သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာ သုံးနှစ်သင်တန်းအတွက် သင်ရိုးညွှန်းတမ်းနှင့် သင်ခန်းစာဖော်ထုတ်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

 

သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာ သုံးနှစ်သင်တန်းအတွက် သင်ရိုးညွှန်းတမ်းနှင့် သင်ခန်းစာဖော်ထုတ်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

 

နေပြည်တော်   ဧပြီ    ၈

    သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သုံးနှစ်သင်တန်းအတွက် သင်ရိုးညွှန်း တမ်းနှင့် သင်ခန်းစာ ဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲကို   ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲသို့  ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ် (သန်လျင်၊ စစ်ကိုင်း)တို့မှ ပါမောက္ခချုပ်များ၊ သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)တို့မှ ကျောင်းအုပ်ကြီးများ၊  ဘာသာရပ်အလိုက် သင်ရိုးညွှန်းတမ်း ရေးဆွဲခဲ့သည့် တက္ကသိုလ်၊ ကောလိပ်များမှ  ပါမောက္ခ(ဌာနမှူးများ)နှင့်  ဆရာ၊ ဆရာမများ၊ တိုင်းဒေသကြီး၊  ပြည်နယ်သမဝါယမ ဦးစီးဌာနငါးခုမှ ညွှန်ကြားရေးမှူးများ၊ သမဝါယမ စာရင်းရေးစာရင်းကိုင်  သက်မွေးပညာ သင်တန်းကျောင်း  (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်)မှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေး ပညာသင်တန်းကျောင်းများ (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်)အဖြစ် ၂၀၂၂ ခုနှစ် ဇွန်လ ၁၆  ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုဆိုလျှင်  သင်တန်းကာလ နှစ်နှစ်ဖြင့် သင်တန်းများကို ဒုတိယအကြိမ်မြောက် ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း၊   သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်းများကို   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ   အထက်တန်းကျောင်းများနှင့် စက်မှုအထက်တန်းကျောင်း များကဲ့သို့  သုံးနှစ်သင်တန်းသို့    တိုးမြှင့်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း။

လာမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှ စတင်ပြီး   အကောင်အထည်ဖော်မည်  ဖြစ်သည့်အတွက်  သုံးနှစ်တာသင်ကြားပို့ချမည့်  ဘာသာရပ် သင်ခန်းစာများကို စနစ်တကျ  ပြည့်စုံစွာ ရေးဆွဲပြုစုစေလိုကြောင်း၊ စနစ်သစ်ပညာရေးအရ Grade - 9  အောင်မြင်ထားသူများကို  သင်တန်းသားအဖြစ်  လက်ခံဆောင်ရွက်မည်ဖြစ်သည့် အတွက် အဆင်ပြေနိုင်သော   သင်ခန်းစာများကို ရွေးချယ်ဖန်တီးစေလိုကြောင်း၊ သုံးနှစ်သင်တန်း ပြီးမြောက်သည့်အခါ Certificate in   Business   Accounting လက်မှတ် ထုတ်ပေးရန်နှင့် စာရင်းကိုင် ဘာသာရပ်များနှင့် သင်္ချာဘာသာရပ်တို့မှ   ဂုဏ်ထူးရရှိပြည့်မီသူများအား   သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်များနှင့်  သမဝါယမ ကောလိပ်များတွင် ပေါင်းကူးပညာ သင်ယူပြီး   ဘွဲ့၊  ဒီပလိုမာများ ပေးအပ်နိုင်အောင်  စီစဉ်မည်ဖြစ်ကြောင်း။

သမဝါယမကောလိပ်အပြင် သမဝါယမနှင့်  စီမံခန့်ခွဲမှုပညာ တက္ကသိုလ်များသို့ တက်ရောက်ပညာ သင်ယူနိုင်ရန် အရည်အချင်းစိစစ် လက်ခံရမည်ဖြစ်ပြီး အောင်မြင်ပြီးသော သင်တန်းသားများအားလုံး အလုပ်အကိုင် ရရှိမည်ဖြစ်ကြောင်း၊  သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းများ အနေဖြင့် နိုင်ငံအတွက်တန်ဖိုးရှိသော အနာဂတ်စာရင်းကိုင် ကျွမ်းကျင်သူများကို  စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်သော  အားထားရသော ကျောင်းများအဖြစ် ရေရှည်တည်တံ့ ရပ်တည်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် သမဝါယမ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ပြောကြားပြီး     သင်ရိုးညွှန်းတမ်း ရေးသားပြုစုသော   Major ဘာသာရပ်၏ တာဝန်ခံအဖွဲ့ခေါင်းဆောင်များက  သင်ရိုးညွှန်းတမ်းနှင့် ပတ်သက်၍  ဆွေးနွေးတင်ပြကြကာ တက်ရောက်လာသူများက   အကြံပြုဆွေးနွေး တင်ပြကြသည်။

ယင်းနောက် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များမှ  ပါမောက္ခချုပ်များက အကြံပြုချက်များကို ဆွေးနွေးပြီး  သုံးနှစ်သင်တန်းတွင် သင်ကြားမည့်  သင်ခန်းစာများကို ဆွေးနွေးညှိနှိုင်းကြသည်။

သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်းများတွင် သင်ကြားပို့ချမည့်   သင်ခန်းစာများကို ဖော်ထုတ်ပြုစု၍  ပညာရေးဝန်ကြီးဌာန အမျိုးသား ပညာရေးဌာန၏   အမျိုးသားသင်ရိုး ညွှန်းတမ်းကော်မတီမှ    အသိအမှတ်ပြုခွင့်ပြုရန် ဆောင်ရွက်မည်ဖြစ်ပြီး သုံးနှစ်သင်တန်း ပြီးမြောက်ပါက  သတ်မှတ်အရည်အချင်း ပြည့်မီသူများအား သမဝါယမကောလိပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်များသို့   ပေါင်းကူးဆက်လက် ပညာသင်ကြားနိုင်ရေးနှင့် အလုပ်ခန့်အပ်နိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း  သိရသည်။