ဆေးလိပ်ဖြတ်ချင်လို့၊ စတိုင်ကျချင်လို့ သုံးနေကြတဲ့ အီး-စီးကရက်များကလည်း ဆိုးကျိုးကြီးပါတယ်

 

ဆေးလိပ်ဖြတ်ချင်လို့၊ စတိုင်ကျချင်လို့ သုံးနေကြတဲ့ အီး-စီးကရက်များကလည်း ဆိုးကျိုးကြီးပါတယ်

မိမိတွင် သူငယ်ချင်းတစ်ယောက်ရှိ၏။ သူက  လူပျိုပေါက်အရွယ်ကတည်းက ဆေးလိပ်ကိုနှစ်ခြိုက်စွာ သောက်လာသူဖြစ်သည်။

အဲဒီအချိန်တုန်းက အခုလိုမျိုးအင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုကြသေးတော့ ဆေးလိပ်နဲ့ပတ်သက်ပြီး ဆိုးကျိုးကို သိသူနည်းသည်။ အခုအချိန်မှာတော့ ဆေးလိပ်ရဲ့ဆိုးကျိုးကို ကောင်းကောင်းကြီး သိလာကြပြီဖြစ်သည်။

မိမိသူငယ်ချင်းလည်း   ဆိုးဝါးလှတဲ့ အဆုတ်ရောဂါနဲ့သေဆုံးရမှာကို ကြောက်လာသည်။ ဒီအတွက်ကြောင့်  ဆေးလိပ် ဖြတ်တော့မည်ဟု ဆိုလာသည်။

သို့သော်  ဆေးလိပ်ဆိုသည်မှာကား လွယ်လင့်တကူဖြတ်လို့ရသောအရာမဟုတ်။ နှစ်ပေါင်းများစွာကြာ ဆေးလိပ်သောက်လာသူအတွက်ဆိုလျှင် ဆိုဖွယ်ရာမရှိတော့။

တချို့က    ဆေးလိပ်ဖြတ်သည်ဟု ကွမ်းစားကြသည်။ နောက်တော့ ကွမ်းစားတာကိုပါစွဲသွားကြသည်။ ဆေးလိပ်သောက်တာလည်း မပြတ်တော့ပေ။

ဒီကနေ့ခေတ်မှာ ဆေးလိပ်အစားထိုး အသုံးပြုနိုင်သည့် အီး-စီးကရက်များ မှိုလိုပေါ်ပေါက်လာသည်။ ရောင်းချသူများ ကလည်း သူတို့ရဲ့ပစ္စည်းကို အကောင်းဆုံးဟုဆိုကာ ညွှန်းလာကြသည်။

မိမိသူငယ်ချင်းမှာ အလှအပကိုကြိုက်သောကြောင့် ကွမ်းတော့မစား။ ဒါပေမဲ့ လူငယ်အများအပြား အီး-စီးကရက်သောက်လာသည်ကိုမြင်တော့ သူလည်းစမ်းသပ်ကြည့်ချင်လာသည်။

တိုတိုပြောရလျှင် သူဆေးလိပ်ပြတ်သွားသည်။ သို့သော်လည်း အီး-စီးကရက်ကိုတော့ စွဲစွဲမြဲမြဲသောက် လာဖြစ်ပြန်သည်။ အချိန်အားဖြင့်ဆိုလျှင် ၅ နှစ်၊ ၆ နှစ်လောက်ရှိမည်ထင်သည်။ ဟိုတစ်နေ့ကတော့ သူချောင်းတွေဆိုးပြီး ဆေးခန်းသွားပြလိုက်ရသေးသည်။ မိမိက အဖော်အဖြစ်လိုက်သွားရသည်။

ဆရာဝန်က သူ့ကိုဆေးလိပ်သောက်လားဟုမေးသည်။ သူက  သူဆေးလိပ်မသောက်တော့ကြောင်း၊ ဆေးလိပ်ပြတ် သွားတာကြာပြီဖြစ်ကြောင်းပြောသည်။

ဆရာဝန်က သူ့ကို အီး-စီးကရက်သောက်သေးလားဟုမေးသည်။ သူကလည်း အမှန်အတိုင်းပဲပြန်ပြောသည်။ ဒီနောက် ဆရာဝန်က သူ့ကိုဓာတ်မှန်ရိုက်ခိုင်းလိုက်သည်။

ဓာတ်မှန်ရလာတော့ ဆရာဝန်ကစိတ်မကောင်းစွာနဲ့ပဲ သူ့ရဲ့ဆေးစစ်ချက်အဖြေကို ပြောပြလိုက်ရသည်။  သူ့ရဲ့  အဆုတ် တစ်ခြမ်းက အလုပ်ကောင်းကောင်းမလုပ်နိုင်တော့ဘူး ဆိုတာကိုလည်း  သိလိုက်ရသည်။

သူဆေးလိပ်  ဖြတ်လိုက်ရဲ့သားနဲ့ ဘာကြောင့်ဒီလောက်အထိဖြစ်သွားရတာလဲဆိုတာကို သူနားမလည်နိုင်ပြီ။ ဆရာဝန်ကသူ့ကို နားလည်အောင် ပြန်ဖြေပေးတာကို မိမိကြားလိုက်ရသည်။ အကြောင်းရင်းမှာမူကား အီး-စီးကရက်များကို စွဲစွဲမြဲမြဲသောက်လာခြင်းကြောင့်ပင်ဖြစ်သည်။

