သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တ ပညာဇောတ ဦးစီးပဓာနပြု၍ ရှင်သာမဏေ အပါး (၅၀၀၀) ရှင်ပြုခြင်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်

 

သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တ ပညာဇောတ ဦးစီးပဓာနပြု၍ ရှင်သာမဏေ အပါး (၅၀၀၀) ရှင်ပြုခြင်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ ၂၀၂၄ ဧပြီ ၇

သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ ပညာဇောတ ဦးစီးပဓာနပြု၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တပြည့်သာဝက အပေါင်းတို့စုပေါင်း၍ ကျင်းပပြုလုပ်သော ရှင်သာမဏေ အပါး (၅၀၀၀)ရှင်ပြုခြင်းနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း အလှူတော်မင်္ဂလာ အခမ်း အနားကို ဧပြီလ ၆ ရက်နှင့် ယနေ့တို့တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ဗိသာနိုးပျူမြို့တော်ဟောင်း အတွင်းရှိ ရွှေရောင်တော်ဘုရားအနီး ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင်၊ စလင်းမြို့၊ လက်ပံပင်စာသင်တိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ ပဏ္ဍိတ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ် ကြည်ခိုင်နှင့် တာဝန် ရှိသူများ၊ ရှင်သာမဏေလောင်းများနှင့် မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော်ကြီး၏ အစီအစဉ်ဖြင့် ရှင်သာမဏေလောင်း ၅၆၀၂ ဦးအား သပိတ်၊ သင်္ကန်းနှင့် တူညီ ဝတ်စုံများ ထောက်ပံ့ပေးသည်။ ထို့နောက် ရှင်သာမဏေလောင်းများက ဆရာတော် ကြီး ဒေါက်တာ ဘဒ္ဒန္တ ပညာဇောတ ထံမှ သင်္ကန်းတောင်း၍ ဆယ်ပါးသီလခံယူ ဆောက်တည်ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ ပညာဇောတ အမှူးပြုသော သံဃာတော်များနှင့် ရှင်သာမဏေများကို ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာသူများက ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တကုမာရ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ် တရားတော်များ နာယူကြည်ညိုကြသည်။

၎င်းနောက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက  ပေးပို့လှူဒါန်းသော လှူဒါန်း ငွေများ၊ စေတနာရှင် အလှူရှင်များမှ လှူဒါန်းငွေများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာသူများက ကြွရောက်လာသော ဆရာတော်၊ သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြပြီး နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၊ အဖွဲ့ဝင်၊ စလင်းမြို့၊ လက်ပံပင်စာသင်တိုက်၊ ပဓာနနာယက ဆရာတော် အဂ္ဂမဟာ ဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍိတထံမှ သာဓုအနုမောဒနာ တရားနာကြားကာ လှူဒါန်းမှု အစုစုတို့အတွက်ရေစက်သွန်းချအမျှပေး ဝေကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာသူများက ကြွရောက် လာသော ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။