သွေးချိုဆီးချိုရောဂါနှင့် သတိပြုစရာ အပူလွန်ကဲခြင်း ပြဿနာ

 

သွေးချိုဆီးချိုရောဂါနှင့် သတိပြုစရာ အပူလွန်ကဲခြင်း ပြဿနာ

 

    သွေးချိုဆီးချိုရောဂါရှိသူများသည် အပူလွန်ကဲခြင်းနှင့် ဆက်စပ်သော ကျန်းမာရေးပြဿနာများကို ရောဂါမရှိသူများထက် ပို၍ခံစားကြရပါသည်။ နွေရာသီတွင် သွေးချိုဆီးချိုဝေဒနာရှင်များ   တွေ့ကြုံရနိုင်သည့် ပြဿနာများကို ကာကွယ်နိုင်ရေး လူနာများ၊ မိသားစု ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ အထူးသတိပြုရန် လိုအပ်ပါသည်။ နွေရာသီ၌ ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်အပူချိန် လွန်ကဲမှုကြောင့် သွေးချို ဆီးချိုရောဂါရှိသူများတွင် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရန်  ပို၍ခက်ခဲတတ်ပါသည်။ ပူပြင်းသော နွေရာသီတွင် ခန္ဓာကိုယ်၏ ဇီဝဖြစ်ပျက်မှု ပိုမိုမြင့်မားပြီး အင်ဆူလင်ကို ပိုမိုစုပ်ယူနိုင်သောကြောင့် hypo-glycemia (သကြားဓာတ်နည်းခြင်း) ဖြစ်နိုင်ခြေများ ပါသည်။ နေပူထဲတွင်ကြာကြာထိုင်ခြင်းသည် သွေးတွင်းသကြားဓာတ်ကို   ပုံမှန်ထက်ပို၍မြင့်တက်စေ သောကြောင့် သွေးချိုဆီးချိုရောဂါကို ပိုဆိုးစေနိုင်ပါသည်။  ပူပြင်းသော ရာသီဥတုတွင်  သွေးချိုဆီးချို ရောဂါရှိသူများသည် ပြင်းထန်သော သွေးတွင်းသကြား ဓာတ်နည်းခြင်း၊  သွေးတွင်းသကြားဓာတ်များခြင်းကြောင့် အက်စစ်ဓာတ်လွန်ကဲခြင်း (Diabetic Keto-acidosis)၊ နှလုံးခုန်နှုန်း အလွန်မြန်ခြင်း (ventricular  arrhythmia) နှင့် ရုတ်တရက် နှလုံးရပ်ခြင်း (Car-diac arrest) တို့ကို ခံစားရတတ်ပါသည်။

    လူ့ခန္ဓာကိုယ်သည် သဘာဝအားဖြင့်  ပူပြင်းသော ရာသီဥတုတွင်  ချွေးထွက်များ၍  အရေပြားပေါ်ရှိ ချွေးများ အငွေ့ပြန်စေကာ အပူများကိုဖယ်ရှားပေးပြီး ခန္ဓာကိုယ်ကို အေးမြစေပါသည်။ တချို့သောသွေးချို ဆီးချိုရောဂါသည်များတွင် သွေးကြောများနှင့် အာရုံ ကြောများပျက်စီးကာ ချွေးဂလင်းများ ကောင်းစွာအလုပ် မလုပ်နိုင်သောကြောင့် ချွေးထွက်နိုင်စွမ်းကို ထိခိုက်စေပြီး ခန္ဓာကိုယ်ကို ထိထိရောက်ရောက် မအေးမြနိုင်ပါ။ ထို့ကြောင့် သွေးချိုဆီးချိုရောဂါရှိသူများသည် ရောဂါမရှိသူများထက် အပူဓာတ်ကြောင့် ပင်ပန်းနွမ်းနယ်နိုင်ခြေပိုများသည်။ ရာသီဥတုပူပြင်းချိန်တွင် သွေးချို ဆီးချိုရောဂါရှိသူများအနေဖြင့်   အလယ်အလတ် လှုပ်ရှားမှုပြုလုပ်မှုသည်ကပင် ချွေးထွက်များစေကာ ရေဓာတ်ခန်းခြောက်လာပြီး   သွေးတွင်းဂလူးကို့စ် ပမာဏကို မြင့်တက်စေသည်။ ထို့ပြင် သွေးချိုဆီးချို ရောဂါရှိသူများသည်  ရေဓာတ်ခန်းခြောက်ခြင်းနှင့် ခန္ဓာကိုယ်မှရေများ အလွန်အကျွံဆုံးရှုံးခြင်းသည် အပူလွန်ကဲသောအခါတွင် ပို၍လျင်မြန်သည်။ အရေးပေါ် အခြေအနေများဖြစ်သည့် အသက်အန္တရာယ်ဖြစ်စေ နိုင်သော အပူကြောင့် ပင်ပန်းနွမ်းနယ်မှု (Heat Exha-ustion)  နှင့် အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat stroke) တို့ကို ဖြစ်ပေါ်စေနိုင်သည်။ အပူချိန်မြင့်တက် နေချိန်တွင် ရေအလုံအလောက်မသောက်ပါက သွေးတွင်းဂလူးကို့စ်ကို မြင့်တက်စေပြီး သွေးတွင်းဂလူးကို့စ် မြင့်မားခြင်းကြောင့်လည်း  တစ်ဖန်ဆီးသွားခြင်းကို ပိုများစေနိုင်၍ ရေဓာတ်ခန်းခြောက်စေနိုင်ပါသည်။ မြင့်မားသောအပူချိန်သည် ခန္ဓာကိုယ်မှ အင်ဆူလင် အသုံးပြုပုံကို ပြောင်းလဲစေနိုင်သည်။ သွေးချိုဆီးချို ရောဂါကုသရာတွင် အသုံးပြုသည့် ထိုးဆေးအင်ဆူလင်ကို ဆေးထိုးသည့်နေရာမှ ပိုမိုလျင်မြန်စွာစုပ်ယူနိုင်၍ သွေးတွင်းသကြားဓာတ်နည်းခြင်း ဖြစ်တတ်ပါသည်။ ထို့ကြောင့် သွေးတွင်းဂလူးကို့စ်ကို မကြာခဏစစ်ဆေးပြီး လိုအပ်သည့်အင်ဆူလင်ပမာဏနှင့် စားသောက်သည့် ပမာဏတို့ကို ချိန်ညှိရန် လိုအပ်နိုင်ပါသည်။

