လေဖြတ်နိုင်ခြေပိုများသော အခြေအနေများနှင့် ဆောင်ရန် ရှောင်ရန်

 

လေဖြတ်နိုင်ခြေပိုများသော အခြေအနေများနှင့် ဆောင်ရန် ရှောင်ရန်

တချို့လူတွေမှာ လေဖြတ်နိုင်ခြေပိုများတဲ့ အခြေအနေတွေ ရှိနေတတ်ပါတယ်။ ကိုယ့်မှာ လေဖြတ်နိုင်ခြေရှိတဲ့ အချက်တစ်ခုခုရှိနေမယ်ဆိုရင် သတိထားပြီး ရှောင်ကြဉ်သင့်ပါတယ်။ ရှောင်ကြဉ်လို့မရတဲ့အချက်ရှိသလို ရှောင်ကြဉ်လို့ရတဲ့ အချက်တွေလည်း ရှိပါတယ်။

လေဖြတ်ခြင်းက  သက်ကြီးအမျိုးသားတွေမှာသာ ဖြစ်နိုင်တယ်လို့ ထင်မြင်တာက မှားယွင်းတဲ့ အယူအဆတစ်ခု ဖြစ်ပါတယ်။ တကယ်တော့ အမျိုးသမီးတွေက အမျိုးသားတွေထက် လေဖြတ်နိုင်ခြေ ပိုများပါတယ်။ လေဖြတ်ခြင်းကြောင့် သေဆုံးသူရဲ့ ၆၀ ရာခိုင်နှုန်းက အမျိုးသမီးတွေ ဖြစ်နေတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။  လေဖြတ်တာနဲ့ပတ်သက်လို့ အကြောင်းအရာတွေ ရှာဖွေဖတ်ရှုလေ့လာပြီး  ဆင်ခြင်နေထိုင်ဖို့ လိုပါတယ်။

အရက်အလွန်အကျွံသောက်သူတွေမှာ သွေးကြောထဲသွေးခဲတာ ဖြစ်နိုင်ခြေပိုများပါတယ်။ လူလတ်ပိုင်း အရက်အလွန်အကျွံသောက်သူတွေက နှလုံးနဲ့သွေးကြောရောဂါတွေ ဖြစ်ပွားမှုထက် လေဖြတ်နိုင်ခြေ ပိုများပါတယ်။ အရက်အနည်းငယ်သာ သောက်သူတွေထက် လေဖြတ်နိုင်ခြေ ၃၄ ရာခိုင်နှုန်း ပိုများတယ်လို့ ၂၀၁၅ ခုနှစ်က အမေရိကန်နှလုံးရောဂါအဖွဲ့ရဲ့ လေ့လာမှုအရသိရပါတယ်။ အသက် ၅၀-၆၀ အရွယ်အရက်အလွန်အကျွံသောက်သူတွေ ပုံမှန်လူ့သက်တမ်းထက် အသက်ငါးနှစ်ပိုတိုတယ်လို့ သိရပါတယ်။

အလုပ်သွားရလို့ တစ်ပတ်လုံးအရက်မသောက်ဘဲ အလုပ်ပိတ်ရက်မှာ  အရက်အလွန်အကျွံသောက်တာကလည်း  ၁၂  နာရီအတွင်း လေဖြတ်နိုင်ခြေမြင့်မားစေတယ်လို့ သိရပါတယ်။ အရက်ကိုရှောင်နိုင်ရင် ကောင်းပေမယ့် ကိုယ်က မရှောင်နိုင်ဘူးဆိုရင် အလွန်အကျွံမသောက်သင့်ပါဘူး။ ညစာမစားမီမှာ အမျိုးသားဆိုရင်နှစ်ပက်၊ အမျိုးသမီးဆိုရင် တစ်ပက်က ပြဿနာမရှိဘဲ နှလုံးနဲ့သွေးကြောရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ ဒါ‌ပေမဲ့ အရက်ကစွဲလမ်းမှုဖြစ်စေတာကြောင့် မသောက်တာဘဲ ကောင်းပါတယ်။ အရက်စွဲရင် အသည်းမှာတင် အသည်းအဆီဖုံးခြင်း၊ အသည်းရောင်ခြင်း၊ နာတာရှည်အသည်းရောင်ခြင်း၊ အသည်းမှာ အမာရွတ်စွဲထင်ခြင်း၊ အသည်း<ကပ်ဆတ်နာ၊ အသည်းကင်ဆာတို့အပြင် လေဖြတ်စေနိုင်လို့ ရှောင်ကြဉ်သင့်ပါတယ်။

