ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ ဆည်ရေသောက်ဧရိယာအတွင်း နွေသီးနှံစိုက်ပျိုးရေး အတွက် ရေဖူလုံစွာ ပေးဝေလျက်ရှိ

 

ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ ဆည်ရေသောက်ဧရိယာအတွင်း နွေသီးနှံစိုက်ပျိုးရေး အတွက် ရေဖူလုံစွာ ပေးဝေလျက်ရှိ

 

နေပြည်တော်  ဧပြီ  ၅

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် သည် ဧပြီလ ၃ ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ဝါးကတုတ်ရေလှောင်တမံ ရေဝင်ရောက်မှုအခြေအနေများနှင့် ရေသိုလှောင် မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး  လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အုန္နဲကုန်း ကျေးရွာ၌ ဆောင်ရွက်လျက်ရှိသည့် စက်မှု လယ်ယာစနစ်ကျလယ်မြေ  ၁၅၃ ဒသမ ၄၃ ဧကတွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ ရေသွင်း၊ရေထုတ် လုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရန်၊ အရည်အသွေးပြည့်မီသည့် စပါးမျိုးများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ရေကိုအလှည့်ကျစနစ်ဖြင့် ပေးဝေသည့်အတွက် တောင်သူများ စိုက်ပျိုးသည့်မျိုး၊ စိုက်ပျိုးသည့်အချိန်နှင့် နည်းစနစ်များတူညီရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများ နှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည်  FUN HWA Co., Ltd.နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိပြီး နို့စားနွားမွေးမြူထားရှိမှု၊ တိရစ္ဆာန်အစာပင်  စိုက်ပျိုးထားရှိမှုနှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှု၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန မင်္ဂလာဒုံ လက်ပံလျှပ်စစ်ရေတင် လုပ်ငန်းကို ဆိုလာ စနစ်ဖြင့် တွဲဖက်မောင်းနှင်၍ နွေသီးနှံရေပေးဝေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ဆည် မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန တည်ဆောက်ရေး(၉) အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး ခရိုင်အဆင့်လယ်ယာ ကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေသေချာသည့် နေရာများတွင် သီးထပ်စွမ်းအား  တိုးမြှင့်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးသည့်သီးနှံအလိုက် ပန်းတိုင်အထွက် နှုန်းရရှိစေရေး၊ ဆည်ရေသောက်ဧရိယာ များတိုးချဲ့နိုင်ရေး၊ ဒေသရာသီဥတုအလိုက် မြေပြင်အခြေအနေနှင့် ကိုက်ညီမှုရှိအောင် ဆောင်ရွက်နိုင်ရေး၊ မျိုးစေ့ချကိရိယာများ အသုံးပြု၍ စိုက်ပျိုးနိုင်ရေး၊ တစ်ပိုင်တစ်နိုင် ဖြင့် ပေါ့ပါးသောတောင်သူများ လက်တွေ့ အသုံးဝင်မည့် စက်ကိရိယာများ ထုတ်လုပ်နိုင်ရေး၊ အခြောက်ခံစက်များကို ဈေးကွက် အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရေး၊ သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအလိုက် စီမံကိန်းများရေးဆွဲ ဆောင်ရွက်ကြရန်၊ ရေကြီးနစ်မြှုပ်မှု လျော့ပါးစေရေး၊ ဆည်ရေသောက်ဧရိယာအတွင်း သီးနှံစိုက် ဧကများသိရှိရန် စာရင်းကောက်ယူပြုစုရန် ဆွေးနွေးမှာကြားသည်။

ဒုတိယဝန်ကြီးသည် ယမန်နေ့က အင်းစိန်မြို့နယ် ကြို့ကုန်းရှိ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေး ဌာနခွဲ စိုက်ပျိုးရေးထွက် ကုန်များစစ်ဆေးရေး  ISO လက်မှတ်ရ ဓာတ်ခွဲခန်း၏ စိုက်ပျိုးရေးထွက်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းများ၊ မှိုဆိပ်များနှင့် အဆိပ်သတ္တုများ ဓာတ်ခွဲစစ်ဆေး၍ စမ်းသပ် စစ်ဆေးတွေ့ရှိမှု ထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်မှုကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများကို လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။