နိုင်ငံတကာခြေစမ်းပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်းက ကူဝိတ်အသင်းကို ၄ဂိုး ၂ဂိုးဖြင့် အနိုင်ရရှိ

 

နိုင်ငံတကာခြေစမ်းပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်းက ကူဝိတ်အသင်းကို ၄ဂိုး ၂ဂိုးဖြင့် အနိုင်ရရှိ

ရန်ကုန်  ဧပြီ ၆

AFC Futsal Asian Cup 2024 ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်   အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ပြိုင်ပွဲမတိုင်မီ ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယနေ့တွင် နိုင်ငံတကာခြေစမ်းပွဲစဉ်အဖြစ် ကူဝိတ်အသင်းနှင့်ကစားခဲ့ရာ ၄ဂိုး ၂ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲမတိုင်မီ   ကြိုတင်ပြင်ဆင် လေ့ကျင့်မှုများပြုလုပ်ရန်နှင့် နိုင်ငံတကာခြေစမ်းပွဲစဉ်များ ကစားရန်အတွက် ပြိုင်ပွဲမတိုင်မီကတည်းက ထိုင်းနိုင်ငံတွင် ရောက်ရှိနေခြင်းဖြစ်ပြီး နိုင်ငံတကာ ခြေစမ်းပွဲစဉ်များကို  ဆက်တိုက်ကစားနေခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းနှင့် ကူဝိတ်အသင်းတို့ပွဲစဉ်တွင်    မြန်မာ့လက်ရွေးစင်အသင်းအတွက် သွင်းဂိုးများကို မိုင်းစိုးမြတ်သွေး၊ မျိုးသက်ကျော်၊ လှိုင်မင်းထွန်းနှင့် မျိုးမြင့်စိုးတို့က သွင်းယူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲမတိုင်မီ  ကြိုတင်ပြင်ဆင်သည့်အနေဖြင့် နောက်ဆုံးခြေစမ်းပွဲစဉ်အဖြစ် ဧပြီလ ၁၀ ရက်တွင် ကာဂျစ်စတန်အသင်းနှင့် ဆက်လက်ကစားသွားမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ကာဂျစ်စတန်အသင်းနှင့်ပွဲစဉ်အပြီးတွင် AFC Futsal Asian Cup 2024 ပြိုင်ပွဲအုပ်စု ပွဲစဉ်များအဖြစ်  ဧပြီလ ၁၇ ရက်တွင် ဗီယက်နမ်အသင်းနှင့်လည်းကောင်း၊ ဧပြီလ ၁၉ ရက်တွင် အိမ်ရှင်ထိုင်းအသင်းနှင့်လည်းကောင်း၊ ဧပြီလ၂၁ ရက်တွင်   တရုတ်အသင်းနှင့်လည်းကောင်း အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။    

စည်သူအောင်