အောင် ရဲ့ အောင်
ယမန်နေ့မှအဆက်
အောင်ကဖြေတော့ အားလုံး တသောသောရယ်မောကြကာ ဆန်းဆန်းမြင့်သည် ချောစုနှင့်အောင်တို့ အပြောနှင့် ရင်းနှီးနေသော ဒေဝကို လှမ်း၍...
“ကိုဒေဝတော့ မလွယ်တော့ဘူး၊ ထူမလိုလိုနဲ့ တကယ် အတယ်၊ ဒီကောင်မလေး သက်သက် အမှတ် ယူနေတာ၊ အောင် ဒီလောက်စွံမယ်များ ထင်နေသလား”
“ခွေးမလေးတွေ”
ဒေဝက ဆဲရေးလိုက်လေသည်။
ချောစုက ရယ်လျက်...
“ငါ သနားလိုက်တာဟယ် ဒေဝကြီးကို၊ အနှစ် နှစ်ဆယ်လောက်ပြတ်ကျန်ခဲ့ပြီ”
“ဘယ်သိမလဲဟ၊ နင်တို့က ခပ်တည်တည်နဲ့ဆိုတော့၊ ဟင်း သေကြပါစေတော်”
ဒေဝက မျက်စောင်းတစ်ချက်ထိုးပြီး ကောင်မလေး တွေ ကျိန်သလို ကျိန်လိုက်သဖြင့် အောင်သည် တဟားဟား ရယ်မောမိပြန်သည်။
အခန်း (၂၃)
ကိုလတ်နှင့် ကိုအောင်တို့သည် စောင်းလျားပင် အောက်၌ ကုလားထိုင်တစ်လုံးစီတွင် စိမ်ပြေနပြေ ထိုင်ရင်း ဆေးလိပ်များ ဖွာရှိုက်နေကြသည်။
အဆောင်ပြတင်းကြားမှ အသာချောင်းကြည့်နေ ကြသော မိန်းကလေးတချို့ကိုလည်း ဂရုမထား။
နည်းနည်းမှ ကြောက်ခြင်း၊ တွန့်ဆုတ်ခြင်းမရှိ။
ခပ်တည်တည်နှင့် ရယ်ရယ်မောမော စကားထိုင်ပြောနေကြသည်။
ဆန်းဆန်းမြင့်က အဆောင်ခန်းထဲမှ လှမ်းကြည့်ပြီး ...
“ဟိုမှာဟေ့ ကြည့်စမ်း၊ ကိုလတ်နဲ့ကိုအောင်တို့ အပြတ်ရင့်တယ်ဟာ၊ ခပ်တည်တည်ပဲ၊ သူတို့အိမ်များ မှတ်နေလားမသိဘူး”
ချောစုက အောင့်ဘက် မေးထိုးပြကာ “အေးပေါ့ ဟဲ့...သူ့မယားအိမ်ပဲ” ပြောလိုက်တော့...
အောင်သည် ချောစု၏ပါးစပ်ကို ကပျာကယာ လှမ်းပိတ်လိုက်ကာ...
“မိချောစု...ကောင်မ၊ သူတို့ကြားသွားမယ်ဟာ”
“ကြားတော့ နားဖောက်ပြီးသားဖြစ်တာပေါ့”
ကိုလတ်နှင့် ကိုအောင်တို့ ပြန်သွားသည်အထိ အောင်သည် ချောစုကို စိတ်ဆိုးနေသည်။
ချောစုက ရယ်မောကာနေဆဲ...