အီး-စီးကရက်ဆိုတာ လူငယ်တွေကြားထဲမှာ တော်တော်လေးကိုရေပန်းစားသည့် စွဲလမ်းစေတတ်သော အရာတစ်ခု ဖြစ်လာသည်မှာ   တော်တော်ကြာနေပြီဖြစ်သည်။

ကနေဒါနိုင်ငံရဲ့လေ့လာမှုအရဆိုလျှင် အသက် ၂၀ မှ ၂၄ နှစ်အတွင်းရှိသူ ၁၀ ဦးမှာ တစ်ဦးက အီး-စီးကရက်ကိုသောက် နေသည်။ အသက် ၁၅ နှစ်မှ ၁၉ နှစ်အတွင်းရှိသူ ၁၅ ဦးမှာ တစ်ဦးက အီး-စီးကရက်ကို   နေ့စဉ်စွဲစွဲမြဲမြဲ သောက်လာသည်ဟု တွေ့ရသည်။

သူတို့အနေနဲ့ အီး-စီးကရက်ကို စွဲစွဲမြဲမြဲသောက်လာရသည့် အကြောင်းရင်းတစ်ရပ်မှာ တိုကိုဖီရောနဲ့ တိုကိုဖီရော အက်ဆီတိတ်တို့ပါဝင်မှုကြောင့်ဖြစ်သည်။ သူတို့အားလုံးက အဆုတ်ကို ပျက်စီးစေသည်ချည်းသာ ဖြစ်သည်။

အီး-စီးကရက်ကို အပူပေးပြီး ရှူသွင်းလိုက်တဲ့အခါ  တိုကိုဖီရောဒြပ်ပေါင်းက အဆုတ်ထဲမှာရှိတဲ့ ပရိုတိန်းအမြှေးပါးလေး ထဲကိုဝင်ရောက်သွားသည်။

အဲဒီအမြှေးပါးဆိုတာက အောက်ဆီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက် အပြန်အလှန် လည်ပတ်မှုကို ဖြစ်ပေါ်စေတဲ့မျက်နှာပြင်ကို အုပ်ထားတာဖြစ်ပြီး အသက်ရှူနေစဉ်မှာ အဆုတ်ရဲ့မျက်နှာပြင်တင်းမာမှုကိုလည်း တည်ငြိမ်အောင် ထိန်းညှိပေးသည့်အရာဖြစ်သည်။

ဒီလိုအရေးပါသည့်  အမြှေးပါးထဲမှာ တိုကိုဖီရောဒြပ်ပေါင်းဝင်ရောက်သွားတဲ့အခါ ရလာတဲ့ရလဒ်ကလည်း ကောင်းကျိုးဖြစ်စရာ မရှိတော့ပေ။

အမြှေးပါးရဲ့ဂုဏ်သတ္တိများပြောင်းလဲသွားတာနဲ့အမျှ အောက်ဆီဂျင်နဲ့ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ အလဲအလှယ်လုပ်နိုင်စွမ်းကလည်း ပြောင်းလဲသွားရသည်။

ဒါ့အပြင် အဆုတ်မျက်နှာပြင်ရဲ့ တင်းမာမှုက ပြောင်းလဲသွားပြီဆိုတာနဲ့ အသက်ရှူမှုဆိုင်ရာလုပ်ငန်းရဲ့   သက်ရောက်မှုကလည်း ပြောင်းလဲသွားရပြန်သည်။

ဒါတွေအားလုံးကို ပေါင်းစပ်လိုက်တဲ့အခါမှာတော့   ဒီပြောင်းလဲမှုတွေကြောင့် အီး-စီးကရက်ကိုသောက်သူများမှာ အသက်ရှူကြပ်လာရခြင်း ဖြစ်သည်။

တချို့ကလည်း အီး-စီးကရက်တွင် ပါဝင်သည့်ပစ္စည်းများမှာ ဆေးဝါးကွပ်ကဲမှု အဖွဲ့က အတည်ပြု ပေးထားသည့်ပစ္စည်း များဖြစ်သည်ဟု ဆိုလာနိုင်သည်။ သို့သော် အငွေ့ထွက်စေဖို့အထိ အပူပေးလိုက်ရတဲ့အခါ ထိုပါဝင်ပစ္စည်းများ၏ ဂုဏ်သတ္တိများကလည်း ပြောင်းလဲသွားရခြင်းဖြစ်သည်။

ဒါကြောင့် လူငယ်များသာမက သက်လတ်ပိုင်းများအနေဖြင့် ဆေးလိပ်ဖြတ်ချင်တာကြောင့်၊ စတိုင် ကျချင်တာကြောင့် အီး-စီးကရက်များကိုဆက်သောက်မှာလား။ ကိုယ့်ရဲ့ ရေရှည်ကျန်းမာရေးအတွက် အီး-စီးကရက် သောက်တာကို ဖြတ်မှာလားဆိုတာ ကိုယ်တိုင်ရွေးချယ် လျှောက်လှမ်းရမည့် လမ်းပင် ဖြစ်ပေတော့သည်။            

Ref: SciTech