မိသားစုရင်းချာတွေဖြစ်တဲ့ အဖေ၊ အမေ၊ အစ်ကို၊ အစ်မတွေမှာ လေဖြတ်ဖူးရင် တခြားသူတွေထက် ကိုယ့်မှာ လေဖြတ်နိုင်ခြေသုံးပုံတစ်ပုံ ပိုများနိုင်ပါတယ်။ တချို့တွေမှာ မျိုးရိုးဗီဇမူမမှန်တာက လေဖြတ်နိုင်ခြေ မြင့်မားတာကို တွေ့ရပါတယ်။ ဥပမာပြောရရင် တံစဉ်ပုံ (Sickle cell) ရောဂါရှိသူတွေက  တခြားသူတွေထက်  လေဖြတ်နိုင်ခြေမြင့်မားတာ တွေ့ရပါတယ်။ လူမျိုးအနေနဲ့ အမေရိကလူမည်းတွေက လူဖြူတွေထက် လေဖြတ်နိုင်ခြေပိုများတာကိုတွေ့ရပါတယ်။

မျိုးရိုးဗီဇပြောင်းလဲလို့မရတာကြောင့်  ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုပုံစံကိုပြောင်းလဲသင့်ပါတယ်။ ကိုယ်အလေးချိန်ထိန်းသင့်ပါတယ်။

လူတိုင်း BMI ၁၈ ဒသမ ၉ ကနေ ၂၄ ဒသမ ၉ အတွင်းရှိသင့်ပါတယ်။ BMI ဆိုတာ   ကိုယ်အလေးချိန်(ကီလိုဂရမ်)ကို  အရပ်အမြင့်မီတာ (နှစ်ထပ်ကိန်း)နဲ့ စားလို့ရတဲ့ရလဒ်ဖြစ်လို့ ကိုယ်အလေးချိန် ထိန်းသင့်ပါတယ်။ BMI ၂၅ နဲ့အထက်ဖြစ်နေခဲ့ရင် နှလုံးနဲ့သွေးကြော ရောဂါဖြစ်နိုင်ခြေမြင့်မားတယ်လို့ သိရပါတယ်။ သွေးဖိအားမြင့်မားတာ၊ အင်ဆူလင်ဟော်မုန်း အာနိသင်မရတာ၊   ထရိုင်ဂလစ်စရိုက်  (Triglyceride) မြင့်မားတာ စတာတွေအပြင်  ကိုယ်အလေးချိန်များတာကြောင့်  ဇီဝရုပ်ဖြစ်ပျက်မှုလည်း နှေးကွေးစေပါတယ်။

လက်ရှိ  ကိုယ်အလေးချိန်ရဲ့  ၁၀  ပေါင်လောက်  လျှော့ချနိုင်ရင်သွေးဖိအားနဲ့ သွေးတွင်း အဆီဓာတ်တွေ လျော့နည်းစေလို့ လေဖြတ်နိုင်ခြေလျော့နည်းစေပါတယ်။  ဆီသုံးရင် မပြည့်ဝဆီ (Unsaturated Fat)ဖြစ်တဲ့ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ သံလွင်ဆီတို့ သုံးသင့်ပါတယ်။

အသင့်အမြန်စားအစာတွေဖြစ်တဲ့ ဟမ်ဘာဂါ၊ ဆင်းဒဝှစ်ချ်၊ ပီဇာ၊ အာလူးကြော်နဲ့ လမ်းဘေးမှာရောင်းတဲ့ ထမင်း၊ ဟင်းတို့က ပြည့်ဝဆီနဲ့ ပြုလုပ်ထားတာဖြစ်လို့ လူ့ခန္ဓာကိုယ်ထဲ မကောင်းတဲ့အဆီ(LDL-Low Density Lipoprotein)  များစေခြင်း၊   ထရိုင်ဂလစ်စရိုက် များစေခြင်းနဲ့အတူ အဆီစုဝေးကာ အဝလွန်ခြင်း၊ ဆီးချိုသွေးချိုရောဂါ၊ နှလုံးနှင့်သွေးကြောရောဂါ၊  သွေးတိုးရောဂါတို့ဖြစ်စေလို့  အိမ်မှာချက်ပြုတ်စားတာက အဲဒီရောဂါတွေ ကင်းစင်စေပါတယ်။

