လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံတွင် ကျင်းပသည့် (၁၁) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး၊ (၂၈)ကြိမ်မြောက် အာဆီယံဘဏ္ဍာရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး

 

လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံတွင် ကျင်းပသည့် (၁၁) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး၊ (၂၈)ကြိမ်မြောက် အာဆီယံဘဏ္ဍာရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်

 

နေပြည်တော်  ဧပြီ  ၅

    (၁၁)ကြိမ်မြောက် အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး၊ (၂၈) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ လွမ်ပရာဘမ်မြို့တွင် ဧပြီလ ၃ ရက်မှ ၅ ရက်အထိကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဧပြီလ ၃ ရက် မွန်းလွဲပိုင်းတွင် ကျင်းပသည့် အရှေ့တောင်အာရှဒေသ အတွင်း ရာသီဥတုဖောက်ပြန်မှုနှင့် စပ်လျဉ်းသည့် ဘဏ္ဍာငွေပံ့ပိုးမှုကို တိုးချဲ့ဆောင်ရွက်ရေး မူဝါဒဆိုင်ရာ  အဆင့်မြင့်ဆွေးနွေးပွဲသို့ အာဆီယံဘဏ္ဍာရေး ဝန်ကြီးများ၊ အာဆီယံအဆင့်မြင့် ဘဏ္ဍာရေးအရာရှိများ၊ အာဆီယံစီးပွားရေးအကြံပေး ကောင်စီအဖွဲ့ဝင်များ၊ အာဆီယံဒုတိယ အတွင်းရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်သည်။

ဆွေးနွေးပွဲတွင်  အာဆီယံဒေသတွင်း ရာသီဥတုဖောက်ပြန်မှု၏ အကျိုးသက်ရောက် မှုများနှင့် ပျက်စီး ဆုံးရှုံးမှုများကို ပြန်လည်ထူထောင် ပေးနိုင်ရေးအတွက် လိုအပ်သည့် ဘဏ္ဍာငွေ ပံ့ပိုးကူညီပေးနိုင်မည့် နည်းလမ်းများ၊ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး ညနေပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် လာအိုဗဟိုဘဏ်ဥက္ကဋ္ဌက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ အာဆီယံဘဏ္ဍာရေး ဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် အတူ တက်ရောက်ခဲ့သည်။

ဧပြီလ ၄ ရက် နံနက်ပိုင်းတွင် အာဆီယံ - အီးယူစီးပွားရေး ကောင်စီ၊  အာဆီယံ-အမေရိကန်စီးပွားရေး ကောင်စီနှင့် အာဆီယံ စီးပွားရေးအကြံပေး ကောင်စီ အစည်းအဝေး

များကိုသီးခြားစီ ကျင်းပရာ အာဆီယံဘဏ္ဍာရေး ဝန်ကြီးများနှင့် အာဆီယံဒုတိယအတွင်း

ရေးမှူးချုပ်တို့က  အာဆီယံဒေသတွင်း ဆောင်ရွက်နေသော ပေါင်းစည်းထားသည့် အာဆီယံအသိုက်အဝန်း တစ်ခုဖြစ်ပေါ်လာရေးကို ပံ့ပိုးဆောင်ရွက်ရာတွင် အာဆီယံဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှု၊ ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေးပေါင်းစည်း ဆောင်ရွက်မှုနှင့် အာဆီယံစီးပွားရေး အသိုက်အဝန်းလမ်းပြမြေပုံ ၂၀၂၅ (ASEAN Economic Community Blueprint 2025) အကောင်အထည်ဖော်မှုတို့နှင့် စပ်လျဉ်းပြီး ရည်မှန်းထားသည့် ရလဒ်များ ရရှိရေးဆိုင်ရာ အစီအစဉ်များ၊ တိုးချဲ့ဆောင်ရွက်ရေး ကိစ္စရပ်များ၊ ၂၀၂၅ ခုနှစ်အတွက် ဘဏ္ဍာရေးကဏ္ဍ ပေါင်းစည်းမှုအတွက်  ဆောင်ရွက်မည့် Strategic Action Plan ဆိုင်ရာ ကိစ္စရပ်များနှင့် အာဆီယံဒေသတစ်ခုလုံးနှင့် သက်ဆိုင်သည့် ဘဏ္ဍာရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေး ကြသည်။

