ပရီးမီးယားလိဂ်ပွဲစဉ်(၃၂) အီတလီစီးရီးအေပွဲစဉ်(၃၁)နှင့် ပြင်သစ်လီဂူးဝမ်းပွဲစဉ်(၂ )ပွဲကြိုသုံးသပ်ချက်

 

ပရီးမီးယားလိဂ်ပွဲစဉ်(၃၂) အီတလီစီးရီးအေပွဲစဉ်(၃၁)နှင့် ပြင်သစ်လီဂူးဝမ်းပွဲစဉ်(၂ )ပွဲကြိုသုံးသပ်ချက်

မန်ယူ Vs      လီဗာပူး

ကစားမည့်ရက်/အချိန်(၇-၄-၂၀၂၄ ည ၉း၀၀ နာရီ)

နောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

          လီဗာပူး       ၇       -        ဝ       မန်ယူ

          လီဗာပူး       ဝ       -        ဝ       မန်ယူ

          မန်ယူ ၄       -        ၃       လီဗာပူး

နောက်ဆုံးသုံးပွဲ အနိုင်၊ အရှုံးအခြေအနေ

မန်ယူ အိမ်(နိုင်)      ဝေး(သရေ)  ဝေး(ရှုံး)

လီဗာပူး       ဝေး(နိုင်)      အိမ်(နိုင်)      အိမ်(နိုင်)

မန်ယူအသင်းမှာ အဓိက ကစားသမားအများစု ဒဏ်ရာကြောင့် အနားယူနေရသလို ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်တဲ့ပွဲစဉ်မှာလည်း အသင်းခံစစ်ကစားသမားတွေဖြစ်တဲ့ အီဗန်နဲ့ဗာရန်းတို့ ဒဏ်ရာထပ်မံရရှိသွားလို့    မန်ယူအသင်းဗဟိုခံစစ်ပိုင်းအတွက် အခက်ကြုံနေပါတယ်။ မန်ယူအသင်း ဗဟိုခံစစ်ပိုင်းမှာ မာတီနက်ဇ်၊ အီဗန်နဲ့ ဗာရန်းတို့ ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်သလို လင်ဒီလော့ဖ်ကလည်း ဒဏ်ရာကြောင့် ပါဝင်ဖို့မသေချာလို့ ဗဟိုခံစစ်ပိုင်းမှာ မက်ဂွိုင်ယာကို လူငယ်ကစားသမားတစ်ဦးဖြစ်တဲ့  ကန်ဘူဝါလာနဲ့သာ      တွဲဖက် အသုံးပြုဖို့ရှိနေပါတယ်။ မန်ယူအသင်းက ပြီးခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ  ရှုံးနိမ့်ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်နည်းပါးနေပါတယ်။ လက်ရှိ   မန်ယူအသင်းခြေစွမ်းပိုင်းကလည်း     တည်ငြိမ်မှုအားနည်းနေပြီး အသင်းခံစစ်ပိုင်းက  ပြိုင်ဘက်အသင်းတိုက်စစ်ပိုင်းကို ထိန်းချုပ်နိုင်ဖို့ လိုအပ်ချက်တွေရှိနေပါတယ်။ ကွင်းလယ်ပိုင်းမှာလည်း ကက်စ်မဲရိုး  ဒဏ်ရာကြောင့်ပါဝင်ဖို့မသေချာလို့  လီဗာပူး

အသင်းကွင်းလယ်ပိုင်းကို တုံ့ပြန်ကစားနိုင်ဖို့ ခက်ခဲနေမှာပါ။

လီဗာပူးအသင်းမှာလည်း အဓိက ကစားသမား တချို့ဒဏ်ရာကြောင့် ပါဝင်ဖို့မသေချာဘူးဆိုပေမယ့် လက်ရှိကစားသမားစုဖွဲ့မှု အပိုင်းမှာတော့   မန်ယူအသင်းကို     ယှဉ်ပြိုင်နိုင်စွမ်းအပြည့်ရှိပါတယ်။ လီဗာပူးအသင်းက အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတယ် ဆိုပေမယ့်   အဆင့်(၂)နေရာက အာဆင်နယ်အသင်းနဲ့ ရမှတ်နှစ်မှတ်သာ ကွာဟနေသလို အဆင့်(၃)နေရာက မန်စီးတီးအသင်းနဲ့လည်း ရမှတ်သုံးမှတ်သာ ကွာဟလို့ ချန်ပီယံဆုအတွက် လက်ကျန်ပွဲစဉ်တွေမှာ အမှားခံလို့မဖြစ်ပါဘူး။ လီဗာပူးအသင်းက ဒီဘောလုံးရာသီ အဝေးကွင်း ၁၄ ပွဲကစားပြီးချိန်မှာ ရှစ်ပွဲအနိုင်ရရှိပြီး လေးပွဲသရေရလဒ်နဲ့ နှစ်ပွဲသာ ရှုံးနိမ့်လို့ အဝေးကွင်းရှုံးပွဲ အနည်းဆုံးအသင်းအဖြစ်ပါ ရပ်တည်နေပါတယ်။

