နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေကြသည့်  မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေး တောင်သူများနှင့် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တွေ့ဆုံဆွေးနွေး

 

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေကြသည့်  မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေး တောင်သူများနှင့် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တွေ့ဆုံဆွေးနွေး

နေပြည်တော်  ဧပြီ  ၆

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည်    ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်   ဆောင်ရွက်နေကြသည့် မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးတောင်သူများ၊ မွေးမြူရေးလုပ်ငန်း  စိတ်ဝင်စားသူများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက အသေးစား၊ အငယ်စားနှင့် အလတ်စားမွေးမြူရေး လုပ်ငန်းလုပ်ကိုင် သူများအတွက်   ခိုင်မာသော ဈေးကွက်ဖော်ဆောင်နိုင်ကြစေရန်၊ ဈေးကွက်နှင့်ကိုက်ညီသော အရည်အသွေးပြည့် ထုတ်ကုန်များ ပိုမိုတိုးတက် ထုတ်လုပ်နိုင်စေရန်ရည်ရွယ်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်   မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ   လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များတွင် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်နှင့် အာဟာရပြည့်ဝသော အသားထုတ်လုပ်မှု တိုးတက်လာစေရန်  မွေးမြူရေးကျေးရွာများကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊   လုပ်ငန်းစဉ်ကွင်းဆက်တစ်လျှောက်တွင် အဆင်ပြေချောမွေ့စေရန်၊ မွေးမြူသူများအတွက် အကောင်းဆုံး အကျိုးအမြတ်ရရှိနိုင်စေရန် လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် စောင့်ကြည့်လေ့လာသုံးသပ်ခြင်းကို  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့မှ ဆောင်ရွက်လျက်ရှိရာ  သက်ဆိုင်သူ အားလုံးတို့က   ကျရာအခန်းကဏ္ဍများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍   မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး   တိုင်းတာဝန်ခံမှနေပြည်တော်ကောင်စီနယ်မြေ  လယ်ဝေးမြို့နယ်အတွင်း  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်  မွေးမြူရေးကဏ္ဍဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့်  တာဝန်ရှိသူများက ဌာနများမှ ကူညီပံ့ပိုးမည့် အစီအစဉ်များကို ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။ ထို့နောက် တက်ရောက်လာကြသည့်   မွေးမြူရေးတောင်သူများက မွေးမြူရေးလုပ်ငန်းများတွင် ကြုံတွေ့နေရသည့်  အတွေ့အကြုံများနှင့် လိုအပ်ချက်များကို  တင်ပြကြရာ ဒုတိယဝန်ကြီးက   ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ယင်းနောက် လယ်ဝေးမြို့နယ် ကန်စွန်းခင်းရွာ မွေးမြူရေးတောင်သူ ဦးမြင့်ထူး၏ အသားစားကြက်ကောင်ရေ ၅၀၀၀ မွေးမြူထားရှိမှု၊ လယ်ဝေးမြို့နယ် ရသေ့တောင်ကျေးရွာ မွေးမြူရေးတောင်သူ ဦးမျိုးသူရ၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူ ထားသည့်   အသားတိုးကြက်ကောင်ရေ၆၀၀၀ နှင့် အသားတိုးဝက်မွေးမြူ ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက  ဇီဝလုံခြုံရေးကို အလေးထားဆောင်ရွက်ကြရန်လိုအပ်ချက်များ၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစနစ်ကို ဆောင်ရွက်ခြင်းဖြင့် ကဏ္ဍနှစ်ရပ်မှ ဝင်ငွေတိုးတက်ခံစားရနိုင်မှုအခြေအနေ၊  လယ်ယာဘေးထွက် ပစ္စည်းများမှ တိရစ္ဆာန်အစာ ဖြည့်ဆည်းပေးနိုင်မှုနှင့်တိရစ္ဆာန်အညစ်အကြေးမှ သဘာ၀ မြေသြဇာအဖြစ် အသုံးပြုမှုများပါဝင်သည့် လှည့်ပတ်သုံးစွဲနည်းစနစ်ကို    ပီပြင်စွာဖြစ်ပေါ်လာရေး ပူးပေါင်းဆောင်ရွက်ကြရန်၊ နိုင်ငံတော်၏   အသားထုတ် လုပ်မှုကဏ္ဍ တန်ဖိုးတိုးတက်ရေးသည် ပုဂ္ဂလိကကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုပေါ်များစွာ တည်မှီနေသဖြင့် ဌာနနှင့် ပုဂ္ဂလိကများအကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ မွေးမြူရေးထွက်ကုန်များ ပြည်တွင်းစားသုံးမှု ဖူလုံမှုရှိစေရန်နှင့် ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေးဆိုင်ရာများကို သက်ဆိုင်ရာပုဂ္ဂလိက မွေးမြူရေး လုပ်ငန်းရှင်များကို  ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။