ဂါဇာ၌ အရပ်သားသေဆုံးမှုများ ရှိနေသော်လည်း အမေရိကန်က အစ္စရေးကို လက်နက်ထောက်ပံ့မှုမရပ်တန့်လို

 

ဂါဇာ၌ အရပ်သားသေဆုံးမှုများ ရှိနေသော်လည်း အမေရိကန်က အစ္စရေးကို လက်နက်ထောက်ပံ့မှုမရပ်တန့်လို

ဂါဇာကမ်းမြောင်ဒေသ၌ အရပ်သားသေဆုံးမှုများရှိနေသော်လည်း အမေရိကန်အစိုးရအနေဖြင့် အစ္စရေးကို လက်နက်ထောက်ပံ့မှု ရပ်တန့်လိုခြင်း မရှိကြောင်း သိရသည်။

အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသ၌ အရပ်သားအများအပြားသေဆုံးမှုအပေါ် အမေရိကန်က နှုတ်အားဖြင့် သတိပေးစကားပြောသော်လည်း  လက်နက်ထောက်ပံ့ပေးခြင်းကို ရပ်တန့်ရန် ဆန္ဒမရှိကြောင်း အမေရိကန်အစိုးရက ပြောသည်။

အစ္စရေးအနေဖြင့် ဟားမတ်တို့နှင့်ဖြစ်ပွားနေသော စစ်ပွဲအတွင်း အရပ်သားသေဆုံးမှုနည်းပါးအောင် လုပ်ဆောင်ရန် ဂျိုးဘိုင်ဒင်က တိုက်တွန်းထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် ဂါဇာသို့ပေးပို့သော ထောက်ပံ့ရေးယာဉ်တန်းကို အစ္စရေးတို့က တိုက်ခိုက်မှုကြောင့် နိုင်ငံတကာမှ  ထောက်ပံ့ရေးကိုယ်စားလှယ် ခုနစ်ဦးသေဆုံးပြီးနောက် ဂျိုးဘိုင်ဒင်က နေတန်ယာဟုကို ယခုကဲ့သို့ ပြောလာခြင်း ဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုတွင် အစ္စရေးက အမေရိကန်နိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများ အသုံးပြုခဲ့ခြင်းရှိ၊ မရှိကိုမူ တိတိကျကျမသိရကြောင်း အမေရိကန်နိုင်ငံတော်လုံခြုံရေး အကြံပေး ဂျွန်ခါဘီက ပြောထားသည်။

ဂျိုးဘိုင်ဒင်အစိုးရက ကွန်ဂရက်၏ အတည်ပြုမှု   မည်သို့ပင်ရှိသည်ဖြစ်စေ အစ္စရေးသို့ လက်နက်ထောက်ပံ့မှုကို ရပ်တန့်နိုင်သည့် အာဏာရှိကြောင်း အမေရိကန်ဒေသတွင်း သတင်းဌာနတစ်ခုက ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၇ ရက်ကစတင်ဖြစ်ပွားသော   အစ္စရေး-ဟားမတ်စစ်ပွဲအတွင်း ပါလက်စတိုင်း ပြည်သူ ၃၂၉၁၆ ဦးမှာ အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် သေဆုံးရကြောင်း ဂါဇာရှိကျန်းမာရေး တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

                                   Ref: Sputnik