အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုအား ဒုတိယမြို့တော်ဝန် ဦးညီညီ လိုက်လံကြည့်ရှုစစ်ဆေး

 

အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုအား ဒုတိယမြို့တော်ဝန် ဦးညီညီ လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန်  ဧပြီ  ၈

 

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာ လှပရေးအတွက် သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးတို့မှ ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့ အစည်းများ၊ ပြည်သူများ ပူးပေါင်းအင်အားများဖြင့် စဉ်ဆက်မပြတ် စုပေါင်းလုပ်အားပေးများ ဆောင်ရွက်လျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ၊ တာဝန်ရှိသူများသည် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် (၃၃)ရပ်ကွက် ကျောက်စိမ်းလမ်းရှိ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းတွင် လည်းကောင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် (၁၅)ရပ်ကွက်   ခေတ္တာလမ်းရှိ အမှတ်(၂၄) အခြေခံပညာမူလတန်းကျောင်းတွင် လည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ်(၂၆)ရပ်ကွက် ပုလဲရတနာ လမ်းရှိ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းတွင်လည်းကောင်း၊  ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် အမှတ်(၉၃)ရပ်ကွက် စိမ်းလဲ့ကန်သာလမ်းရှိ     အမှတ်(၄) အခြေခံပညာ အထက်တန်း ကျောင်းနှင့် သာကေတမြို့နယ် ၁/အနော်မာရပ်ကွက် အနော်မာလမ်းမကြီးရှိ အမှတ်(၁)အခြေခံပညာ မူလတန်းကျောင်းတွင်လည်းကောင်း မြက်ပင်ချုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ဆယ်ယူ ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များ ရှင်းလင်းခြင်းနှင့် အုပ်မိုးကိုင်းများ  ဖြတ်ညှိပုံသွင်းအလင်းဖွင့်ခြင်း၊ ကျောင်းနံရံနှင့် အုတ်ခြံစည်းရိုးရှိရေညှိများ တိုက်ချွတ်ဆေးကြောခြင်း၊ ကျောင်းအဆောက်အအုံခေါင်မိုးများရှိ သစ်ရွက်ကြွေများရှင်းလင်းခြင်း၊ မြေပိုများရှင်းလင်းခြင်း၊ သစ်ရွက်ခြောက်ကြွေများ၊ အမှိုက်၊ သဲ၊ ခဲများ လှဲကျင်းရှင်းလင်းခြင်း၊  သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ခိုအောင်းနိုင်သည့် နေရာများကို ခြင်ဆေးမှုတ်ခြင်း၊   ကျောင်းရှိ ရေစည်ရေကန်များကို အဘိတ်ဆေးခတ်ခြင်း၊ ဖုံးသွန်လဲစစ်ပြုလုပ်ခြင်း စုပေါင်းလုပ်အားပေး ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။