ဒီနှစ်သင်း   ထိပ်တိုက်တွေ့ဆုံမှုအပိုင်းမှာလည်း မန်ယူအသင်းက ၉၁ ကြိမ်အနိုင်ရရှိထားပြီး လီဗာပူး အသင်းကတော့ ၈၁ ကြိမ်အနိုင်ရရှိပြီး ၆၉ ကြိမ်သရေရလဒ်ထွက်ပေါ်ထားပါတယ်။ ဒီနှစ်သင်း ထိပ်တိုက် တွေ့ဆုံမှု အပိုင်းမှာတော့ ကွာခြားမှုမရှိဘူး ဆိုပေမယ့် လက်ရှိခြေစွမ်းပိုင်းနဲ့ ရမှတ်လိုအပ်ချက် တွေကြောင့် လီဗာပူးအသင်းပဲ အနိုင်ရယူသွားပါလိမ့်မယ်။

ခန့်မှန်းရလဒ်- မန်ယူ  ၁ - ၃  လီဗာပူး

          ဂျူဗင်တပ်စ် Vs      ဖီအိုရင်တီးနား

ကစားမည့်ရက်/အချိန်

(၈-၄-၂၀၂၄ နံနက် ၁း၁၅ နာရီ)

နောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

          ဖီအိုရင်တီးနား        ၁       -        ၁       ဂျူဗင်တပ်စ်

          ဂျူဗင်တပ်စ် ၁       -        ဝ       ဖီအိုရင်တီးနား

          ဖီအိုရင်တီးနား        ဝ       -        ၁       ဂျူဗင်တပ်စ်

နောက်ဆုံးသုံးပွဲ အနိုင်၊ အရှုံးအခြေအနေ

ဂျူဗင်တပ်စ် အိမ်(သရေ)  ဝေး(ရှုံး)       အိမ်(နိုင်)

ဖီအိုရင်တီးနား        အိမ်(သရေ)  အိမ်(ရှုံး)       အိမ်(နိုင်)

နောက်ဆုံးကစားတဲ့   စီးရီးအေပွဲစဉ်ငါးပွဲမှာ တစ်ပွဲသာ အနိုင်ရရှိခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းက အခုအိမ်ကွင်း ပွဲစဉ်မှာတော့    နိုင်ပွဲပြန်လည်ရရှိအောင် ပြင်ဆင်လာမှာပါ။ ဂျူဗင်တပ်စ်အသင်းက နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်ပိုင်း မတည်ငြိမ်မှုတွေကြောင့် အဆင့်(၂) နေရာကနေ အဆင့်(၃) နေရာဆင်းပေးခဲ့ရသလို     လက်ရှိ အဆင့်(၃)နေရာမှာ ရပ်တည်နေတယ်ဆိုပေမယ့် အဆင့်(၄)နေရာက ဘိုလော့ဂ်နာအသင်းနဲ့ နှစ်မှတ်သာကွာဟတော့လို့ ဖိအားတွေ ရှိနေပါတယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ်အသင်းက  ဒီဘောလုံးရာသီ အိမ်ကွင်း ၁၅ ပွဲကစားပြီးချိန်မှာ  ကိုးပွဲနိုင်၊ ငါးပွဲသရေရလဒ်နဲ့ တစ်ပွဲသာရှုံးနိမ့်ထားလို့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ အင်တာမီလန်အသင်းနဲ့အတူ အိမ်ကွင်းရှုံးပွဲ အနည်းဆုံးအသင်းအဖြစ် ရပ်တည်နေလို့ အိမ်ကွင်းဆိုရင် အသင်းလိုက်ကစားပုံကောင်းမွန်တဲ့ အသင်းတစ်သင်းပါ။ ဂျူဗင်တပ်စ် အသင်း တိုက်စစ်ပိုင်းမှာလည်း မီလစ်ဒဏ်ရာရရှိနေတယ်ဆိုပေမယ့် ချီယေဆာနဲ့ ဗလာဟိုဗစ်ချ်တို့ရှိနေလို့   တိုက်စစ်ပိုင်းကတော့ အင်အားတောင့်တင်းမှုရှိလို့ ဖီအိုရင်တီးနားအသင်းကို   အကောင်းဆုံးကစားနိုင်မှာပါ။   ဂျူဗင်တပ်စ်အသင်းက   ဖီအိုရင်တီးနားအသင်းနဲ့တွေ့ဆုံခဲ့တဲ့ နောက်ဆုံးငါးပွဲမှာလည်း တစ်ပွဲသာရှုံးနိမ့်ပြီး တစ်ပွဲသရေရလဒ်နဲ့ သုံးပွဲအနိုင် ရရှိထားပါတယ်။

