ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်း ဓနိချပ်ရေ ၄၅၀၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေး မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လ အတွင်း ဓနိချပ်ရေ ၄၅၀၀၀၀ အထိ တင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ် မှ ဓနိရောင်းဝယ်ရေး ပွဲရုံလုပ်ငန်း လုပ်ကိုင် သူ ဒေါ်ဇာခြည်၏ ပြောဆိုချက်အရ သိရသည်။
ဘိုကလေးမြို့နယ်မှထွက်ရှိသည့် ဓနိချပ်များကို ဒေသဈေးကွက်အပြင် ရန်ကုန် ဈေးကွက်သို့ အဓိကတင်ပို့ ရောင်းချလျက် ရှိပြီး ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်း က ဓနိချပ်ရေ ၄၅၀၀၀၀ အထိ တင်ပို့ ရောင်းချနိုင်ခဲ့သည်။
“ဘိုကလေးမြို့နယ်က တောင်သူတွေ က စပါးအပြင် ဓနိနဲ့တခြားသီးနှံတွေကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပါတယ်။ ဓနိစိုက် ပျိုးရေးလုပ်ငန်းကတော့ ဒေသခံတွေ အတွက် စီးပွားရေး လုပ်ငန်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ် လက ရန်ကုန်ဈေးကွက်က ဓနိချပ်ဝယ် လိုအားကောင်းခဲ့ပါတယ်။ ဝယ်လိုအား ကောင်းခဲ့တဲ့အတွက် ဒေသခံဓနိလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ဓနိထိုးလုပ်သားတွေပါ အဆင်ပြေလာကြပါတယ်” ဟု ဒေါ်ဇာခြည် ကပြောသည်။
ထိုသို့ဓနိချပ်များ ဝယ်လိုအားကောင်း လာခြင်းကြောင့် ဓနိစိုက်ပျိုးရေး လုပ်ငန်းရှင်များ၊ ဓနိထိုးလုပ်သားများ၊ ဓနိရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင်များ အဆင်ပြေလျက် ရှိကြောင်း သိရသည်။
“ဓနိချပ်ဈေးက အရင်နှစ်ကထက် ဒီနှစ်က ဈေးကောင်းပိုရနေပါတယ်။ ဓနိ ချပ် ၁၀၀ ကို ငွေကျပ် ၁၁၀၀၀ အထိ ဈေးရနေပါတယ်” ဟု ဘိုကလေးမြို့နယ် မှ ဓနိထိုးလုပ်သား ကိုသန်းအေးကပြော သည်။
ဘိုကလေးမြို့နယ်၌ ဓနိစိုက်ပျိုးရေးကို ကျေးရွာ ၁၄ ရွာမှ ဒေသခံအများစုက လုပ်ကိုင်ကြကြောင်း၊ လက်ရှိတွင် ဓနိချပ် ရေ ၁၀၀ လျှင် ငွေကျပ် ၁၁၀၀၀ အထိ ဈေးရှိကြောင်း သိရသည်။