သွေးချိုဆီးချိုရောဂါ ရှိသူများအနေဖြင့်  နွေရာသီတွင် အပူလွန်ကဲခြင်းကြောင့် ဖြစ်သော ပြဿနာများကို ကာကွယ်ရန်-

၁။ ပူပြင်းသောရာသီဥတုတွင် ရေ  သို့မဟုတ် သကြားမပါသော အရည်များများ သောက်ပါ။    ရေငတ်သည်အထိ မစောင့်ပါနှင့်။ ကော်ဖီ၊ ကယ်လိုရီနှင့် ကဖိန်းဓာတ်ပါသောဖျော်ရည်များ၊ အရက်နှင့်ဘီယာများသည် ရေဓာတ်ဆုံးရှုံးစေပြီး သွေးတွင်းဂလူးကို့စ် ပမာဏကို မြင့်တက်စေနိုင်သဖြင့် ရှောင်ကြဉ်ပါ။

၂။ ပူပြင်းသောရာသီဥတုတွင် လူများသည် သွေးတွင်းဂလူးကို့စ် နည်းခြင်းနှင့် မြင့်တက်ခြင်း နှစ်မျိုးစလုံး ဖြစ်နိုင်ခြေရှိပြီး ယင်းဖြစ်စဉ်သည် အသက်အန္တရာယ်ရှိ သဖြင့်  သွေးတွင်းသကြားဓာတ်ကို မကြာခဏစစ်ဆေးရန်နှင့် လိုအပ်ပါက အရေးပေါ်ကုသမှု ခံယူရန်အရေး ကြီးပါသည်။ ကိုယ်လက်လှုပ်ရှားမှုသည် အများအားဖြင့် အင်ဆူလင်လိုအပ်မှု လျော့နည်းနိုင်ခြေရှိသဖြင့် မလှုပ်ရှားမီအချိန်နှင့်  လှုပ်ရှားပြီးနောက်  သွေးတွင်း ဂလူးကို့စ်ကိုစစ်ဆေးပါ။   အသုံးပြုသည့်အင်ဆူလင် ပမာဏကို လိုအပ်သလို ချိန်ညှိနိုင်စေရေး ဆရာဝန် နှင့်ပြသရန် လိုအပ်ပါသည်။

၃။ လေ့ကျင့်ခန်းလုပ်ခြင်းသည်  သွေးချိုဆီးချို ရောဂါရှိသူများတွင် သွေးတွင်းသကြားဓာတ် ထိန်းညှိခြင်း၏ အရေးကြီးသောကုသမှု တစ်ခုဖြစ်သော်လည်း ပူပြင်းသော နေ့ရက်များတွင် ပြင်းထန်သော လေ့ကျင့်ခန်းများ လုပ်ခြင်းကို ရှောင်ကြဉ်ပါ။ နံနက်စောစော သို့မဟုတ်  နေဝင်သည်နှင့်  လေ့ကျင့်ခန်းလုပ်ပါ သို့မဟုတ် လေအေးပေးစက် တပ်ထားသော  Gym ၌ လေ့ကျင့်ခန်း လုပ်ပါ။

၄။ ပေါ့ပေါ့ပါးပါးနှင့် အရောင်ဖျော့ဖျော့အဝတ် အစားများကို ပွပွချောင်ချောင် ဝတ်ဆင်ပါ။

၅။ နေလောင်ခြင်းသည် သွေးတွင်းသကြားဓာတ် ကိုမြင့်တက်စေနိုင်သဖြင့် အပြင်ထွက်ချိန်တွင် နေ ရောင်ကာ ခရင်မ်လိမ်းပါ။ ဦးထုပ်ဆောင်းပါ။

