နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်းစံများဆိုင်ရာ ဒီပလိုမာသင်တန်း အမှတ်စဉ်(၁) အပိုင်း(၁)သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

 

နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်းစံများဆိုင်ရာ ဒီပလိုမာသင်တန်း အမှတ်စဉ်(၁) အပိုင်း(၁)သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

 

နေပြည်တော်  ဧပြီ  ၈

    မြန်မာနိုင်ငံစာရင်းကောင်စီမှ ကြီးမှူး၍  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့် စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်တွင် ဖွင့်လှစ်သည့် နိုင်ငံတကာ ဘဏ္ဍာရေး အစီရင်ခံခြင်းစံများဆိုင်ရာ ဒီပလိုမာသင်တန်း ( Diploma in International   Financial  Reporting Standards - Dip IFRS)အမှတ်စဉ်(၁)  အပိုင်း (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး  နဝရတ်ခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင်   ပြည်ထောင်စုစာရင်းစစ်ချုပ်  မြန်မာနိုင်ငံစာရင်းကောင်စီ ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက ယခုသင်တန်းတွင် အများပြည်သူ အကျိုးစီးပွားနှင့် သက်ဆိုင်သည့် လုပ်ငန်းအဖွဲ့အစည်းများနှင့် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများတွင် ပိုမိုကောင်းမွန်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုရှိသည့် ဘဏ္ဍာရေးအစီရင်ခံ တင်ပြမှုဖြစ်စေရန် နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်းစံများနှင့် စပ်လျဉ်း၍ အခြေခံသဘောတရား၊ ရည်ရွယ်ချက်၊    စာရင်းရေးသွင်းမှုနှင့် ထုတ်ဖော်တင်ပြမှု ဆိုင်ရာများကို သင်ကြားပေးခဲ့ပါကြောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ပိုမိုပြည့်ဝ တိုးတက်လာမည်ဖြစ်ပြီး ဘဏ္ဍာရေးအစီရင်ခံခြင်း စံများနှင့်အညီ   အစီရင်ခံစာများ ပြုစုရေးဆွဲ ထုတ်ပြန်ခြင်း၊ နိုင်ငံပိုင်အစုရှယ်ယာများ ပါဝင်သော ကုမ္ပဏီများ၏  ဘဏ္ဍာရေးရှင်းတမ်းများကို စာရင်းစံများနှင့်ညီညွတ်မှု ရှိ၊ မရှိ စိစစ်ကြီးကြပ်ခြင်းတို့တွင် လက်တွေ့ပြန်လည် အသုံးချနိုင်မည်ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း ခေတ်ကာလနှင့်အညီ   စာရင်းစံပြောင်းလဲမှုများကို စဉ်ဆက်မပြတ်လေ့လာ၍ လိုက်နာကျင့်သုံးခြင်း၊ စာရင်းပညာ ပိုမိုပြန့်ပွားစေရေးပြန်လည်မျှဝေသင်ကြား ပေးခြင်းများကို ဆောင်ရွက်ကြစေလိုပါကြောင်း၊ ထို့ပြင် သင်တန်းသားများအနေဖြင့်   နိုင်ငံတကာ ဘဏ္ဍာရေး အစီရင်ခံခြင်းစံများဆိုင်ရာ သင်တန်းအမှတ်စဉ် (၁) အပိုင်း (၂) နှင့် အပိုင်း (၃) သင်တန်းသို့ တက်ရောက်ပြီး  ဘွဲ့လွန်ဒီပလိုမာဘွဲ့ ရရှိရေး ဆက်လက်ကြိုးစား ကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။

အဆိုပါသင်တန်းကို    ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်တွင် ဇန်နဝါရီလ ၁၈ ရက်မှစ၍ သင်တန်းကာလ သုံးလကြာဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ၂၉  ဦး၊ အခြားဌာန၊ အဖွဲ့ အစည်းများမှ ၆၀ စုစုပေါင်း သင်တန်းသား ၈၉ ဦး   တက်ရောက်ပြီးမြောက်ခဲ့သည်။ ယခုသင်တန်း ပြီးမြောက် အောင်မြင်သူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းဆင်းပွဲ အခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်  မြန်မာနိုင်ငံ စာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမမှ လည်းကောင်း၊ မြန်မာနိုင်ငံ စာရင်း ကောင်စီ ဒုတိယဥက္ကဋ္ဌ(၂) နှင့် တာဝန်ရှိသူများက Online ဖြင့်လည်းကောင်း တက်ရောက် ခဲ့ကြကြောင်း သိရသည်။