ရှမ်းပြည်နယ် တာချီလိတ်ခရိုင်နှင့် မြို့နယ်အတွင်းရှိ အားကစားကွင်း/အားကစားရုံများကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကြည့်ရှုစစ်ဆေး

 

ရှမ်းပြည်နယ် တာချီလိတ်ခရိုင်နှင့် မြို့နယ်အတွင်းရှိ အားကစားကွင်း/အားကစားရုံများကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကြည့်ရှုစစ်ဆေး

 

    အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယမန်နေ့  နံနက်ပိုင်းက  ရှမ်းပြည်နယ် တာချီလိတ်ခရိုင်  အားကစားခန်းမနှင့် ကြက်တောင်အားကစား ခန်းမတို့ကို လည်းကောင်း၊ မြို့မအားကစားကွင်းနှင့် အားကစားကွင်းအတွင်းရှိ ပိုက်ကျော်ခြင်း/ဘော်လီဘော အားကစားရုံ၊ လက်ဝှေ့ရုံရှိ (GYM) လေ့ကျင့်ရေးခန်းမနှင့် အလေးမ အားကစားရုံတို့ကို လည်းကောင်း၊ တာချီလိတ်မြို့နယ်ရှိ ဘိလိယက်နှင့် စနူကာအားကစား ခန်းမတို့ကို လည်းကောင်း လိုက်လံကြည့်ရှု စစ်ဆေးပြီး အားကစားကွင်း/အားကစားရုံများ ရေရှည်တည်တံ့စေရေးနှင့် စိမ်းလန်းစိုပြည်မှု ရှိစေရေးတို့အတွက် ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများကို  မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ အားကစားနည်းအလိုက် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည့် နည်းပြနှင့် အားကစားသမားများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နွေရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေး အန္တရာယ်နှင့် နယ်မြေဒေသ အခြေအနေများအရ လုံခြုံရေးအထူး ဂရုစိုက်ကြရန်လိုကြောင်း၊ အသိပညာဗဟုသုတများ တိုးပွားစေရန် စာအုပ်စာပေများ လေ့လာဖတ်ရှုပြီး ပညာဝမ်းစာပြည့်အောင် အစဉ်အမြဲကြိုးစားသွားကြရန် လိုကြောင်း၊ မိမိတို့အား ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှကြိုးစား ဆောင်ရွက်သွားရန်၊ နည်းပြများအနေဖြင့်လည်း မိမိတို့၏ အရည်အသွေးများ တိုးတက်စေရန်နှင့် ပြောင်းလဲလာသည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို သိရှိအောင် အမြဲမပြတ်လေ့လာမှတ်သားပြီး  မိမိကဲ့သို့ ထူးချွန်သည့် အားကစားသမားကောင်းများကို မွေးထုတ်ပေးနိုင်သည့် နည်းပြကောင်းများ ဖြစ်အောင် ကြိုးစားသွားရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များ၊ အခက်အခဲများနှင့် အားကစားလေ့ကျင့်မှုများ ပြုလုပ်နိုင်ရန်အတွက်  လိုအပ်သည့် အားကစားအထောက်အကူပြု ပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။