ကျိုက်မရောမြို့နယ်၌ ဒေသထွက်ကြက်မောက်သီးများ လှိုင်လှိုင်ပေါ်ချိန် စတင်ဆွတ်ခူးရောင်းချ

 

ကျိုက်မရောမြို့နယ်၌ ဒေသထွက်ကြက်မောက်သီးများ လှိုင်လှိုင်ပေါ်ချိန် စတင်ဆွတ်ခူးရောင်းချ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၌ ဒေသထွက် ကြက်မောက်သီးများ လှိုင်လှိုင်ပေါ်ချိန် စတင်ဆွတ်ခူး ရောင်းချနေပြီဖြစ်ကြောင်း   ကျိုက်မရောမြို့နယ်ရှိ ကြက်မောက်ခြံပိုင်ရှင်များ၏ပြောပြချက်အရ သိရသည်။

ကျိုက်မရောမြို့နယ် နတ်စမ်းကျေးရွာရှိ ဒေသခံများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ဒူးရင်း၊ ကြက်မောက်စသည့်သီးပင်များကို စီးပွားဖြစ်စိုက်ပျိုးကြကာ ပေါ်ဦးပေါ်ဖျား ဈေးကောင်းရရှိချိန်တွင် ဆွတ်ခူးရောင်းချကြခြင်းဖြစ်သည်။ ယခုနှစ်တွင်  ကြက်မောက်ခြံများ၌  အသီးထွက်ရှိမှုစောကာ လက်ရှိတွင်  အသီးများ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ယိုးဒယားကိုင်းဆက်ကြက်မောက်သီး များစပေါ်နေပြီး  အလုံး  ၁၀၀  ပါ  တစ်စည်းလျှင် ငွေကျပ် တစ်သောင်းခန့်အထိ ဈေးရရှိကြောင်း၊ ယခုနှစ်တွင် သီးအားလည်းကောင်းမွန်ကြောင်း၊ ယိုးဒယား ကြက်မောက်မျိုး တစ်ပင်လျှင်   ငွေကျပ်  ၈၀၀၀ ဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်းနှင့်  ကြက်မောက်ပင်သည် နှစ်ရှည်ပင်ဖြစ်၍ အသီးသီးရန် သက်တမ်းခြောက်နှစ် အထိစောင့်ရကြောင်း သိရသည်။

နတ်စမ်းကျေးရွာထွက်      ယိုးဒယားကိုင်းဆက်ကြက်မောက်သီးမှာ   အနီရောင်ဖြစ်ပြီး ဗမာသီးမှာ အဝါရောင်ဖြစ်ကာ    ယိုးဒယားကိုင်းဆက်သီးကဲ့သို့ မချိုဘဲ လူကြိုက်နည်းပါးသည်။ ယိုးဒယားကိုင်းဆက်သီး တစ်လုံးလျှင် အနည်းဆုံး ငွေကျပ် ၁၀၀ ရရှိကာ အလုံး ၁၀၀ လျှင် ငွေကျပ် တစ်သောင်းရရှိကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)