စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်အသွင် ကူးပြောင်းရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 

စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်အသွင် ကူးပြောင်းရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 

နေပြည်တော်  ဧပြီ  ၅

   နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသည့် စွမ်းအင်ကဏ္ဍ လုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေး ခိုင်မာစေရန် ရည်ရွယ်၍ စွမ်းအင်ဖူလုံရေးနှင့်    စွမ်းအင်အသွင် ကူးပြောင်းရေး  အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၆)ရှိ ရတနာခန်းမ၌  ကျင်းပသည်။

ရှေးဦးစွာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က   စွမ်းအင်အသွင်ကူးပြောင်းရေး ဆောင်ရွက်ရာတွင် Green   Energy  အရင်းအမြစ်များကိုပြောင်းလဲသုံးစွဲကြရမည်ဖြစ်သဖြင့် Clean Energy ဟုသတ်မှတ်သည့် သဘာဝဓာတ်ငွေ့ကို ကြားခံအဆင့်တစ်ခုအဖြစ် မလွဲမသွေ  သုံးစွဲသွားရဦးမည်ဖြစ်ပါကြောင်း၊ ရုပ်ကြွင်းလောင်စာများဖြစ်သည့်   ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တို့အနက် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု အနည်းဆုံးမှာသဘာဝဓာတ်ငွေ့ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်၏သဘာဝဓာတ်ငွေ့လို အပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန် နည်းလမ်းပေါင်းစုံသုံး၍   စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊  အဆိုပါ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေး အတွက် ပြည်တွင်းသဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်ခြင်းနှင့် LNG တင်သွင်းခြင်း   စသည်ဖြင့်ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်   သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ရေး အတွက် ခေတ်မီနည်းပညာများကို အသုံးပြု၍ လက်ရှိထုတ်လုပ်နေသော   ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများမှ တိုးတက်ထုတ်လုပ်နိုင်ရေး၊ တူးဖော်ခြင်းမပြုရသေးသော ကျောက်လွှာစဉ်စုများမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များထုတ်ယူရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့မြေ အသစ်များကို ကုန်းတွင်းနှင့် ကမ်းလွန်နေရာ နှစ်ခုလုံးတွင် ရှာဖွေဖော်ထုတ်ရန် မဖြစ်မနေကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သဘာဝဓာတ်ငွေ့ရည် (LNG) ကို မြန်မာနိုင်ငံ၏ Energy Mix တွင် အချိုးအစားတစ်ခု ပါဝင်အသုံးပြုခြင်းဖြင့် မိမိတို့နိုင်ငံ၏ စွမ်းအင်လုံခြုံမှုကို အထောက်အကူပြုနိုင်မည့် အခြေအနေဖြစ်ရာ    ယနေ့အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးရန်   လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ပထဝီအနေအထားအပြင်   တည်ဆောက်ထားပြီးဖြစ်သည့် ပိုက်လိုင်းကွန်ရက်နှင့် အခြေခံအဆောက်အဦများ   အထိုက်အလျောက် ရှိပြီးဖြစ်ရာ LNG Trading အတွက်ပါ စဉ်းစားဆောင်ရွက်ကြရမည် ဖြစ်သဖြင့် လိုအပ်သည့်မူဝါဒများ၊ အခြေခံအဆောက်အဦများ၊ လုပ်ငန်း အစီအမံများ ကြိုတင်ပြင်ဆင် ချမှတ်သွားကြရန်လိုအပ်ကြောင်း ဦးဆောင်ဆွေးနွေး ပြောကြားသည်။

ထို့နောက်   အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပညာရှင်များက ပြည်တွင်းသဘာဝဓာတ်ငွေ့  လိုအပ်ချက်၊တိုးမြှင့်ဖြန့်ဖြူးပေးမည့်   အခြေအနေနှင့် ပတ်သက်၍လည်းကောင်း၊ နိုင်ငံတော်၏စွမ်းအင်ကဏ္ဍ လုံခြုံရေးအတွက် သဘာဝဓာတ်ငွေ့၏ အရေးပါမှု အခြေအနေများကို လည်းကောင်း၊ LNG ဈေးနှုန်းနှင့် အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်မည့်ကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း၊    သဘာဝဓာတ်ငွေ့၊ CNG ၊ LPGတို့ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၊  ကုန်ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှု၊ မီးဖိုချောင်သုံး ကဏ္ဍတို့တွင် အကျိုးရှိထိရောက်မှု၊ သတိပြုရန် အချက်များနှင့် ပတ်သက်၍လည်းကောင်း၊ CNG ၊ LPG တို့ကို မော်တော်ယာဉ်များတွင် အသုံးပြုခြင်းဖြင့်   ရရှိနိုင်မည့်အကျိုး ကျေးဇူးများနှင့်ပတ်သက်၍ လည်းကောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကွန်ရက်၊ အနာဂတ်အစီအမံများ၊ အကျိုးရှိစွာအသုံးချနိုင်ရေးတို့နှင့်  ပတ်သက်၍လည်းကောင်း၊ သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် သက်ဆိုင်သော ဥပဒေဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးကြပြီး   ဆွေးနွေးမှုများအပေါ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတရေးရာ ဝန်ကြီး ဦးဇော်ဝင်းနှင့် တက်ရောက်လာကြသူများက သိရှိလိုသည်များနှင့် ထည့်သွင်းစဉ်းစားသင့်သည့် အချက်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။

ထို့နောက် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက LNG ဆိုင်ရာ နည်းပညာများနှင့် ပတ်သက်၍ အသိပညာ၊ ဗဟုသုတများ ပြန့်ပွားစေရေးကိုလည်း အလေးထား ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊   သဘာဝဓာတ်ငွေ့  သုံးစွဲလိုသူများ အနေဖြင့်လည်း သဘာဝဓာတ်ငွေ့  ရောင်းဝယ်ရေးစာချုပ်ဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍  နားလည်သဘောပေါက်အောင် လေ့လာထားကြရန် လိုကြောင်း ဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နည်းပညာနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဌာနများအလိုက် ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာထားရန် လိုအပ်ပြီး နိုင်ငံတော်၏ စွမ်းအင်ဖူလုံရေးနှင့် လုံခြုံရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်တိုက်တွန်းလိုပါကြောင်း မှာကြားပြီး ပါဝင်ဆွေးနွေးသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ သယံဇာတရေးရာ ဝန်ကြီး ဦးဇော်ဝင်း၊ စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊   တာဝန်ရှိသူများ၊ ပြည်တွင်း/ပြည်ပပညာရှင်များ၊ စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီများနှင့်  ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။