 မွန်းလွဲပိုင်းတွင် အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများ   သီးသန့်ဆွေးနွေးပွဲ ကျင်းပခဲ့ရာ  ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့်     နိုင်ငံ၏ စီးပွားရေး ထိခိုက်ခဲ့ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အနည်းငယ် ပြန်လည်တိုးတက် ကောင်းမွန်လာကြောင်း၊ အစိုးရအနေဖြင့် စီးပွားရေး ဦးတည်ချက်များချမှတ်၍ SME  လုပ်ငန်းနှင့်  စိုက်ပျိုးရေးကဏ္ဍ တိုးတက်အောင် အဓိကထား ဆောင်ရွက်နေကြောင်းနှင့် အာဆီယံ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်မှု အခြေအနေများကို ပါဝင်ဆွေးနွေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော   မြန်မာကိုယ်စားလှယ်အဖွဲ့သည်  လာအိုဘဏ္ဍာရေးဝန်ကြီးက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ အာဆီယံဘဏ္ဍာရေး ဝန်ကြီးများ၊ ဗဟိုဘဏ် ဥက္ကဋ္ဌများနှင့်အတူ တက်ရောက်

ခဲ့ကြောင်းနှင့်    ယင်းနေ့နံနက်ပိုင်းတွင် အာဆီယံအပေါင်းသုံး ဘဏ္ဍာရေးနှင့်  ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေးကိုလည်း သီးခြား ကျင်းပခဲ့ကြောင်း   သိရသည်။

ဧပြီလ ၅ ရက် နံနက်ပိုင်းတွင် (၂၈) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပရာ အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများနှင့် အာဆီယံဒုတိယ အတွင်းရေးမှူးချုပ်တို့က အာဆီယံဒေသတွင်း ဘဏ္ဍာရေးကဏ္ဍ ပေါင်းစည်းမှုအတွက် ဆောင်ရွက်မည့်  Strategic Action Plan ဆိုင်ရာကိစ္စရပ်များ၊    အာဆီယံဒုတိယ ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးက သက်ဆိုင်ရာလုပ်ငန်း ကော်မတီများ အလိုက်တင်ပြလာကြသော    ကိစ္စရပ်များကို ဘဏ္ဍာရေးဝန်ကြီးများက ညှိနှိုင်းဆွေးနွေးကြပြီး   ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရေးဆွဲ အတည်ပြုကြသည်။

မွန်းလွဲပိုင်းတွင်  (၁၁) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကိုကျင်းပရာ အာဆီယံဘဏ္ဍာရေး ဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့က အာဆီယံဒေသတွင်း ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေးပူးပေါင်း ဆောင်ရွက်မှုများ နှင့်သက်ဆိုင်သည့်  အာဆီယံစီးပွားရေး အသိုက်အဝန်းစောင့်ကြည့် လေ့လာရေးနှင့် အကဲဖြတ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ အေအီးစီလမ်းပြမြေပုံ ၂၀၂၅ အကောင်အထည်ဖော်မှု၊ အာဆီယံအသိုက်အဝန်းဆိုင်ရာ မျှော်မှန်းချက် ၂၀၄၅ (ASEAN Community Vision 2045) နှင့် အာဆီယံ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး ပေါင်းစည်းမှု စောင့်ကြည့်လေ့လာ အစီရင်ခံစာ၊ ASEAN Treasury Forum  ထူထောင်ရေး ညှိနှိုင်းဆွေးနွေးမှုများ၏ တိုးတက်မှုအခြေအနေ၊ အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယ အကြီးအကဲများ အစည်းအဝေးမှ သက်ဆိုင်ရာ   လုပ်ငန်းကော်မတီများ အလိုက်တင်ပြလာကြသော ကိစ္စရပ်များနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြပြီး (၁၁)ကြိမ်မြောက် အာဆီယံဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး ပူးတွဲကြေညာချက်ကို အပြီးသတ်ဆွေးနွေး အတည်ပြုခဲ့ကြသည်။

အာဆီယံဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကို နှစ်စဉ် ဧပြီလတွင်ကျင်းပရာ ယခုနှစ်တွင် လာအိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း ဖြစ်ပြီး လာမည့်နှစ်တွင် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ကြောင်း သိရသည်။

(၂၈) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အတူ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကို လည်း ပါဝင်တက်ရောက်ခဲ့ပြီး အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ဧပြီလ ၂ ရက်တွင် ကျင်းပသည့် အာဆီယံဘဏ္ဍာရေး ဒုတိယဝန်ကြီးများ အစည်းအဝေးနှင့်  အာဆီယံဘဏ္ဍာရေးနှင့်   ဗဟိုဘဏ်ဒုတိယ အကြီးအကဲများ အစည်းအဝေးများသို့ ပါဝင်တက်ရောက်ခဲ့ကြောင်း    သတင်းရရှိသည်။