ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လုပ်ငန်း ဆောင်ရွက်နေမှုအား ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ကြည့်ရှုစစ်ဆေး

 

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လုပ်ငန်း ဆောင်ရွက်နေမှုအား ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ကြည့်ရှုစစ်ဆေး

 

ရန်ကုန် ဧပြီ  ၈

    ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ   ယနေ့မွန်လွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် အစည်းအဝေးခန်းမ၌ ရန်ကုန်လေဆိပ်တွင် တာဝန်ထမ်းဆောင်နေသော  ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ရန်ကုန်လေဆိပ် Operator လုပ်ကိုင်နေသည့်   Yangon Aerodrome Company Limited-  YACL မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် တာဝန်ရှိသူများက လက်ရှိလေဆိပ်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များကို ပြန်လည်ရှင်းလင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ရန်ကုန်လေဆိပ်သည် မိမိနိုင်ငံအတွင်းသို့  ပြည်ပမှလေကြောင်းခရီးဖြင့် ခရီးသည်များစွာ ဝင်ရောက်ထွက်ခွာသည့် အဓိကဝင်ပေါက်နေရာ ဖြစ်ကြောင်း၊ ပြည်တွင်း/ပြည်ပ ခရီးသွားများ အဆင်ပြေလုံခြုံစိတ်ချစွာ သွားလာနိုင်ရေးသည် အဓိက လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်ကြောင်း၊ ထို့ပြင် လေကြောင်းမှ သတ်မှတ်ခွင့်ပြု ကုန်ပစ္စည်းများကို နိုင်ငံတကာမှ တင်သွင်းခြင်းနှင့် နိုင်ငံတကာသို့ တင်ပို့ခြင်းလုပ်ငန်းများကို   လုပ်ထုံး လုပ်နည်းနှင့်အညီ ဝန်ဆောင်မှုပေးနေရသည့် လုပ်ငန်းများကိုလည်း   ဆောင်ရွက်နေရ ကြောင်း။

လေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာခြင်းသည်   နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် များစွာအထောက်အကူ ပြုမည်ဖြစ်ကြောင်း၊  လုံခြုံရေးတာဝန် ထမ်းဆောင်နေရသည့် ဝန်ထမ်းများအနေဖြင့်လည်း လေဆိပ်ပတ်ဝန်းကျင်နှင့် လေဆိပ်အတွင်း မသမာသူများ ဝင်ရောက်ပြီး အဖျက်အမှောင့် လုပ်ငန်းများ ဆောင်ရွက်မှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်သွားကြရန် လိုကြောင်း၊ လေကြောင်းမှ ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်သား ပြည်သူများ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင် တင်သွင်းမှုများ အန္တရာယ် ရှင်းလင်းစွာ   လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ရေး အတွက် လေဆိပ်တွင် တာဝန်ထမ်းဆောင်နေကြသော ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် လေဆိပ် Operator တို့ ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့်  အခက်အခဲ လိုအပ်ချက်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားကြရန်နှင့် လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက လုပ်ငန်းများနှင့်ပတ်သက်၍   ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်လေဆိပ် ပြည်တွင်း/ပြည်ပ ခရီးသည်များအတွက် ထွက်ခွာ/ဆိုက်ရောက်သည့် Terminal 3  ၊ ကုန်ပစ္စည်းများရောက်ရှိ၊ တင်ပို့သည့်  Cargo Terminal နှင့် ပြည်ပခရီးသည်များ ထွက်ခွာ/ဆိုက်ရောက်သည့် Terminal 1 တို့တွင် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ  မှာကြားခဲ့ကြောင်း သိရသည်။