၂၀၂၄ ခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးဆိုင်ရာ အမျိုးသား မဟာဗျူဟာ စီမံကိန်း(၂၀၂၃-၂၀၂၇) အသိပေး မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပ

 

၂၀၂၄ ခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးဆိုင်ရာ အမျိုးသား မဟာဗျူဟာ စီမံကိန်း(၂၀၂၃-၂၀၂၇) အသိပေး မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပ

 

နေပြည်တော်  ဧပြီ  ၈

    ၂၀၂၄ ခုနှစ်  ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံး အမှတ်(၄) အစည်းအဝေးခန်းမ၌ ကျင်းပရာ    ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊  ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ  ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အခြေခံကျန်းမာရေး ဝန်ထမ်းများ၊ သူနာပြုသင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး  World Health Organization စတင်တည်ထောင်ခဲ့သည့်နေ့ကို ကမ္ဘာ့ကျန်းမာရေးနေ့အဖြစ် ၁၉၅၀ ပြည့်နှစ်မှစတင် သတ်မှတ်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများက အဆိုပါနေ့ရက် ကျရောက်တိုင်း ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ်ဆိုင်ရာ အခမ်းအနားများနှင့်  ကျန်းမာရေးဆိုင်ရာ လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ကမ္ဘာတစ်ဝန်း  ရင်ဆိုင်ကြုံတွေ့နေရသည့် ကျန်းမာရေးဆိုင်ရာ အခြေအနေများနှင့် ပြဿနာများကို စုပေါင်းဖြေရှင်းရန်အတွက် အဖွဲ့ဝင်နိုင်ငံတိုင်းက  ကျန်းမာရေးဆိုင်ရာ လုပ်ငန်းဆောင်တာများကို အစီအစဉ်ချမှတ်၍  အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရန်  နှိုးဆော်တိုက်တွန်းလေ့ ရှိကြောင်း၊ ယနေ့အချိန်အခါတွင် ကမ္ဘာတစ်ဝန်းရှိ လူသားများ၏ ကျန်းမာရေးကို ထိခိုက်စေမှုများသည် ပိုမိုများပြားလာနေကြောင်း၊  လူသားတိုင်း ကျန်းမာရေး စောင့်ရှောက်မှုကို ရယူပိုင်ခွင့်၊ ပညာသင်ကြားပိုင်ခွင့်၊ သတင်းအချက်အလက် ရယူပိုင်ခွင့်တို့ကို ရရှိနိုင်ရေးအတွက် ယခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့   ဆောင်ပုဒ်အဖြစ်  "My Health, My Right"  ကို သတ်မှတ်ပေးခဲ့ပြီး မြန်မာဘာသာဖြင့် “လူတိုင်းလူတိုင်း ကျန်းမာဖို့၊ ကိုယ်စီပါဝင်ဆောင်ရွက်စို့”ဟု ဆီလျော်အောင်  ဘာသာပြန်ဆိုထားပါကြောင်း။

ယခုနှစ်ကမ္ဘာ့ကျန်းမာရေးနေ့ ဆောင်ပုဒ်တွင် အလေးထား တင်ပြထားသည့်အချက်မှာ လူတိုင်းရောဂါဘယ ကင်းရှင်းပြီး ကျန်းမာစွာ လူ့သက်တမ်းစေ့     နေနိုင်ရေးအတွက် အခြေခံကျပြီး အရည်အသွေးပြည့်ဝသော ပဏာမ ကျန်းမာရေး စောင့်ရှောက်မှုများကို အသက်အရွယ်မရွေး၊ ကျား/မ မရွေး၊ လူမျိုးဘာသာမရွေး၊   နေရာဒေသမရွေး လူတိုင်းလက်လှမ်းမီ ရရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက် ပေးစေလိုခြင်း  ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင်   လူမှုရေးဦးတည်ချက်တစ်ရပ်ဖြစ်သည့် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့်    ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး}} ဆိုသောဦးတည်ချက်ကို ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် အဓိက တာဝန်ယူဆောင်ရွက်နေသည့် ဝန်ကြီးဌာနအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင်လမ်းညွှန်မှုကို ခံယူပြီး စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း   ပြောကြားသည်။

ထို့နောက်  အစီအစဉ်အရ   ၂၀၂၄ ခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ် ဗီဒီယိုကိုပြသပြီး ပြည်သူ့ကျန်းမာရေး လုပ်ငန်းစွမ်းဆောင်ရည် အကောင်းဆုံး   တိုင်းဒေသကြီး/ပြည်နယ်ဆုများကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဂုဏ်ပြုဆုများ ချီးမြှင့်ကြသည်။

 ယင်းနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ကျန်းမာရေးဝန်ကြီးဌာန လှပျိုဖြူများက အကအလှများဖြင့် ဖျော်ဖြေကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ၂၀၂၄ ခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသော ပြခန်းငယ်အား လှည့်လည် ကြည့်ရှုကြသည်။

မွန်းလွဲ ၁ နာရီတွင် မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးဆိုင်ရာ အမျိုးသား မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) အသိပေးမိတ်ဆက်ခြင်း အခမ်းအနားကို အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး တက်ရောက် အဖွင့်အမှာစကား ပြောကြားပြီး   ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ကံကောင်းက မဟာဗျူဟာစီမံကိန်း ပြုစုရေးဆွဲရခြင်း၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များကို လည်းကောင်း၊ ညွှန်ကြားရေးမှူး(မကူးစက်) ဒေါက်တာသီတာဝင်းက မဟာဗျူဟာစီမံကိန်း အကျဉ်းချုပ်ကို လည်းကောင်း   ရှင်းလင်း တင်ပြကြသည်။

အသိပေးမိတ်ဆက်ခြင်း အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ စီမံချက်မန်နေဂျာများ၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယ ညွှန်ကြားရေးမှူးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။