နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းစနစ်နှင့် အုပ်ချုပ်မှုပုံစံများ ပြောင်းလဲမှုအပေါ် ဆန်းစစ်ခြင်း စာတမ်းဖတ်ပွဲကျင်းပ

 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းစနစ်နှင့်  အုပ်ချုပ်မှုပုံစံများ ပြောင်းလဲမှုအပေါ် ဆန်းစစ်ခြင်း စာတမ်းဖတ်ပွဲကျင်းပ

 

ရန်ကုန်  ဧပြီ  ၅

    ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ  နိုင်ငံ့ဝန်ထမ်းစနစ်နှင့် အုပ်ချုပ်မှုပုံစံများ ပြောင်းလဲမှုအပေါ် ဆန်းစစ်ခြင်း အခမ်းအနားကို ယနေ့တွင် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်) ကေတုမတီ ခန်းမ၌ကျင်းပသည်။ 

အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ အမြဲတမ်းအတွင်းဝန်နှင့် ဥက္ကဋ္ဌရုံးအဖွဲ့/ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများနှင့် ပညာဌာနများမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

ဦးစွာ  ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌက နိုင်ငံတစ်ခု တည်ငြိမ်ဖွံ့ဖြိုး တိုးတက်ရန် ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံ့ဝန်ထမ်းစနစ်နှင့် အုပ်ချုပ်မှုပုံစံသည် အဓိကကျသော အခန်းကဏ္ဍတွင် ရှိနေပါကြောင်း၊ ကမ္ဘာ့သမိုင်းကို ပြန်ကြည့်မည်ဆိုပါက  အသက်၊ သွေး၊ ချွေးတို့ဖြင့်   တည်ဆောက်ခဲ့သော အင်ပါယာကြီးများသည်ပင်   အားကောင်းသည့် ဝန်ထမ်းစနစ်နှင့် စနစ်ကျသော အုပ်ချုပ်မှုပုံစံ မရှိခဲ့သည့်အတွက်  တဖြည်းဖြည်း အင်အားချည့်နဲ့ ပျောက်ကွယ်သွားသည်ကို လေ့လာတွေ့ရှိနိုင်မည် ဖြစ်ကြောင်း၊ မြန်မာ့သမိုင်း ဖြစ်စဉ်များတွင်လည်း  ပဒေသရာဇ်ခေတ်ဦး၊ ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ် လွတ်လပ်ရေးရပြီး  ခေတ်ဦး၊ စနစ်ပြောင်းကာလ ဖြစ်စဉ်များတွင်  “တည်ငြိမ်ဖွံ့ဖြိုးသော ကာလ”၊   “တည်ငြိမ်မှုကျဆင်းပြီး တိုးတက်မှု ကျဆင်းသောကာလ”၊ “ကသောင်းကနင်းဖြစ်သော ကာလ”၊ “ပြန်လည်တည် ဆောက်ရသောကာလ”ဟူ၍ Vicious Cycle လည်ပတ်နေရမှုကြောင့် ခေတ်ပြိုင်နိုင်ငံများနှင့်အတူ ရှေ့သို့တက်လှမ်းနိုင်မှု နှေးကွေးခဲ့ကြောင်း။ 

ကိုလိုနီကျွန်ပြုခံရခြင်း၊ တိုင်းရင်းသား လူမျိုးစုကွဲပြားမှု၊ ပြည်ပသြဇာ သက်ရောက်မှုနှင့်  ပထဝီဝင်နိုင်ငံရေး အခြေအနေအရ မတူညီမှုများကြောင့်လည်း တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးကို  နှေးကွေးခဲ့ရပါကြောင်း၊ အားကောင်းသော  နိုင်ငံ့ဝန်ထမ်းစနစ်နှင့် အုပ်ချုပ်မှုပုံစံများသည်     နိုင်ငံတော် တည်ငြိမ်ဖွံ့ဖြိုး တိုးတက်မှုကို သြဇာသက်ရောက်မှု ရှိသည့်အတွက်   သမိုင်းခေတ် အဆက်ဆက်ပြောင်းလဲလာသော ဝန်ထမ်းစနစ်နှင့် အုပ်ချုပ်မှုပုံစံများကို   ဆန်းစစ်လေ့လာသုံးသပ်ပြီး   သင်ခန်းစာဖော်ထုတ်ကာ အနာဂတ်အတွက် အယူအဆတစ်ခု၊ အဆိုတစ်ခု အနုမာနပြုမှုတစ်ခု ဖော်ထုတ် အသုံးချနိုင်ရန် ရည်ရွယ်၍  ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။  

ဆက်လက်၍ “မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းစနစ်နှင့် အုပ်ချုပ်မှုပုံစံများ ပြောင်းလဲမှုအပေါ်ဆန်းစစ်ခြင်း”  ခေါင်းစဉ်အပေါ် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ဥပဒေပညာဌာန  ပါမောက္ခ(ပညာဌာနမှူး) ဒေါက်တာပွင့်ဖြူသန့်၊    နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ဥပဒေပညာဌာန   ပါမောက္ခ(ပညာဌာနမှူး) ဒေါ်ဝါဝါလွင်၊ တွဲဖက်ပါမောက္ခ ဒေါ်သီတာစိုးတို့က   ဥပဒေရှုထောင့်မှ လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ နိုင်ငံရေး သိပ္ပံပညာဌာနမှ ပါမောက္ခ (ပညာဌာနမှူး) ဒေါ်ဝင်းစန္ဒာဦးနှင့်  နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)မှ ပါမောက္ခ (ခေတ္တပညာဌာနမှူး) ဦးတင်စိုး တို့က နိုင်ငံရေးရှုထောင့်မှလည်းကောင်း ဆွေးနွေးကြသည်။ ဆွေးနွေးချက်များအပေါ် တက်ရောက်လာသူများက   ဖြည့်စွက်ဆွေးနွေးခြင်း၊   မေးမြန်းခြင်းများ ပြုလုပ်ပြီးနောက်   အထွေထွေဆွေးနွေး သုံးသပ် ဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။