“အံမယ် အံမယ်၊ ကောင်မ အရှက်မရှိတဲ့ မျက်နှာက ရှက်နေလိုက်တာ၊ နင် ရှက်တယ်ဆိုတာက မရိုးလို့ ပဲ”
“ဘာဆိုင်လို့လဲ၊ ရှက်တာက ရှက်တာပဲပေါ့၊ ကြားသွားရင် ဘယ်ကောင်းမလဲ၊ ငါ ကိုလတ်မျက်နှာကို ဘယ်လိုကြည့်ရမလဲ၊ ပြီးတော့ ကိုလတ်တို့၊ ကိုအောင် တို့ဆိုတာ ပါးလိုက်တာမှ လှစ်နေတာပဲ၊ သိသွားရင် ငါ့မျက်နှာ ဘယ်သွားထားရမလဲ”
“ကိုလတ်ရင်ခွင်ထဲ ထားလိုက်ပေါ့”
“သေပါလား”
အောင်က အဟုတ်တကယ် စိတ်ဆိုးလာပြန်သည်။
ချောစုကလည်း အောင်မကြိုက်တာကိုပဲ တမင် နောက်ပြောင်သည်။
အောင်က မြန်မာဝတ္ထုတချို့မှ ဇာတ်လိုက်မင်းသမီး တွေ၊ ဇာတ်လိုက်မင်းသား ရင်ခွင်ကျယ်ကြီးမှာ ဆိုလား၊ ခေါင်းစိုက်ပြီး တဟင်းဟင်းငိုနေတာတွေကို ရေးတာလောက် မုန်းတာမရှိဘူးတဲ့။
“ငါ သိပ်ရွံတာပဲဟာ၊ ဝတ္ထုထဲက ကောင်မလေး တွေကလည်း အိညှက်အိညှက်နဲ့၊ အလကားနေရင်း အားငယ်နေတာပဲ၊ ဇာတ်လိုက်မင်းသား၊ ရင်ဘတ် ကျယ်ကြီးကို ဖွဲ့နေတာတခမ်းတနား၊ အမျိုးသမီးစာရေး ဆရာတွေတောင်ပါသေး ထွီ၊ ငါ ၁၂ နှစ်သမီးတုန်းက အဲဒီလိုဝတ္ထုမျိုးတွေဖတ်ပြီး အရွယ်ရောက်လာလို့ ငါများ ယောကျ်ားယူရင် ယောကျ်ားပိန်ပိန်လေး ယူမယ်၊ ဖိုးသမားကိုတောင် ယူမယ်ပြောတာ၊ ငါ သိပ်ရယ်စရာကောင်းတာပဲ၊ အတွေးပေါက်တာလားတော့ မသိဘူး” အောင်က ပြောဖူးသေးသည်။
ဒါကြောင့် ကိုလတ်ကို ကြိုက်တာလား မသိဘူးဟု ချောစုက နောက်သည်။
ကိုလတ်က ပိန်တယ်။
ဒါပေမဲ့ ပခုံးကျယ်လို့ ယောကျ်ားပီသပါတယ်။
ကိုအောင်လည်း ကိုလတ်နှင့် ကိုယ်လုံးကိုယ်ပေါက် ချင်းဆင်တယ်။
တကယ်လို့များ ကိုလတ်က အောင့်ကို မချစ်ဘဲနှင့် ချောစုကိုများချစ်နေလျှင် ကိုအောင့်ကို ယူဖြစ်အောင် ယူပါဟု ချောစုက အောင့်ကို တိုက်တိုက်တွန်းတွန်း ပြောရင်း နောက်ပြန်သည်။
“ဟင်...မမစံ တကယ်ပြောတာလား”
ချောစုက ဝမ်းနည်းသလို ငိုပြနေသည်။
“အို...တို့အားလုံး အပျိုကြီးတွေဖြစ်မှာပဲ၊ ဘယ်သူ မှ ယောကျ်ားမယူကြေးဟေ့၊ ရည်းစားတော့ ထားချင် ထား၊ ယောကျ်ားမယူရဘူး၊ အပျိုကြီးပါတီ၊ မြန်မာပြည်ပဲ”
အောင်က တစ်ချက်လွှတ်အမိန့်တော်ထုတ်ပြန်လေ သည်။
ဆန်းဆန်းမြင့်က သည်တော့ ခါးထောက်ကာ အောင်တို့အားကြည့်ရင်း...
“နေစမ်းပါဦး၊ မင်းတို့အပျိုကြီးမလုပ်လည်း ဘယ်သူက နင်တို့ကို ကြိုက်မှာမို့လဲ၊ မမစံ ကန်တော့နော်”
“အေး... ဒါလည်းဟုတ်တာပဲ၊ ငါတို့ကုသိုလ်ပေါ့ဟယ်”
ချောစုက မျက်နှာငယ်လေးနှင့် အားငယ်သလို ပြောလိုက်လေသည်။
“မကမြင်းတတ်လို့ပါဟယ်၊ ကမြင်းတတ်ရင် ယောကျ်ားမရှားပါဘူး”
ဆန်းဆန်းမြင့်က ပယ်ပယ်နယ်နယ်ပြောနေသေး သည်။
“အေးဟဲ့... တို့ အရင်အဆောင်တုန်းက ညို ခြောက်ခြောက် ကောင်မလေးတစ်ယောက်များ စာမေး ပွဲလည်း တဖုန်းဖုန်းကျ၊ အကျင့်ကလည်း အသက်နဲ့ ရည်းစားနဲ့အမျှ၊ တစ်လောက လင်ရသွားတာ မတွေ့ ဘူးလား”
အောင်ကပြောတော့...
“ဟဲ့...သူက အပျိုမဟုတ်ဘူး၊ သူတို့မြို့မှာ ယောကျ်ားရပြီးသားတဲ့၊ ကလေးတောင် ရပြီးပြီတဲ့”
ချောစုအပြောတွင် သူတို့သုံးယောက် ခေါင်းတွေမှာ ဆိုင်လာကြလေသည်။
ဆက်လက်ဖော်ပြပါမည်။