အောင် ရဲ့ အောင်
ယမန်နေ့မှအဆက်
မမစံက ရယ်လျက် ချောစု၊ အောင်နှင့် ဆန်းဆန်းမြင့်တို့၏ ခေါင်းတွေကို တိုက်ပေးလိုက်ကာ...
“ပြောကြ ပြောကြ၊ လွတ်လပ်စွာအတင်းပြောနိုင်တဲ့ ဒီမိုကရေစီ မိန်းမတိုင်းမှာရှိတယ်”
“မမစံကလည်း ဒါ အတင်းမဟုတ်ပါဘူး၊ အမှန်ကိုပြောတာပဲ၊ လိပ်ကို လိပ်လို့ပြောတာ၊ ကြမ်းပိုးကို ကြမ်းပိုးလို့ပြောတာ အပြစ်ရှိသလား”
အောင်က ရုတ်ခြည်းချေပလိုက်သည်။
ထို့နောက် စောင်းလျားပင်အခက်များမှ ပန်းရောင်နုပ်နုပ်အပွင့်လေး တွေကို လှမ်းငေးကြည့်နေသည်။
သစ်ပင်တစ်ပင်လုံး မြစိမ်းတစ်ဝက် ပန်းရောင်စွက်လျက် လောကတစ်ခွင်လုံး သူချည်းပဲ လှနေသည်လား ထင်မိသည်။
လေချိုသိမ်းအဖွဲ့တွင် ပန်းနုရောင်ပွင့်မှုန်များသည် မြေပေါ်သို့ ပြန့် ကြဲလာလေသည်။ ဖတ်ထားမိသော စာတစ်ပုဒ်ကို သတိရမိပြန်သည်။
“လူသားတစ်ယောက်ဟာ စားစရာပေါင်မုန့်မရှိလို့ ငတ်မွတ်ခေါင်းပါး ခြင်းခံစားရသလိုပဲ မိမိကိုယ်ကို ဘာမှန်းမသိတဲ့အခါမျိုးမှာလည်း ခေါင်းပါးခြင်း ဘေးဒုက္ခကို ခံစားရလေ့ရှိပါတယ်”
အခန်း (၂၄)
အောင်၏ ဒိုင်ယာရီစာမျက်နှာများသည် လက်ရေးစိပ်စိပ်သေးသေး နှင့် ပြည့်နေပြန်သည်။
ရက်တစ်ရက်ကို စာမျက်နှာတွေ ကူးရေးရသဖြင့် နေရာကမဆံ့။
ရက်စွဲတွေကို ပြောင်းပြောင်းတပ်နေရသည်။
ဒီလိုဖြစ်လာလိမ့်မယ်လို့ ကိုယ့်ကိုယ်ကိုယ် မထင်မိဘူး။ လူတစ်ယောက်ဟာ ခပ်လွယ်လွယ်နဲ့ ငါ့ဘဝကိုလွှမ်းမိုးလာတယ်၊ စိုးမိုးလာတယ်ဆို တာ အံ့သြစရာပဲ၊ ဒါပေမဲ့ သူ ဘယ်သူလဲဆိုတာ သိရရင်တော့ အံ့သြစရာမကောင်းပါဘူး။ အဲဒီနေ့က မိုးနှောင်းမို့ နှုတ်ဆက်တာလား မသိဘူး၊ မိုးတွေ သိပ်ရွာနေတာပဲ။ ငါရယ်၊ ကိုလတ်ရယ်၊ ကိုအောင် ရယ် ကန်တော်လေးအိမ်မှာ သူတို့က တိုင်းနယ်မဂ္ဂဇင်းတစ်ခု ထုတ်ဝေဖို့ စိုင်းပြင်းကြတဲ့အချိန်မှာ ငါ့အကူအညီကို ယူလာကြပြန် တယ်။ ငါကလည်း သူတို့တောင်းတဲ့ အကူအညီကို ဘယ်တော့မှ မငြင်းခဲ့ပါဘူး။ ကိုအောင်တို့ ကန်တော်လေးက သူ့ဦးလေးအိမ်၊ ဦးလေးမိသားစုက မော်လမြိုင်ကို သွားနေကြတယ်။ ကိုအောင်ကလည်း နာမည်ကြီး စာရေးဆရာတွေဆီက စာမူရဖို့ကိစ္စ ပြေးလွှားနေ တာနဲ့ ငါနဲ့ကိုလတ်နှစ်ယောက်တည်း ကျန်ရစ်တယ်။ ငါနဲ့ကိုလတ် နှစ်ယောက်တည်းရှိနေတဲ့ အခြေအနေဟာ မထူးဆန်းပါဘူး။ ဒါမျိုး ကြုံဖူးတာလည်း ခဏခဏပါ။ တို့တွေဟာ မောင်နှမတွေလို နေနေ ကြတာပဲ။ ပြီးတော့ တို့အာရုံတွေကလည်း ပုဂ္ဂလိကရေးရာတွေမှာ သိပ်မရှိကြဘူး။ အလုပ်၊ အလုပ်၊ အလုပ်ပဲ။
အဲဒီနေ့က ကိုလတ်ပြောတဲ့စကားတွေကို ပြန်မှတ်မိနေသေးတယ်။
