လဟယ်မြို့နယ် ထန်ပါခွေ-တာမောင်-မခွာလယ် မြေသားလမ်း ၄ မိုင် ဖောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

 

လဟယ်မြို့နယ် ထန်ပါခွေ-တာမောင်-မခွာလယ် မြေသားလမ်း ၄ မိုင် ဖောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

နေပြည်တော်  ဧပြီ  ၆

 

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၅၉ ဒသမ ၈၀၀ သန်းဖြင့်ဆောင်ရွက်ခဲ့သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် ထန်ပါခွေ- တာမောင်- မခွာလယ်လမ်း ၂၄ မိုင်မှ မြေသားလမ်း ၄ မိုင် ဖောက်လုပ်ခြင်းလုပ်ငန်း အရည်အသွေးပြည့်မီစွာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း နာဂဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။

အဆိုပါလမ်းကို ၂၀၁၈ ခုနှစ်  ပထမ ခြောက်လပတ်   နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ ငွေကျပ် ၁၁၅၅ ဒသမ ၉၅၄ သန်းဖြင့် မြေလမ်း ၁၇ မိုင်၊ Box Culvert ၃၁ စင်း၊ မြေလမ်းပြင်ထိန်း ၃ မိုင်နှင့် ဘေလီတံတားတစ်စင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျေးရွာသုံးရွာ၊ အိမ်ခြေ ၂၉၉ အိမ်၊ လူဦးရေ ၃၂၅၂ ဦးတို့၏ လူမှုစီးပွားဘဝနှင့် ကုန်စည်စီးဆင်းမှုများကို အထောက်အကူပြုသည့်အတွက် ဒေသခံပြည်သူများ ဝမ်းမြောက် ပျော်ရွှင်လျက်ရှိသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်း  ၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၁၅၆၇ ဒသမ ၃၇၁ သန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၉၀၃ ဒသမ ၁၆၈ သန်း စုစုပေါင်းငွေကျပ် ၂၄၇၀ ဒသမ ၅၃၉ သန်းတို့ဖြင့် မြေသားလမ်း ၁၅ မိုင်၊ မြေလမ်းပြင်ထိန်း ၁၈ မိုင်၊ လမ်းတာချဲ့ ၅ မိုင်၊ ဘေလီတံတား ငါးစင်း၊ Box Culvert ၂၆ စင်း၊ မြေထိန်းနံရံ သုံးခု၊ စာသင်ဆောင်နှင့် တန်ဖိုးနည်းဝန်ထမ်းအိမ်ရာ နှစ်လုံးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။