၆။ အာရုံကြောရောဂါရှိနေပါက ပူသောမြေပေါ်တွင် ခြေထောက်များ ပူလောင်သည်ကို သတိမထား မိနိုင်သောကြောင့် ဖိနပ်အမြဲဝတ်ဆင်ပါ။

၇။ အပူချိန်မြင့်မားနေချိန်တွင် တတ်နိုင်သမျှ အပြင် မထွက်ဘဲ အေးမြပြီး အရိပ်ရသည့်နေရာ၊ လေဝင်လေ ထွက်ကောင်းသောနေ ရာတွင်အနားယူပါ။   အလွန် မြင့်မားသော အပူချိန်တွင် လေအေးပေးစက်သုံးပါ။

၈။ သွေးတွင်းသကြားဓာတ်နည်းခြင်း၏ သတိပေး လက္ခဏာများကိုသတိထားပါ။   အပူလွန်ကဲခြင်း၏လက္ခဏာတချို့သည် သွေးတွင်းသကြားဓာတ် နည်းခြင်း သို့မဟုတ် hypoglycemia နှင့်ဆင်တူသည်။ ချွေးထွက်ခြင်း၊ ခေါင်းမူးခြင်း၊ အမြင်အာရုံေ၀ဝါးခြင်း၊ ဆာလောင်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ ပင်ပန်းနွမ်း နယ်ခြင်း၊  အားနည်းခြင်းတို့ပါဝင်သည်။  သွေးတွင်း သကြားဓာတ်ကို မြှင့်တင်နိုင်ရေး လိုအပ်ချိန်တွင်စားရန် အတွက် မုန့်များ၊ အချိုရည်များနှင့် ဂလူးကို့စ်ဆေးပြား များကို အမြဲဆောင်ထားရန် လိုအပ်ပါသည်။

၉။ အပူချိန်  ၁၀၄  ဒီဂရီဖာရင်ဟိုက်နှင့်အထက် မြင့်တက်ပြီး အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း လက္ခဏာများ ခံစားရလျှင် နီးစပ်ရာဆေးရုံဆေးခန်းများ၌ ပြသ၍  ကုသမှုခံယူရန် လိုအပ်ပါသည်။  အပူဒဏ်ကြောင့် သတိလစ်ခြင်း ဖြစ်နိုင်သည့်လက္ခဏာများ ခံစားနေရသည်ဟု သံသယရှိလျှင် အပူချိန်အမြန်ကျစေရန် ယပ်ခတ်ခြင်း သို့မဟုတ်  ပန်ကာဖွင့်ပေးပါ။ ရေအေးဝတ်ဖြင့် နဖူး၊ လည်ပင်း၊ ဒူးခေါက်ကွေး၊ ချိုင်း ကြားနှင့် ပေါင်ခြံနေရာများကို ရေဖတ်တိုက်ပေးရပါမည်။ ရေချိုး၍ရလျှင် ရေချိုးပေးပါ။ ထို့နောက် ဆေးရုံ ဆေးခန်းသို့ အချိန်မီပို့ရန် လိုအပ်ပါသည်။

၁၀။  ပူပြင်းသောရာသီဥတုတွင်  အင်ဆူလင်ကို အခန်းအပူချိန်ထက် မကျော်လွန်စေရန် ရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းသည် အကောင်းဆုံးဖြစ်သည်။ ခရီးသွားလျှင် အင်ဆူလင်ကို အအေးခံအိတ်ထဲထည့် ၍သယ်ဆောင်ပါ။  အင်ဆူလင်ကို  နေရောင်ခြည် တိုက်ရိုက်မထိအောင် ထားပါ။ မြင့်မားသောနွေရာသီ အပူချိန်သည် ဆီးချိုရောဂါကုသဆေးများ၊ ဂလူးကို့စ် မီတာနှင့် ဆီးချိုစမ်းသပ်သည့် ပစ္စည်းများကို ထိခိုက်စေ နိုင်သည်။  ဆေးများကို  အေး၍ခြောက်သွေ့သော နေရာတွင် မှန်ကန်စွာသိမ်းဆည်းပါ။

၁၁။ အပူလွန်ကဲခြင်း၊ သွေးချိုဆီးချိုနှင့် တခြားရောဂါများဆိုင်ရာ အရေးပေါ် အခြေအနေများကို စောစီးစွာသိရှိနိုင်စေရေး မိသားစုဝင်များက အထူးဂရုပြု စောင့်ကြည့်ပေးရန် လိုအပ်ပါသည်။

ဤအကြံပြုချက်များသည် သွေးချိုဆီးချိုနှင့်တခြား ရောဂါအခံရှိသူများ အနေဖြင့်  နွေရာသီတွင်  အပူ လွန်ကဲခြင်းကြောင့် ဖြစ်တတ်သော ကျန်းမာရေး ပြဿနာများကို ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်ပါသည်။       ။

ဒေါက်တာသိင်္ဂီကျော်