နမ့်စန်မြို့နယ်၊နားရိုင်းရွာသစ်၊ ခါနန်(ကောင်းခမ်း) ကျေးရွာရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

နမ့်စန်မြို့နယ်၊နားရိုင်းရွာသစ်၊ ခါနန်(ကောင်းခမ်း) ကျေးရွာရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၄ ဧပြီ ၇

          ရှမ်းပြည်နယ်(တောင်ပိုင်း)၊နမ့်စန်မြို့နယ်၊နားရိုင်းရွာသစ်၊ခါနန်(ကောင်းခမ်း) ကျေးရွာရှိ ဒေသခံ တိုင်းရင်းသားပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ် ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ဘုန်းတော် ကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

          ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သွေးတိုးရောဂါ ၊ ဆီးချိုရောဂါ၊ အရိုးအကြောရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ဒေသခံတိုင်းရင်းသားပြည်သူ ၁၈၄ ဦးတို့အား လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက် ရောက်ကုသရန် လိုအပ်သူများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသ နိုင်ရေးစီစဉ် ဆောင်ရွက်ပေးသည်။

           ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့ပြင် တိုင်းမှူးနှင့်တာဝန်ရှိသူများက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ ဓမ္မာရုံ ဆောက်လုပ်ရန်အတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။