ရွှေတိဂုံစေတီတော်အား သင်္ကြန်ကာလအတွင်း ပိတ်ရက်မရှိ ပုံမှန်အတိုင်း ဖွင့်လှစ်ထားမည်

 

ရွှေတိဂုံစေတီတော်အား သင်္ကြန်ကာလအတွင်း ပိတ်ရက်မရှိ ပုံမှန်အတိုင်း ဖွင့်လှစ်ထားမည်

 

    ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်အား သင်္ကြန်ကာလအတွင်း  ပိတ်ရက်မရှိ ပုံမှန်အတိုင်း နေ့စဉ် နံနက် ၅ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်ပြီး နှစ်ဆန်းတစ်ရက်နေ့တွင်  နှစ်သစ်မင်္ဂလာအခမ်းအနားများ ကျင်းပမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်   ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ သိရသည်။

“သင်္ကြန်ကာလအတွင်းမှာ  ရွှေတိဂုံစေတီတော်ကို ပုံမှန်အတိုင်းပဲ ဖွင့်လှစ်ထားမှာပါ။  သင်္ကြန်ကာလအတွင်း    ရွှေတိဂုံစေတီတော်မှာ ဥပုသ်သီလ ဆောက်တည်သူတွေအတွက် စတုဒိသာကျွေးမွေး လှူဒါန်းတာတွေလည်း   ဆောင်ရွက်သွားမှာပါ။

ဒါ့ပြင်  နှစ်ဆန်းတစ်ရက်နေ့မှာလည်း နှစ်သစ်မင်္ဂလာ အခမ်းအနားတွေ ကျင်းပသွားမှာဖြစ်ပါတယ်” ဟု  ရွှေတိဂုံစေတီတော်    ဘဏ္ဍာထိန်း ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းကပြောသည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်း ဂေါပကအဖွဲ့မှကြီးမှူး၍  နှစ်ဆန်းတစ်ရက်နေ့ နံနက်   ၅   နာရီတွင်   ရင်ပြင်တော် တောင်ဘက် ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံ စေတီတော်အား အရုဏ်ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်းနှင့် ဆီမီးကပ်လှူခြင်း၊ နံနက် ၆ နာရီခွဲတွင် သြဝါဒါစရိယ ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူ ဆောက်တည်ခြင်း၊ ဆရာတော်ကြီးများ ဦးဆောင်၍ ပရိသတ် အပေါင်းတို့နှင့် ပရိတ်တရားတော်များကို စုပေါင်းရွတ်ဖတ် သရဇ္ဈာယ်ခြင်း၊ လှူဖွယ် ပစ္စည်းများ     ဆက်ကပ်လှူဒါန်းခြင်းနှင့်   ရေစက်သွန်းချ အမျှပေးဝေခြင်းတို့ ဆောင်ရွက်မည်ဖြစ်သည်။

“အဓိကကတော့ ဘုရားဖူးလာတဲ့သူတွေ အဆင်ပြေပြေ လာရောက်ဖူးမြော်နိုင်အောင်လည်း လုံခြုံရေး၊  သန့်ရှင်းရေး၊ ဓာတ်လှေကား၊  စက်လှေကားတွေကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားပါတယ်။ နောက် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေကိုလည်း ဌာနအားလုံးကနေပြီး ဆောင်ရွက်နေပါတယ်” ဟု ဦးဘိုးသင်း ကပြောသည်။

ရွှေတိဂုံစေတီတော်သို့  ဘုရားဖူးလာ ရောက်မှုသည်  ပုံမှန်ရုံးဖွင့်ရက်များတွင် တစ်ရက်လျှင် ပြည်တွင်းခရီးသွား ဧည့်သည်ဦးရေ  ၂၀၀၀၀ ဝန်းကျင်ရှိပြီး   စနေ၊  တနင်္ဂနွေနေ့နှင့်  အခါကြီးရက်ကြီး ရုံးပိတ်ရက်များတွင်    ဘုရားဖူးလာရောက်မှု ပိုမိုများပြားကြောင်း၊ တစ်ရက်လျှင် နိုင်ငံခြားခရီးသွား ဧည့်သည်ဦးရေ   ၁၅၀ ဝန်းကျင် ရှိကြောင်း သိရသည်။