ရမည်းသင်းမြို့နယ်အတွင်း ဝါစက်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဝါသီးနှံစိုက်ပျိုးရေး လုပ်ငန်းများ ပိုမိုအောင်မြင်ရေး ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ကွင်းဆင်းစစ်ဆေး

 

ရမည်းသင်းမြို့နယ်အတွင်း ဝါစက်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဝါသီးနှံစိုက်ပျိုးရေး လုပ်ငန်းများ  ပိုမိုအောင်မြင်ရေး ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ကွင်းဆင်းစစ်ဆေး

 

နေပြည်တော်  ဧပြီ   ၅

    သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊  တာဝန်ရှိသူများနှင့်အတူ  ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး  ရမည်းသင်းမြို့နယ်အတွင်း ဝါစက်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဝါသီးနှံစိုက်ပျိုးရေး လုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်း စစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည့် ရမည်းသင်းမြို့နယ် ရွှေဒါးကျေးရွာအနီးရှိ တိုးပွားကြီးဝါစက်သို့ရောက်ရှိပြီး ဝါဖန်စက်များဖြင့်   ဝါဂွမ်းအထုပ်များ ထုတ်လုပ်နေမှုများ၊ ဝါကြိတ်စက်ဖြင့် ဝါစေ့ဆီ ထုတ်လုပ်ရောင်းချနေမှုများကို    ကြည့်ရှုစစ်ဆေးသည်။    

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လက်ရှိဝါဖန်စက်များမှ ဝါဂွမ်းအထုပ်များ ထုတ်လုပ်ရောင်းချမှုအဆင့်မှ ချည်ဖြစ်သည် အထိ လိုအပ်သောနည်းပညာ၊ စက်ပစ္စည်း များကို ပံ့ပိုးပြီး  Value Added အဖြစ် အဆင့်ဆင့် ထုတ်လုပ်နိုင်ရန် လိုအပ်ကြောင်း၊ ထုတ်လုပ်ပြီးဝါဂွမ်းများ ဈေးကွက်သေချာစွာ ရရှိရေး ချိတ်ဆက်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ ဝါဖန်စက်များ ထပ်မံလိုအပ်ချက် ရှိ/မရှိ စိစစ်တင်ပြပေးရန် လိုအပ်ကြောင်း၊ ဝါစေ့မှ ဝါစေ့ဆီကြိတ်ခွဲမှုတွင် လိုအပ်သည်များ ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊  အရည် အသွေးစစ်ဆေးခြင်းကို   ပုံမှန်စစ်ဆေးရန် ပြောကြားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရမည်းသင်းမြို့နယ် ကတင် ကျေးရွာရှိ လင်းလင်းစိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားသမဝါယမအသင်း၌ ကျင်းပသည့် ဝါစိုက်အသင်းသား တောင်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားနှင့် ဝါမျိုးစေ့နှင့် သွင်းအားစုများပေးအပ်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံအနေဖြင့် ထွက်ရှိသော ဝါဂွမ်းများကို ကုန်ကြမ်းအနေဖြင့်သာ ပြည်ပသို့ တင်ပို့ရောင်းချ နေရကြောင်း၊ ထို့ကြောင့် ပြည်တွင်း၌သာ ချည်ဖြစ်သည်အထိ ထုတ်လုပ်ရန်အတွက် လိုအပ်သောနည်းပညာ၊ စက်ပစ္စည်း၊ အရင်းအနှီးများကို ပံ့ပိုးပေးပြီး Value Added  အဖြစ် ချည်ဖြစ်သည်အထိ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လိုအပ်သည့် မျိုးကောင်းမျိုးသန့်များ ရရှိရေး စိတ်တူကိုယ်တူ ဆန္ဒတူသူများဖြင့် သမဝါယမ အသင်းအစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပါက  တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ညီမျှသောသွင်းအားစုများ အချိန်မီရရှိရေး ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေရရှိရေးနှင့် နည်းပညာရရှိရေး တို့ကို  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် ပေးမည်ဖြစ်သည့်အတွက် ဝါစိုက်တောင်သူများ အနေဖြင့် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုကြောင်း၊ လိုအပ်သော သွင်းအားစုများ ရရှိရေးနှင့် စက်ပစ္စည်း လိုအပ်ချက်များကိုလည်း သက်ဆိုင်ရာ ဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊  ရာသီဥတုပူပြင်း လာသည့်အတွက် ပိုးမွှားအန္တရာယ်များ ကာကွယ်နိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် လိုအပ်သည့် နည်းပညာများ ကူညီပံ့ပိုးပေးစေလိုကြောင်း၊ ကျေးရွာတောင်သူများ အနေဖြင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများနှင့်  သမဝါယမ ချေးငွေများ၊  နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေများကို သီးနှံပေါ်ပါက သတ်မှတ်ကာလအတွင်း  အပြေအကြေ ပေးသွင်းကြရန် လိုအပ်ကြောင်း  ပြောကြားသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးက ကတင်ကျေးရွာရှိ လင်းလင်းစိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားသမဝါယမ အသင်းမှ ဝါစိုက်တောင်သူ ၇၅ ဦး၏ ဝါစိုက်ပျိုးဧက ၂၁၀ အတွက် အိန္ဒိယနိုင်ငံထုတ် RAKA ဝါမျိုးစေ့များကို လည်းကောင်း၊  အမြဲတမ်း အတွင်းဝန်နှင့် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က သွင်းအားစုများကိုလည်းကောင်း အသင်းသား တောင်သူများလက်ဝယ် အရောက်ပေးအပ်ကာ   အသင်းသား တောင်သူများ၏ တင်ပြချက်များ၊ လိုအပ် ချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။