ပဲခူးမြို့၌ ၂၀၂၄ ခုနှစ် အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

 

ပဲခူးမြို့၌ ၂၀၂၄ ခုနှစ် အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

 

ပဲခူး  ဧပြီ  ၅

ပဲခူးမြို့ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းဖွင့်ပွဲအခမ်း အနားကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်သည်။

ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “စာတတ်မြောက်ရေး ဝိုင်းကူပေး” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အခြေခံစာတတ်မြောက်ရေး လုပ်ငန်းစဉ်များ ကို ဧပြီလ ၆ ရက်မှ မေလ ၁၅ ရက်အထိ တစ်နေ့လျှင် ၃ နာရီဖြင့် ရက်ပေါင်း ၄၀ အချိန်ယူ၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်အဆင့် စာတတ်မြောက်မှု အကဲဖြတ်ရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာလုပ်ငန်း ကော်မတီဝင်များကလည်း စာသင်ဝိုင်းများ အထိ ပူးပေါင်းပါဝင်ကြစေလိုကြောင်းနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊  ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် အခြေခံ စာတတ်မြောက်ရေးတွင် ပါဝင်ပတ်သက်ကြသူများ အားလုံးက အခြေခံစာတတ်မြောက်ရေး လုပ်ငန်းအစီအစဉ်များကိုလျာထားချက်ကျော်လွန်အောင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ လူမှုရေးရာဝန်ကြီးက အခြေခံစာတတ် မြောက်ရေး လုပ်ငန်းစဉ်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည့်  နည်းလမ်း များကိုလည်းကောင်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က မြန်မာနိုင်ငံအတွင်း အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းများ ဆောင်ရွက် နေမှု အခြေအနေများကို  ရှင်းလင်းပြောကြားခဲ့ကြပြီး   တက်ရောက်လာသည့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အာရှနှင့်ပစိဖိတ်ဒေသ ယဉ်ကျေးမှုဆိုင်ရာ ယူနက်စကိုအဖွဲ့ရုံးနှင့် ပညာရေးဝန်ကြီး ဌာနတို့ ပူးပေါင်းတင်ဆက်သည့် အခြေခံစာတတ်မြောက်ရေး အထိမ်းအမှတ် “မနီပြုံးနိုင်ပြီ” အသိပညာ Video Clip အား ကြည့်ရှုခဲ့ကြသည်။  

ထို့နောက်  အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဝထကလသ” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြ သည်။ ယင်းနောက် အခြေခံစာတတ်မြောက်ရေးအတွက် သင်ကြားပေးမည့် နည်းပြဆရာ/ဆရာမများ၊ ကြီးကြပ်ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။