(၅)ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ရွေးချယ်ရေး ကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

 (၅)ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ရွေးချယ်ရေး ကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

နေပြည်တော်  ဧပြီ  ၅

(၅)ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်ဆုရွေးချယ်ရေး ကော်မတီ တတိယအကြိမ်  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီလ ၃ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန   သင်တန်းခန်းမ၌  ကျင်းပရာ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဆုရွေးချယ်ရေး ကော်မတီဝင်များ   တက်ရောက်ကြသည်။

ဦးစွာ ဆုရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ASEAN-OSHNET  ဆုအတွက် ကွင်းဆင်းစစ်ဆေးခဲ့မှု အခြေအနေနှင့် အဖွဲ့ဝင်များ၏ အကဲဖြတ်အမှတ်ပေး ရလဒ်များနှင့် ဆုရွေးချယ်ရေး လုပ်ငန်းစဉ်များ  ဆောင်ရွက်ရန် အချိန်နည်းပါးသည့်အတွက် လုပ်ငန်းအချိန်ဇယား ရေးဆွဲ၍ အောင်မြင်အောင် ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့်ပတ်သက်၍  အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ဆုအမျိုးအစားအလိုက် ပဏာမအဆင့် ရွေးချယ်ထားသည့် စက်ရုံများအား ကွင်းဆင်းစစ်ဆေးခဲ့မှု   အခြေအနေနှင့် ဆုရွေးချယ်ရေး အဖွဲ့ဝင်များ၏ အကဲဖြတ်ရလဒ်များကို ရှင်းလင်းတင်ပြရာ တင်ပြချက်များအပေါ် ဆုရွေးချယ်ရေး ကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေး၍ ASEAN-OSHNET Excellence Award နှင့် ASEAN-OSHNET Best Practices Award ဆုရရှိသည့်   စက်ရုံ နှစ်ရုံအား အတည်ပြု ရွေးချယ်ခဲ့သည်။

ထို့နောက် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၄ ခုနှစ် ASEAN-OSHNET ဆုရွေးချယ်ရေး လုပ်ငန်းစဉ်များအောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပြင်ပကျွမ်းကျင်သူများကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

၂၀၂၄ ခုနှစ်အတွက် ပဏာမအဆင့် အောင်မြင်သည့် ASEAN-OSHNET Excellence ဆုအတွက် စက်ရုံ ၁၀ ရုံ၊ ASEAN-OSHNET Best Practices ဆုအတွက် စက်ရုံ ခြောက်ရုံတို့ကို ဆုရွေးချယ်ရေး ကော်မတီဝင်များက ကွင်းဆင်းစစ်ဆေး၍ ASEAN-OSHNET က သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ အကဲဖြတ်အမှတ်ပေးခြင်း ဆောင်ရွက်ခဲ့ပြီး ရမှတ်အများဆုံးဖြစ်သည့် စက်ရုံနှစ်ရုံကို မြန်မာနိုင်ငံ ကိုယ်စားပြု ASEAN-OSHNET ဆုရရှိသည့် စက်ရုံများအဖြစ်  ASEAN-OSHNET အတွင်းရေးမှူးချုပ်ရုံးသို့ အမည်စာရင်းတင်သွင်း သွားမည်ဖြစ်ကြောင်းနှင့် ASEAN-OSHNET ဆုရွေးချယ်ခြင်းများကို ၂၀၁၆ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ်တွင် စက်ရုံ ရှစ်ရုံ၊ ၂၀၁၈ ခုနှစ်တွင် စက်ရုံ ၁၃ ရုံ၊ ၂၀၂၀ ပြည့်နှစ်တွင် စက်ရုံ ၁၄ ရုံနှင့် ၂၀၂၂ ခုနှစ်တွင် စက်ရုံ ခုနစ်ရုံဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်တွင် စက်ရုံ ၂၀ အထိ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိသည်။