အကုန်မဟုတ်တောင် အရေးကြီးတာတွေကိုပေါ့။ အနာဂတ်ဟာ တို့ရဲ့ မျက်မှောက်ကာလထဲ ရောက်စပြုလာပြီတဲ့။ နိုင်ငံသမိုင်းဆိုတာ လူတွေ လက်ထဲမှာရှိသလို ငါတို့ဟာ နိုင်ငံသမိုင်းကို ဖန်တီးရလိမ့်မယ်တဲ့။ အရှေ့ လေက အနောက်လေကို လွှမ်းမိုးရင် လွှမ်းမိုး၊ မလွှမ်းမိုးရင် အနောက် လေက အရှေ့လေကို လွှမ်းမိုးလိမ့်မယ်။ လက်ရှိအခြေအနေရဲ့ ထူးခြား ချက်ဟာ အရှေ့လေက အနောက်လေကို လွှမ်းမိုးနေတာဖြစ်တယ်လို့ ပြောပြန်တယ်။ သူပြောတာတွေ အရှင်းကြီးဖြစ်ပေမယ့် တစ်ခါတလေ ငါနုံနဲ့တဲ့ အသိတရား၊ ခေါင်းပါးတဲ့ ဗဟုသုတနဲ့ Óဏ်မမီချင်ဘူး။ သူက ငါ့ကို ဖတ်သင့်ဖတ်ထိုက်တဲ့ စာအုပ်တွေ ဖတ်ပါဦးလို့ တိုက်တွန်းတယ်။
စကားပြောကြ၊ ဆိုကြရင်းနဲ့ ငါ့လွယ်အိတ်ထဲက မှတ်စုစာအုပ် တစ်အုပ်ကို သူတွေ့သွားပြန်တယ်၊ စာညွန့်တွေ ရေးချင်ရာရေးထားတဲ့ စာအုပ်ပါ၊ ငါလည်း ထုံးစံအတိုင်း ရှက်ရှက်နဲ့ စာအုပ်ကိုပြန်လုတော့ သူက ဖယ်စမ်းပါ၊ ကိုယ့်ကိုများ လျှိုနေရသေးလားလို့ ပိုင်စိုးပိုင်နင်း လေသံနဲ့ပြောတော့ ရင်ထဲမှာ လှုပ်ရှားသွားမိတယ်၊ ဒါ ငါ့အပြစ်လား၊ စာညွန့်လိုလို၊ ကာရန်မပါတဲ့ ကဗျာလိုလိုပုံစံတွေနဲ့ ငါရေးထားတဲ့ စာတွေကို သူက စိမ်ပြေနပြေ ဖတ်ကြည့်တယ်။
အခန်း(၂၅)
အလင်းနှစ်ခု အင်အားပြုလို့
လောကလူ့ဘောင် စားပွဲပေါ်မှာ
ဖယောင်းတိုင် နှစ်တိုင်
လင်းလာတော့မယ် ထင်ပါရဲ့။
မဟော်သဓာ အမရာဟာ
ရန်သူကို အားပြိုင်နိုင်တဲ့
အင်အားစု နှစ်စုပဲ။
သေနက၊ ပဏ္ဍုသ၊ ကာမိန္ဒ၊ ဒေဝိန္ဒဆိုတဲ့
ရန်သူတွေကို အဟန့်အတားဖြစ်စေခဲ့တယ်။
ဉာဏ်ကြီးရှင်နှစ်ယောက် ပေါင်းလာပြီလို့
ဖွင့်ဟ ဝန်ခံလာကြတယ်။
လောကလူသားအကျိုးအတွက်
နှစ်တိုင်သော ဖယောင်းတိုင်
လင်းနိုင်စေဖို့
ရဲဘော်ရဲဘက်နှင့် ခရီးပြင်းကို
လက်တွဲလို့ လျှောက်ချင်တယ်။
အမှောင်ကို ပယ်ခွင်းနိုင်တဲ့
ဖယောင်းတိုင် အလင်းနှစ်ခုဆိုတာ
စိတ်ကူးယဉ်တာ မဟုတ်ဘူး။
အနာဂတ်အတွက်
လက်သစ် မဟော်သဓာဆိုတာ
မွေးဖွားလာခဲ့ပြီမို့
သူ့အတွက် ငါသာ
အမရာဖြစ်ပါစေလို့
ဆန္ဒစောမိပါရဲ့။
အောင်က ကိုလတ်ဖတ်နေတာကိုစောင့်ကြည့်ပြီး သည်စာမျက်နှာ ဆုံးတာနှင့်တစ်ပြိုင်နက် ကိုလတ်လက်ထဲမှစာအုပ်ကို ပြန်လုယူရန် ကြိုးစားရင်း...
“ကဲ...ကိုလတ်၊ ဒါလောက်ဖတ်ရရင် ကျေနပ်ရောပေါ့”
ကိုလတ်က အောင့်ရဲ့လက်တွေကို ဆွဲဖယ်ပစ်ရင်း...
“တခြားစာတွေလည်း ဖတ်ကြည့်ဦးမယ်လေ”
“ဟင့်အင်း၊ မဖတ်ရဘူး”
“ဘာဖြစ်လို့လဲ အောင်ရဲ့”
“မဖတ်စေချင်လို့ပေါ့”
“ဘာလို့ မဖတ်စေချင်ရတာလဲ”
“ရှက်လို့ပေါ့”
“ဘာလို့ရှက်ရတာလဲ”
အောင်က နှုတ်ကအဖြေမပေးဘဲ ခေါင်းကိုသာ ခါယမ်းနေသည်။
ကိုလတ်က အောင့်ကိုစိုက်ကြည့်နေပြီး...
“ကဲ...ဒါဖြင့် ဒီစာအုပ်ထဲက ဘယ်ဟာကို မဖတ်စေချင်တာလဲ ပြော”
“အဲဒီဟာပြီး နောက်တစ်ခု”
သည်တော့ ကိုလတ်က ခပ်သဲ့သဲ့ရယ်မောလျက်...
ဆက်လက်ဖော်ပြပါမည်။