သီလဝါအထူး စီးပွားရေးဇုန်ရှိ စက်ရုံများနှင့် ဆန်၊ ပြောင်း ပြည်ပပို့ရန် သင်္ဘောတင်နေမှုအား ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ကြည့်ရှုစစ်ဆေး

 

သီလဝါအထူး စီးပွားရေးဇုန်ရှိ စက်ရုံများနှင့် ဆန်၊ ပြောင်း ပြည်ပပို့ရန် သင်္ဘောတင်နေမှုအား ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဧပြီ  ၅

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် သီလဝါအထူး စီးပွားရေးဇုန်  Promotion Zone ရှိ ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံသည့်   Yojin   Myanmar Cement Co., Ltd..၏ ဘိလပ်မြေစက်ရုံသို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူက   ထုတ်လုပ်ပြီး ဘိလပ်မြေများကို ပြည်တွင်းဖြန့်ဖြူးရောင်းချနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ 

ထို့နောက်  ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းဖူလုံအောင်နှင့် ဈေးနှုန်းတည်ငြိမ်စေရေး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရန်၊ သတ်မှတ်အရည်အသွေး ပြည့်မီစေရေး ဆောင်ရွက်ရန်၊ ပင်လယ်ဆားငန်ရည်ခံနိုင်သည့် Slag Cement  ထုတ်လုပ်ရာတွင် လိုအပ်သော Slag ကုန်ကြမ်းများကို ပြည်တွင်းမှ ရရှိရေး ဆောင်ရွက်ရန်၊  သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အတွက် Environmental Impact Assessment (EIA) နှင့်အညီ ဆောင်ရွက်ရန်၊ အလုပ်သမားဝန်ကြီးဌာန၏ ဥပဒေနှင့်အညီ အလုပ်သမားများ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးဆောင်ရွက်ရန် တို့ကိုမှာကြားပြီး စက်ရုံအတွင်း ဘိလပ်မြေထုတ်လုပ်နေမှု  လုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သီလဝါအထူးစီးပွားရေးဇုန်၊ Free Zone ရှိ သီရိလင်္ကာနိုင်ငံမှ ရင်းနှီးမြှုပ်နှံထားသည့် Guston Amava Ltd ၏ အထည်ချုပ်စက်ရုံ(CMP)သို့ ရောက်ရှိရာ တာဝန်ရှိသူများက ချုပ်ပြီးအထည်များ ပြည်ပသို့ ဖြန့်ဖြူးရောင်းချ တင်ပို့နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး စက်ရုံအတွင်း ကုန်ကြမ်းများ ထားသိုမှု၊ Automatic Cutting ဆောင်ရွက်နေမှု၊ အရည်အသွေး စစ်ဆေးနေမှု၊ ထုပ်ပိုးနေမှု၊ ချုပ်ပြီးအထည်များ သိုလှောင်ထားရှိမှု၊  ဝန်ထမ်းများ၏ စားသောက်ဆောင်နှင့် ကျန်းမာရေး ဆေးပေးခန်း စီစဉ်ထားရှိမှု တို့ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Wilmar Co.,Ltd.  ၏ ဆန်စက်နှင့် ဖွဲနုဆီစက်သို့ရောက်ရှိပြီး တာဝန်ရှိသူများက ပြည်တွင်းသုံးစွဲရန် ဖြန့်ဖြူးပေးနေမှု၊ ပြည်ပသို့တင်ပို့ရောင်းချရန် ကြိတ်ခွဲထုတ်လုပ်နေမှုများကို ရှင်းလင်းတင်ပြပြီး စက်ရုံအတွင်း ကြိတ်ခွဲထုတ်လုပ်နေမှု အဆင့်ဆင့်နှင့် အိတ်သွတ်ထုပ်ပိုးခြင်း၊ စားသုံးဆီဘူးသွတ်သွင်းမှု၊ ဖွဲနုဆီထုတ်လုပ်မှု လုပ်ငန်းစဉ်များအား  ကြည့်ရှုစစ်ဆေးကာ  ဖွဲနုဆီကို စားသုံးရန်အသင့် ထုတ်လုပ်နိုင်စေရေးအတွက် Refinery စက်များဖြင့် အရည်အသွေးမြှင့်တင်ရန်၊ ပြည်တွင်းစားသုံးမှုမှ ပိုလျှံသည်များကို ပြည်ပသို့တင်ပို့ ရောင်းချရာတွင် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရန်၊  ပုဂ္ဂလိကကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်  Wilmar ဆိပ်ကမ်း၌ MV Si Chou Zhi Lu သင်္ဘောဖြင့် သယ်ယူလာသည့် စားအုန်းဆီရောက်ရှိမှု အခြေအနေကိုကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည် ညနေပိုင်းတွင် ဆူးလေဆိပ်ကမ်း၌   အိန္ဒိယနိုင်ငံသို့ တင်ပို့မည့် MV. MANTA HERTICသင်္ဘောပေါ်သို့ ပြောင်းတန်ချိန် ၂၆၆၀၀ သင်္ဘောတင်နေမှုကို လည်းကောင်း၊ မြန်မာစက်မှုဆိပ်ကမ်း(Myanmar Industrial Port-MIP) ၌ အိန္ဒိယနိုင်ငံသို့ တင်ပို့ရန်နှင့် MV. SEIYO HARMONY သင်္ဘောပေါ်သို့ ပြောင်းတန်ချိန် ၂၉၅၀၀ သင်္ဘောတင်နေမှုကိုလည်းကောင်း၊ စပိန်နိုင်ငံသို့တင်ပို့မည့်  MV.  TURANC သင်္ဘောပေါ်သို့ ဆန်တန်ချိန် ၁၂၀၀၀ သင်္ဘောတင်နေမှု ကိုလည်းကောင်း၊ Adani  ဆိပ်ကမ်း၌ ဗီယက်နမ်နိုင်ငံသို့ တင်ပို့မည့် MV. Dorg An သင်္ဘောဖြင့် ပြောင်းတန်ချိန် ၆၆၀၀ သင်္ဘောတင်နေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေး၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပို့ကုန်လျာထားချက် ပြည့်မီကျော်လွန်အောင် တင်ပို့နိုင်ရေး ဆောင်ရွက်ရန်၊ တင်ပို့ရာတွင် ဝယ်ယူသည့်နိုင်ငံမှ သတ်မှတ်ထားသော အရည်အသွေးစံချိန်စံညွှန်း အတိုင်းတင်ပို့နိုင်ရေး အလေးထားဆောင်ရွက်ရန်၊ တင်ပို့ သည့်နိုင်ငံများ ဈေးကွက်မပျောက်စေရေး ထိန်းသိမ်းရန်နှင့် ဈေးကွက်အသစ်နိုင်ငံများရရှိရေး ကြိုးစားဆောင်ရွက်ရန်၊ ပြောင်းစေ့အား တိရစ္ဆာန်အစားအစာအဖြစ် ပြောင်းလဲထုတ်လုပ် တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ သင်္ဘောများအချိန်မီ ရရှိရေးနှင့် တင်ပို့ကုန်စည်များကို သင်္ဘောပေါ်အချိန်မီတင်နိုင်ရေး၊ ကုန်စည်များ အချိန်အခါမဟုတ် ရွာသွန်း သည့် မိုးဒဏ်မထိခိုက်စေရေး စီမံဆောင်ရွက်ရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။