ဆေးလိပ်သောက်ခြင်းက   လေဖြတ်နိုင်ခြေများတယ်။   ဆေးလိပ်သောက်တာက သွေးကြောနံရံတွေကို ထူထဲစေတာ၊ သွေးလွှတ်ကြောတွေ ကျဉ်းမြောင်းစေတာ၊ သွေးခဲစေတာ စတဲ့ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဆေးလိပ်က နီကိုတင်းကိုအခြေခံပြီး ဆေးရွက်ကြီးကနေ ထုတ်လုပ်ထားတာဖြစ်လို့ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်း ၄၀ ကျော်နဲ့ တခြားဓာတုပစ္စည်း ၄၀၀၀ ကျော်ပါဝင်လို့ ရှောင်ကြဉ်သင့်ပါတယ်။ ဆေးလိပ်ဖြတ်ရင် အီးစီးကရက်နဲ့မဖြတ်သင့်ပါဘူး။ အီးစီးကရက်က နီကိုတင်းပါဝင်ပြီး ဓာတုရနံ့ထည့်ထားလို့  လူကိုစွဲလမ်းမှု ဖြစ်စေပါတယ်။ဆေးလိပ်သောက်သူ၊ အီးစီးကရက်သောက်သူတွေမှာ သွေးဖိအားမြင့်မားတာ၊ သွေးတွင်းမကောင်းတဲ့ အဆီများတာ၊ ကောင်းတဲ့အဆီနည်းစေတာ စတာတွေက လေဖြတ်နိုင်ခြေကို မြင့်မားစေပါတယ်။

အကောင်းဆုံး ဖြေရှင်းနည်းက ဆေးလိပ်ဖြတ်သင့်ပါတယ်။ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်ရသူတွေက ဆေးလိပ်ငွေ့ကင်းစင်တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်သူတွေထက်  လေဖြတ်နိုင်ခြေ  ၃၀  ရာခိုင်နှုန်းပိုများပါတယ်။ ဆေးလိပ်ဖြတ်ဖို့ ခဲယဉ်းနေတယ်ဆိုရင် ပီကေဝါးတာ၊ သကြားလုံးဝါးတာတွေ ပြုလုပ်ပြီး ရှောင်ရှားနိုင်ပါတယ်။ တဖြည်းဖြည်းချင်းလျှော့သောက်သင့်ပါတယ်။   ကလေးငယ်နဲ့  တခြားသူတွေရှိနေတဲ့   အနီးဝန်းကျင်မှာ ဆေးလိပ်သောက်တာရှောင်သင့်ပါတယ်။ ဆေးလိပ်က အဆုတ်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာနဲ့ ကွမ်းစားသူတွေမှာ ပါးစောင်ကင်ဆာ၊ လျှာကင်ဆာ၊ အသံအိုးကင်ဆာဖြစ်စေလို့ ကွမ်းနဲ့ဆေးလိပ်ဖြတ်သင့်ပါတယ်။ တချို့ကဖြတ်လို့မရဘူးဆိုပြီး ရောဂါဖြစ်မှ ဆရာဝန်ဖြတ်ခိုင်းမှဖြတ်ကြတယ်။

နေ့စဉ် နာရီဝက်ကနေ တစ်နာရီကြာ အပြေး၊ ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊  ရေကူးလေ့ကျင့်ခန်း ပြုလုပ်ပေးသင့်ပါတယ်။  ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ အထိုင်များတဲ့ နေထိုင်မှုပုံစံကြောင့် လေဖြတ်နိုင်ခြေကို မြင့်မားစေတယ်ဆိုတာ သိထားသင့်ပါတယ်။ လူပေါင်း ၂၇၀၀၀ ကျော်ကို လေ့လာခဲ့ရာမှာ သုံးပုံတစ်ပုံက လေဖြတ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းမြင့်မားနေတာ တွေ့ရပါတယ်။ အဲဒီ ၂၀ ရာခိုင်နှုန်းက လုံးဝလေ့ကျင့်ခန်း မလုပ်သူတွေလို့ သိရပါတယ်။

