၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)ပင်မဓာတ်အားခွဲရုံ တည်ဆောက်ရေး လုပ်ငန်းခွင်အား ဒုတိယဝန်ကြီး ဦးအေးကျော် ကြည့်ရှုစစ်ဆေး

 

၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)ပင်မဓာတ်အားခွဲရုံ တည်ဆောက်ရေး လုပ်ငန်းခွင်အား ဒုတိယဝန်ကြီး ဦးအေးကျော် ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဧပြီ   ၅

    လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ  ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ   နေပြည်တော်ဥတ္တရသီရိခရိုင် တပ်ကုန်းမြို့နယ်ရှိ ၂၃၀ ကေဗွီ ရွှေမြို့ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိစစ်ဆေးရာ   သက်ဆိုင်ရာပစ္စည်း စီမံရေးဌာန တာဝန်ခံနှင့် တာဝန်ရှိသူများက ဂိုဒေါင်အလိုက် ပစ္စည်းများထိန်းသိမ်း ထားသိုမှု၊ထုတ်ပေးမှုကို ရှင်းလင်းတင်ပြကြသည်။  

တင်ပြချက်များနှင့် စပ်လျဉ်း၍  ဒုတိယဝန်ကြီးက  ဓာတ်အားထုတ်လုပ်/ပို့လွှတ်/ ဖြန့်ဖြူးရေးအတွက် ဝယ်ယူဖြည့်တင်းသော ပစ္စည်းများ    အလေအလွင့်မရှိအောင် ထားသိုထိန်းသိမ်း သုံးစွဲသွားရမည်ဖြစ်ပါကြောင်း၊ နှစ်စဉ်စီမံကိန်း လုပ်ငန်းများအရလိုအပ်ချက်ကို လက်ကျန်စာရင်းများဖြင့် စိစစ်ပြီး   စနစ်တကျဝယ်ယူ ဖြည့်တင်း၍ စိစစ်ထုတ်ယူ သုံးစွဲခြင်းဖြင့်    နိုင်ငံဘဏ္ဍာ ချွေတာရာရောက်ပါကြောင်း၊  ထို့ကြောင့်ပစ္စည်းများ  ရရှိ/ ထုတ်ပေး/သုံးစွဲ/ လက်ကျန်စာရင်းများကို   စနစ်တကျ မှတ်တမ်းရေးသွင်း ထားရှိကြရန် လိုအပ်ပါကြောင်း၊    အသုံးမလို ပိုလျှံပစ္စည်းများ၊ သက်တမ်းကျော်လွန် သုံးစွဲခဲ့သည့်  ပစ္စည်းများကို   လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ကြရန် အခြားလိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့ရှိ စီမံကိန်းမန်နေဂျာရုံး (၂) (မိတ္ထီလာ)သို့ရောက်ရှိပြီး ပစ္စည်းများသိုလှောင် ထိန်းသိမ်းထားရှိမှုကို  ကြည့်ရှုစစ်ဆေး၍   မီးဘေးလုံခြုံရေး အတွက်ဂိုဒေါင်နှင့် ရုံးခန်းများတွင် သက်တမ်းရှိသည့် မီးသတ်ဆေးဘူးများ ထားရှိရန်၊   နှစ်ချုပ်လက်ကျန်စာရင်း ကောက်ယူမှု မှန်ကန်စေရေးဆောင်ရွက်ရန်၊ ထုတ်ယူသုံးစွဲထားသော ပစ္စည်းများ အချိန်မီစာရင်းဖြောင့် ရှင်းလင်းရန်တို့ကို မှာကြားသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)ပင်မဓာတ်အားခွဲရုံ    တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ စီမံကိန်းမန်နေဂျာက လုပ်ငန်းများ ဆောင်ရွက်တိုးတက်မှု အခြေအနေကို ရှင်းလင်းတင်ပြရာ    ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး  ဓာတ်အားထိန်းချုပ်ခန်း အတွင်းနှင့် Switch Yardအတွင်း စက်ပစ္စည်းများ တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း  သိရသည်။