ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် တက်ရောက်

 

ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် တက်ရောက်

 

နေပြည်တော် ဧပြီ ၈

    ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို  ယနေ့ မွန်းလွဲ ၂ နာရီတွင်   ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးရုံး စုဝေးခန်းမ၌ ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး  ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး   ဦးဝင်းဖေ၊     အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊   ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ   ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေး သုံးပါးကို စောင့်ထိန်းရန် အလို့ငှာ နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင် ရန်နှင့် စစ်ပညာသင်ကြားရန် ပြည်သူ့စစ်မှုထမ်း ဥပဒေအား ယခင်နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဥပဒေအမှတ်(၂၇/၂၀၁၀) ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ယခုအခါ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက် အမိန့်ကြော်ငြာစာအမှတ်   (၂၄/၂၀၂၄) ဖြင့် အာဏာတည်သည့်ရက်အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို မြန်မာနိုင်ငံ တစ်နိုင်ငံတည်း၌သာ ပြဋ္ဌာန်း ခြင်းမျိုးမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံ အများအပြား၌  ပြဋ္ဌာန်းကျင့်သုံးလျက်ရှိကြောင်း။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍  စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ကင်းလွတ်ခွင့်ရရှိသူများ၊ ယာယီရွှေ့ဆိုင်းခွင့်ရှိသူများ၊ စစ်မှုထမ်းဆောင်ရမည့် အသက်အပိုင်းအခြားများ၊ စစ်မှုထမ်းကာလ၊  စစ်မှုထမ်းကာလအတွင်း အကျိုးခံစားခွင့်တို့ကို ဝန်ထမ်းများ သိရှိရန် ရှင်းလင်းချပြသွားမည်ဖြစ်ကြောင်း၊ လူမှုကွန်ရက် စာမျက်နှာများနှင့် အဖျက်အမှောင့်မီဒီယာများတွင်  ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်  ပတ်သက်၍ မဟုတ်မမှန် သတင်းတု၊  သတင်းမှားများ ရေးသားဖော်ပြနေသည့် အတွက် ဝန်ထမ်းများအနေဖြင့် အယုံမလွယ်စေရေး ဥပဒေပါအချက်အလက်များ၊   ပြဋ္ဌာန်းချက်များကို မိမိဝန်ကြီးဌာနမှ ဝန်ထမ်းနှင့် မိသားစုဝင်များ သိရှိရန် လိုအပ်ကြောင်း။

ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော် ဆောင်ရွက်နေသည့်   အခြေအနေကို နည်းအမျိုးမျိုးဖြင့် လူမှုကွန်ရက် စာမျက်နှာတွင်    မဟုတ်မမှန်ရေးသား ဖြန့်ဝေပြီးနှောင့်ယှက် ဆောင်ရွက်ခြင်းများရှိသည့် အတွက် မိသားစုဝင်များ အနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနိုင်ပါကြောင်း၊ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ကင်းလွတ်ခွင့်ပြုသူများ၊ ရွှေ့ဆိုင်းခွင့်ပြုနိုင်သူများ၊ လျှော့ပေါ့ခွင့်ပြုနိုင်သူများ၏    စည်းကမ်း သတ်မှတ်ချက် နောက်ဆုံး အခြေအနေကို  ပြည်သူများသိရှိအောင် သတင်းစာများတွင် ဖော်ပြထားပြီးဖြစ်ကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်း ဥပဒေကိုလိုက်နာရသကဲ့သို့ နိုင်ငံတော်က ပြဋ္ဌာန်းထားသည့်    ဥပဒေများကိုလည်း လိုက်နာရန် လိုပါကြောင်း၊ မိမိပတ်ဝန်းကျင်ရှိ ပြည်သူများ သိရှိလိုက်နာနိုင်ရေးအတွက် စစ်မှုထမ်းဥပဒေပါ ရည်ရွယ်ချက်များ၊ ပြဋ္ဌာန်း ချက်များကို လက်ဆင့်ကမ်း မျှဝေပေးခြင်း ဖြင့် နိုင်ငံတော်အကျိုး၊   ပြည်သူ့အကျိုးအတွက် ကျရာအခန်းကဏ္ဍမှ ကျေပွန်စွာ ထမ်းဆောင်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။