မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ စီမံကိန်း(၂၀၂၁)ဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်း အောင်မြင်ပြီးမြောက်

 

မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ စီမံကိန်း(၂၀၂၁)ဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်း အောင်မြင်ပြီးမြောက်

 

နေပြည်တော်  ဧပြီ  ၈

    မွေးမြူရေးနှင့်  ကုသရေး ဦးစီးဌာနက  အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မဲခေါင်-လန်ချန်းနိုင်ငံများ အကြား နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက် ရောဂါကာကွယ်ဆေး ထုတ်လုပ်ခြင်းဆိုင်ရာ အထူးရန်ပုံငွေ စီမံကိန်း (၂၀၂၁) စီမံကိန်းလုပ်ငန်းများ အောင်မြင်ပြီးမြောက်ကြောင်း ကြေညာခြင်း အခမ်းအနားကို ယနေ့တွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ဒုတိယအတွင်းဝန်  Mr. Zheng Zhihong (မစ္စတာ ကျန်ကျိဟုန်)နှင့် ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ စီမံကိန်း တာဝန်ရှိသူများ  တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက  မွေးမြူရေးနှင့်  ကုသရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မဲခေါင်-လန်ချန်း  အထူးရန်ပုံငွေစီမံကိန်း (၂၀၂၁)ဖြင့် တိရစ္ဆာန်ကူးစက်ရောဂါနှင့် တိရစ္ဆာန်နှင့်လူအကြား   အပြန်အလှန် ကူးစက်တတ်သော ရောဂါများ ကာကွယ်ဆေး ထုတ်လုပ်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စီမံကိန်း၏ အောင်မြင်မှု အထူးပြယုဂ်အနေဖြင့် မိမိတို့ဌာနတွင် အမှန်တကယ် လိုအပ်နေသော အအေးခန်း သိုလှောင်ရုံကြီးငါးခုနှင့် အရန်မီးစက်ငါးလုံးတို့ကို ကာကွယ်ဆေးများ ထုတ်လုပ်လျက်ရှိသည့် ရန်ကုန်နှင့် ပြင်ဦးလွင် ရှိ ဓာတ်ခွဲခန်းများနှင့်  ကာကွယ်ဆေးများ အရေးပေါ်သိုလှောင်ရသည့် နေပြည်တော် ရုံးချုပ်တို့တွင် တည်ဆောက်နိုင်ခဲ့ကြောင်း၊  ထို့ပြင်   ဓာတ်ခွဲခန်း ကွန်ရက်စနစ်များကိုလည်း တည်ထောင်နိုင်ခဲ့ပြီး ကာကွယ်ဆေးများ အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်နိုင်ရန် လိုအပ်လျက်ရှိသည့်    ဆေးစမ်းတိရစ္ဆာန် အဆောက်အအုံနှစ်လုံးကိုလည်း ထည့်သွင်း တည်ဆောက်နိုင်ခဲ့ပါကြောင်း၊ သို့ဖြစ်၍ ဆေးစမ်းတိရစ္ဆာန်များ ဇီဝလုံခြုံမှု ကောင်းမွန်စွာ မွေးမြူနိုင်ခြင်း၊  Animal welfare နှင့်အညီ ထိန်းသိမ်းမွေးမြူ စမ်းသပ်နိုင်ခြင်းတို့ကြောင့် ကာကွယ်ဆေး ထုတ်လုပ်ရေးဓာတ်ခွဲခန်းများ  အဆင့်မြှင့်တင်ရေးကို အထောက်အကူပြုနိုင်ခဲ့ကြောင်း။

တိရစ္ဆာန်ရောဂါ  ကြိုတင်ကာကွယ်ရန် ကာကွယ်ဆေးများကို ပြည်တွင်း၌ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ စဉ်ဆက်မပြတ် ဆက်လက်ထုတ်လုပ် သွားနိုင်မည်ဖြစ်၍ မိမိတို့နိုင်ငံအပြင် အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ အတွက်လည်း အထူးအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း၊  သို့ဖြစ်၍ စီမံကိန်း ဆောင်ရွက်ရန်   ခွင့်ပြုထောက်ပံ့ခဲ့သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံမှ မဲခေါင်-လန်ချန်း   ဦးဆောင် အဖွဲ့အစည်းအဖြစ် တာဝန်ယူပူးပေါင်း ဆောင်ရွက်ပေးကြသော သက်ဆိုင်ရာ တာဝန်ရှိသူများ၊ စီမံကိန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများကို ကျေးဇူးတင် ဂုဏ်ပြုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံး ဒုတိယအတွင်းဝန် Mr. Zheng Zhihong (မစ္စတာကျန်ကျိဟုန်) က စီမံကိန်းလုပ်ငန်းများ အောင်မြင်ပြီးမြောက်ခဲ့ခြင်းနှင့် ပတ်သက်၍ ဝမ်းမြောက်ဂုဏ်ပြု စကားပြောကြားသည်။

ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ ရဲထွန်းဝင်းက  စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံး ဒုတိယအတွင်းဝန်  Mr. Zheng Zhihong  (မစ္စတာ ကျန်ကျိဟုန်)ကို   အမှတ်တရ လက်ဆောင်ပေးအပ်သည်။ ယင်းနောက် ညွှန်ကြားရေးမှူးချုပ်က စီမံကိန်း တာဝန်ခံအား အမှတ်တရ လက်ဆောင်ပေးအပ်သည်။

 စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စတုတ္ထအကြိမ်မြောက် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရခဲ့သည့် စီမံကိန်းလေးခုတွင်ပါဝင်သည့် မဲခေါင်-လန်ချန်းနိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက် ရောဂါကာကွယ်ဆေး ထုတ်လုပ်ခြင်းဆိုင်ရာ အထူးရန်ပုံငွေ စီမံကိန်းသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် စီမံကိန်းစတင်ကြောင်း အသိပေးကြေညာခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လတွင် စီမံကိန်း ပြီးစီးခဲ့ကြောင်း သိရသည်။