ဖီအိုရင်တီးနားအသင်းကတော့ ၂၉ ပွဲကစားပြီးချိန်မှာ ရမှတ် ၄၃ မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၁၀) နေရာမှာ ရပ်တည်နေလို့ တန်းဆင်းဇုန်ဖိအား မရှိတော့သလို ဥရောပဝင်ခွင့်မျှော်လင့်ချက်လည်းမရှိတော့လို့  လက်ကျန် ပွဲစဉ်တွေမှာတော့ သူတို့အတွက်  ရလဒ်ပိုင်းက   အရေးမကြီးတော့ပါဘူး။ ဒီဘောလုံးရာသီ ဖီအိုရင်တီးနား အသင်းရဲ့ အဝေးကွင်းခြေစွမ်းပိုင်းက စိတ်ချလို့မရဘဲ ၁၄ ပွဲကစားပြီး ချိန်မှာ လေးပွဲသာ အနိုင်ရရှိပြီး လေးပွဲသရေရလဒ်နဲ့ ခြောက်ပွဲရှုံးနိမ့်ထားလို့ အဝေးကွင်းဆိုရင် ခြေစွမ်းပိုင်းတည်ငြိမ်မှုမရှိပါဘူး။ ဖီအိုရင်တီးနား အသင်းရဲ့   နောက်ဆုံးကစားတဲ့   စီးရီးအေငါးပွဲမှာလည်း  တစ်ပွဲသာအနိုင်ရရှိပြီး သုံးပွဲသရေရလဒ်နဲ့ တစ်ပွဲ ရှုံးနိမ့်ထားလို့ နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပိုင်းက မတည်မငြိမ်ဖြစ်နေပါတယ်။

ဒီနှစ်သင်းတွေ့ဆုံမှုမှာ ဂျူဗင်တပ်စ်အသင်းက ပွဲ  ၂၀  အနိုင်ရရှိပြီး   ဖီအိုရင်တီးနားအသင်းက ငါးပွဲအနိုင်နဲ့    ရှစ်ပွဲသရေရလဒ်ထွက်ပေါ်ထားလို့ ဂျူဗင်တပ်စ်အသင်းက  အသာစီးမှာရှိနေပြီး  ဒီပွဲမှာ အိမ်ရှင်အားသာချက်ရှိတဲ့   ဂျူဗင်တပ်စ်အသင်းပဲ နိုင်ပွဲရယူမှာပါ။

ခန့်မှန်းရလဒ်-        ဂျူဗင်တပ်စ် ၁        - ၀ ဖီအိုရင်တီးနား

          မိုနာကို         Vs      ရင်းနက်စ်

ကစားမည့်ရက်/အချိန်

(၇-၄-၂၀၂၄ ည ၉း၃၅ နာရီ)

နောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

          မိုနာကို         ၁       -        ၁       ရင်းနက်စ်

          ရင်းနက်စ်     ၂        -        ဝ       မိုနာကို

          ရင်းနက်စ်     ၁       -        ၂        မိုနာကို

နောက်ဆုံးသုံးပွဲ အနိုင်၊ အရှုံးအခြေအနေ

မိုနာကို         ဝေး(နိုင်)      အိမ်(သရေ)  ဝေး(နိုင်)

ရင်းနက်စ်     အိမ်(နိုင်)      ဝေး(ရှုံး)       ဝေး(ရှုံး)

