ ထိုင်းဘဏ်များ၌ ငွေစာရင်းဖွင့်လှစ်ခွင့် ရရှိ၍ မြန်မာနိုင်ငံသို့ တရားဝင် လမ်းကြောင်းမှတစ်ဆင့် မိသားစုလွှဲပို့ငွေများ ပြန်လည်လွှဲပြောင်းရေး ဆောင်ရွက်နိုင်ခွင့်၊ ထိုင်းနိုင်ငံအတွင်း ခရီးသွားလာခွင့်နှင့် လေယာဉ်စီးနင်းခွင့်၊ မြန်မာနိုင်ငံသို့ လေကြောင်းမှတစ်ဆင့် ပြန်လည်ဝင်ရောက်ခွင့် အစရှိသည့် အကျိုးခံစားခွင့်များ ရရှိနိုင်မည်ဖြစ်ပါကြောင်း။ 

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် MoU သက်တမ်း လေးနှစ်ပြည့်မြောက် ပြီးသည့် အလုပ်သမားများကို ထိုင်းနိုင်ငံသို့ MoU U-turn စနစ်ဖြင့် နေ့ချင်းပြီး ပြန်လည် ဝင်ရောက် လုပ်ကိုင်နိုင်ရေးအတွက် အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခြင်း၊ OWIC  ရိုက်နှိပ်ခြင်းများကို One Stop Service ဖြင့် ဆောင်ရွက်ပေးသည့် MoU U-turn စခန်းများကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်တွင် မြဝတီမြို့နှင့်ကော့သောင်းမြို့တို့၌ စတင်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် ပြည်ပနိုင်ငံတွင် မိမိရရှိမည့် လုပ်ခလစာ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်များထံသို့ တရားဝင် ဘဏ်စနစ်ဖြင့်ဖြစ်စေ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသည့် Remittance Business License (RBL) ရရှိသူများဖြင့်ဖြစ်စေ၊ ဘဏ်စနစ်ဖြင့် ချိတ်ဆက်ထားသော နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများဖြင့် ဖြစ်စေ တစ်လလျှင် တစ်ကြိမ် လုပ်ခလစာ ၏ ၂၅ ရာခိုင်နှုန်း သို့မဟုတ် အများဆုံး သုံးလလျှင် တစ်ကြိမ် သုံးလစာ စုစုပေါင်း၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်များထံသို့ လွှဲပြောင်းပေးပို့ရန် ကြီးကြပ်အသိပညာပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီများမှ ပြည်ပနိုင်ငံများသို့ အလုပ်သမား စေလွှတ်ရေး  လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အလုပ်ခေါ်စာ တင်ပြခြင်း၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခွင့် တင်ပြခြင်းနှင့်  စေလွှတ်ခွင့် တင်ပြခြင်းများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ လ ၁ ရက်မှစတင်၍ Online  စနစ်ဖြင့် စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်တွင်ကျင်းပမည့်   (၁၆)ကြိမ်မြောက် ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK)တွင် မြန်မာအမျိုးသမီးများကို ဝင်ရောက်ဖြေဆိုစေလျက် EPS စနစ်ဖြင့် စေလွှတ်မည့် ဝန်ဆောင်မှုလုပ်ငန်းများသို့ သွားရောက်လုပ်ကိုင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ပတွင်အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက်  လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်သည့် အလုပ်သမားများ၏ အခန်းကဏ္ဍကို စနစ်တကျအကျိုးရှိစွာ အသုံးချနိုင်ရေး ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ပြည်ပအလုပ်အကိုင် ရှာဖွေသူများ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေပြီး ပြည်ပသို့တရားဝင် သွားရောက်လုပ်ကိုင် နိုင်စေရေးနှင့် ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် ပြည်ပတွင်အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ၏ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပြည်ပအလုပ်အကိုင် အခွင့်အလမ်း ဖန်တီးဖော်ဆောင်ပေးနေမှု အခြေအနေများကို   အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေး ကော်မတီ၏ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများကို အသေးစိတ်ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ တွဲဖက်အတွင်း ရေးမှူး၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ထိုင်းနိုင်ငံသို့ MoU U-turn စနစ်ဖြင့် အလုပ်သမားများ စေလွှတ်နိုင်ရေး ဆောင်ရွက် မည့်အစီအစဉ်   အသေးစိတ်နှင့် အလုပ်သမားများအတွက် ထိုင်းနိုင်ငံက ထုတ် ပေးထားသည့် ပန်းရောင်ကတ်မှ CI  ပြောင်းလဲထုတ်ပေး ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ CI စခန်းများဖွင့်လှစ်နိုင်ရေး လုပ်ငန်းစဉ်များ၊ MOU U-turn Update အခြေအနေများ၊ လေကြောင်းလိုင်းမှတစ်ဆင့် MoUစနစ်ဖြင့်   အလုပ်သမား စေလွှတ်နိုင်ရေး ကိစ္စရပ်များ၊ MoUလုပ်ငန်းစဉ်များ၊ ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေ (မူကြမ်း)  ရေးဆွဲဆောင်ရွက်နေမှု အခြေအနေများ၊  ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ မိသားစုလွှဲပို့ငွေများကို တရားဝင်ဘဏ်စနစ်များမှ တစ်ဆင့် ပြန်လည်လွှဲပို့ပေးနိုင်ရေး အတွက် နိုင်ငံအားလုံးခြုံမိသည့်  ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီနှင့် အလုပ်သမားအကြား ချုပ်ဆိုမည့်စာချုပ်(မူကြမ်း) ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီဝင်များ၊ Online မှ တက်ရောက်ကြသည့် အလုပ်သမား သံအရာရှိရုံးမှ အလုပ်သမားသံမှူးတို့၏ ရှင်းလင်းဆွေးနွေးမှုများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။