နှလုံးခုန်နှုန်းမမှန်တဲ့အခါ လေဖြတ်ခြင်းဖြစ်နိုင်ပါတယ်။ နှလုံးခုန်နှုန်းမမှန်တာက သွေးလွှတ်ကြောထဲမှာ သွေးတွေစုအိုင်စေပါတယ်။ ဒါကသွေးခဲဖတ်ဖြစ်ပေါ်မှုကို အားပေးပြီး သွေးကြောပေါက်ခြင်း၊ သွေးခဲဖတ်က သွေးစီးကြောင်းမှတစ်ဆင့်  ဦးနှောက်ဆီရောက်ပြီး  နှလုံးရုတ်တရက်တိုက်ခိုက်ခံရခြင်းနဲ့ ဦးနှောက်ရုတ်တရက် တိုက်ခိုက်ခံရခြင်းတို့ ဖြစ်စေပါတယ်။ သွေးဖိအားတက်တာကိုမထိန်းချုပ်နိုင်ရင် နှလုံးခုန်နှုန်းမမှန်ဖြစ်ပြီး လေဖြတ် နိုင်ခြေများ စေပါတယ်။ သွေးကျဲဆေး(Aspilets) သောက်ပြီး နှလုံးခုန်နှုန်း မမှန်တာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

သွေးဖိအားမြင့်မားခြင်း(သွေးပေါင်ချိန်မြင့်မားခြင်း)က လေဖြတ်ခြင်းဖြစ်နိုင်ပါတယ်။   သွေးဖိအားမြင့်မားတာက  လေဖြတ်နိုင်ခြေများတဲ့ အဓိကအချက်ဖြစ်ပြီး ကာကွယ်လို့ရပါတယ်။ သွေးဖိအားမြင့်မားတဲ့အခါ သွေးကြောနံရံတွေထူပြီး မာကျောလာပါတယ်။ အဲဒါက သွေးကြောထဲပိတ်ဆို့မှုတွေ ဖြစ်စေဖို့ အားပေးလို့ သွေးခဲပိတ်ဆို့ပြီး လေဖြတ်နိုင်ခြေ မြင့်မားစေပါတယ်။ ပုံမှန်သွေးကျဆေး၊ သွေးထိန်းဆေး(Amlodipine 5 mg)ကို မနက်စာစားပြီးနဲ့ ညစာစားပြီးချိန်တွေမှာ ပုံမှန်သောက်ပေးရင် သွေးတိုးတာကို ထိန်းပေးနိုင်ပါတယ်။

သွေးဖိအား ပုံမှန်ရှိ၊ မရှိ သွေးပေါင်ချိန်  နေ့စဉ်တိုင်းတာဖို့လိုပါတယ်။ တစ်နှစ်နဲ့တစ်နှစ်၊ တစ်ရက်နဲ့တစ်ရက် သွေးပေါင်ချိန်(သွေးဖိအား) နှိုင်းယှဉ်ကြည့်သင့်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရဲ့ အဆိုအရ သွေးပေါင်ချိန်တိုင်းလိုက်တိုင်း အပေါ်သွေး ၁၄၀၊ အောက်သွေး ၉၀ မီလီမီတာ ပြဒါးထက်ကျော်လွန်တဲ့ အခြေအနေအားလုံးကို သွေးတိုးရောဂါလို့ သတ်မှတ်ပါတယ်။ သွေးဖိအားပုံမှန်ဖြစ်စေဖို့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးတာ၊ ဆားလျှော့စားတာလုပ်ပြီး လိုအပ်ပါက ဆရာဝန်ညွှန်ကြားချက်နဲ့အညီ Amlodipine 5 mg တစ်ကြိမ် သောက်သုံးသင့်ပါတယ်။ သောက်သုံးနေရတဲ့ဆေးဝါးတွေရဲ့ ဘေးထွက် ဆိုးကျိုးကြောင့်လား၊ တခြားရောဂါတွေရဲ့ လက္ခဏာကြောင့်လားဆိုတာ သိရှိဖို့အတွက် ဆရာဝန်နဲ့ပြသတိုင်ပင်ဖို့ လိုအပ်ပါတယ်။  မိမိဘာသာ သွေးပေါင်ချိန်စက်ဝယ်ယူပြီး  သွေးပေါင်ချိန်ကြသူတွေ အနေနဲ့  သွေးတိုး  ရှိ၊ မရှိ သေချာအောင် ဆရာဝန်ထံပြသစစ်ဆေးပြီးမှသာ ဆေးသောက်တာကို ပြုလုပ်သင့် ပါကြောင်း အကြံပြု ရေးသားလိုက်ရပါတယ်။      ။   

ဒေါက်တာလွင်သန့်