ချန်ပီယံလိဂ်ဝင်ခွင့်အတွက်   ဘရက်စ်အသင်း၊ လိုင်လီအသင်းတို့နဲ့အားပြိုင်နေရတဲ့ မိုနာကိုအသင်း က အိမ်ကွင်းမှာ ရမှတ်ပြည့်ရရှိဖို့ အမှားခံမှာမဟုတ်ပါဘူး။ မိုနာကိုအသင်းက ၂၇ ပွဲကစားပြီးချိန်မှာ ရမှတ်  ၄၉  မှတ်နဲ့  ချန်ပီယံလိဂ်ပြိုင်ပွဲတိုက်ရိုက် ဝင်ခွင့်နေရာဖြစ်တဲ့ အဆင့်(၄)နေရာမှာရပ်တည်နေ တယ်ဆိုပေမယ့် အဆင့်(၃)နေရာက လိုင်လီအသင်းနဲ့ ရမှတ်တူနေသလို အဆင့်(၂)နေရာက ဘရက်စ်အသင်းနဲ့လည်း  တစ်မှတ်သာကွာဟနေလို့ အခုပွဲစဉ်မှာ နိုင်ပွဲရယူနိုင်ဖို့ အဆင့်(၂)နေရာပြန်လည်တက်လှမ်းခွင့်အတွက် မျှော်လင့်ချက်ရှိနေပါတယ်။ မိုနာကိုအသင်းက နောက်ဆုံးကစားတဲ့ငါးပွဲမှာလည်း ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားပြီး သုံးပွဲအနိုင်ရရှိပြီး နှစ်ပွဲသရေရလဒ်ထွက်ပေါ်ထားပါတယ်။ ဘန်ရီဒါဦးဆောင်နေတဲ့   မိုနာကိုအသင်းတိုက်စစ်ပိုင်းကလည်း နောက်ပိုင်းပွဲစဉ်တွေမှာ ဂိုးသွင်းအားပြန်လည်ကောင်းမွန်နေပါတယ်။

ရင်းနက်စ်အသင်းကတော့ နောက်ဆုံးကစားတဲ့ ငါးပွဲမှာ  တစ်ပွဲသာအနိုင်ရရှိပြီး  သုံးပွဲရှုံး၊  တစ်ပွဲသရေရလဒ်ရရှိထားလို့   နောက်ပိုင်းပွဲစဉ်တွေမှာ ရုန်းကန်နေရပါတယ်။ ရင်းနက်စ်အသင်းက ယူရိုပါကွန်ဖရန့်လိဂ် ပြိုင်ပွဲဝင်ခွင့်အတွက်တော့ မျှော်လင့်ချက်ရှိနေသေးတယ်ဆိုပေမယ့် လက်ရှိခြေစွမ်းပိုင်း အရတော့ မျှော်လင့်ချက်က အတော်လေးနည်းပါးနေပါတယ်။ ရင်းနက်စ်အသင်းက ဒီဘောလုံးရာသီအဝေးကွင်း ၁၃ ပွဲကစားပြီးချိန်မှာ သုံးပွဲသာအနိုင်ရရှိပြီး ခြောက်ပွဲသရေရလဒ်နဲ့ လေးပွဲရှုံးနိမ့်ထားလို့ အဝေးကွင်းဆိုရင် စွမ်းဆောင်ရည်ပိုင်းက အားရစရာမကောင်းပါဘူး။ ရင်းနက်စ်အသင်းခံစစ်ပိုင်းကလည်း နောက်ဆုံးငါးပွဲမှာ ပွဲစဉ်တိုင်းနီးပါးဂိုးပေးနေရပြီး တိုက်စစ်ပိုင်းက နှစ်ပွဲဆက်ဂိုးပေါက်ပျောက်တဲ့အထိ ရုန်းကန်နေရပါတယ်။

ဒီနှစ်သင်းတွေ့ဆုံမှု အပိုင်းမှာဆိုရင်တော့  မိုနာကို အသင်းက ၁၃ ကြိမ်အနိုင်ရရှိကာ ရင်းနက်စ်အသင်းကတော့   ငါးကြိမ်သာ အနိုင်ရရှိခဲ့ပြီး   ခုနစ်ကြိမ်သရေရလဒ် ရရှိထားပါတယ်။   လက်ရှိခြေစွမ်းပိုင်းအသာစီးမှာရှိနေတဲ့ မိုနာကိုအသင်းပဲ ရလဒ်ကောင်းမှာပါ။

ခန့်မှန်းရလဒ်- မိုနာကို ၂ - ၁ ရင်းနက်စ်

စည်သူအောင်