မြန်မာနိုင်ငံပုဂ္ဂလိက ဆေးရုံများအသင်း၊ ဗဟိုအလုပ် အမှုဆောင်များ၊ အထက်မြန်မာပြည် အလုပ်အမှုဆောင်များ၊ အောက်မြန်မာပြည် အလုပ်အမှုဆောင်များနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တွေ့ဆုံ

 

မြန်မာနိုင်ငံပုဂ္ဂလိက ဆေးရုံများအသင်း၊ ဗဟိုအလုပ် အမှုဆောင်များ၊ အထက်မြန်မာပြည် အလုပ်အမှုဆောင်များ၊ အောက်မြန်မာပြည် အလုပ်အမှုဆောင်များနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တွေ့ဆုံ

 

နေပြည်တော်   ဧပြီ   ၇

ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းသည် ဗဟိုအဖွဲ့ အတွင်းရေးမှူး ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံ ဆေးကောင်စီ၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီ၊  မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီတို့မှ  ဥက္ကဋ္ဌများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် ဆေးသုတေသန ဦးစီးဌာန အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများ အသင်းဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်နှင့် ဗဟိုအလုပ် အမှုဆောင်များ၊ အထက်မြန်မာပြည် အလုပ်အမှုဆောင်များ၊ အောက်မြန်မာပြည် အလုပ်အမှုဆောင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ်  ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ အနေဖြင့်   ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အားပေး ဆောင်ရွက်နေသကဲ့သို့ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများ   ဥပဒေနှင့်အညီ စနစ်တကျ တည်ထောင်ဖွင့်လှစ်နိုင်ရေး အတွက် ထိန်းကျောင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှုများကို နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိပြီး ပုဂ္ဂလိက ကဏ္ဍမှလည်း အားဖြည့်ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပြည်တွင်း၌ လက်လှမ်းမီ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊    အမျိုးသားကျန်းမာရေး အာမခံစနစ် ပေါ်ပေါက်စေရေး ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပြီး ဆောင်ရွက်နေဆဲကာလ၌  ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းများအနေဖြင့်   နည်းမှန်လမ်းမှန် ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ပါကြောင်း၊ ပုဂ္ဂလိက  ကျန်းမာရေးကဏ္ဍသည်   နိုင်ငံတော်၏ အမျိုးသား ကျန်းမာရေးစနစ်တွင် အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်နေခြင်းဖြစ်သဖြင့် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းရှင်များအနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ မူဝါဒ၊လမ်းညွှန်ချက်များနှင့်အညီ    တူညီသော ဦးတည်ချက်တစ်ခုဖြင့်   အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပုဂ္ဂလိကဆေးရုံများတွင်  ကျောက်ကပ်အစားထိုး ကုသခြင်းလုပ်ငန်းများ၊ ကျောက်ကပ်သွေးသန့်စင်ခြင်း လုပ်ငန်းများ၊  ကင်ဆာဓာတ်ရောင်ခြည်ကုသမှု လုပ်ငန်းများကို ဥပဒေနှင့်အညီ စိစစ်ကြီးကြပ် အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း    ကင်ဆာဓာတ်ရောင်ခြည် ကုသမှု စောင့်ဆိုင်းလူနာ လျော့နည်းစေရေးကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊  ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အနေဖြင့် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းလိုင်စင် ခွင့်ပြုရန်အတွက် စိစစ်ရာတွင် အရည်အသွေးပြည့်ကျန်းမာရေး စောင့်ရှောက်မှု၊ လူနာများ ဘေးကင်းလုံခြုံမှု၊ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင် ဘေးကင်းလုံခြုံမှု၊ အခြားဘေးအန္တရာယ် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ စီစဉ်ထားရှိမှု၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များကို   ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေ/ နည်းဥပဒေများနှင့်အညီ ပြည့်စုံစွာ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိတို့ကို အထူးအလေးထား စိစစ်လျက်ရှိပြီး သတ်မှတ်ချက်နှင့် ကိုက်ညီပါက   အချိန်နှင့်တစ်ပြေးညီ  ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း လိုင်စင်ရရှိသူများ အနေဖြင့် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများ အသင်းဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်နှင့် မြန်မာနိုင်ငံ   ပုဂ္ဂလိကဆေးရုံများ အသင်းအဖွဲ့ဝင်များက  ပြည်ပနိုင်ငံများသို့ ပေးပို့စစ်ဆေးနေရသည့်  ရောဂါရှာဖွေ စစ်ဆေးမှုများနှင့် သွားရောက် ဆေးကုသမှုများ လျှော့ချနိုင်ရေး  ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ ဆေးကုသမှုလိုင်စင် ကိစ္စရပ်များနှင့် ဆေးရုံလိုင်စင် လျှောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ၊ ပုဂ္ဂလိကဆေးရုံများတွင် ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ပုဂ္ဂလိက ကျန်းမာရေး လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများကို တင်ပြဆွေးနွေးခဲ့ရာ မေးမြန်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များနှင့်ကောင်စီဥက္ကဋ္ဌများက ပြန်လည်ဆွေးနွေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးနှင့်   ရန်ကုန် အထွေထွေရောဂါကု  ဆေးရုံသစ်ကြီးတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဆေးရုံလုပ်ငန်း ဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စေရန် လုပ်ငန်းလမ်းညွှန်ချက်များ မှာကြားခဲ့ကြောင်း သိရသည်။