မြန်မာ့ရိုးရာ ရေသဘင်ပွဲ ယဉ်ကျေးစွာအတူ ဆင်နွှဲကြပါစို့

 

မြန်မာ့ရိုးရာ ရေသဘင်ပွဲ ယဉ်ကျေးစွာအတူ ဆင်နွှဲကြပါစို့

 

    သင်္ကြန်ဆိုသည့် စကားလုံးကြားသည်နှင့် လူတိုင်း၏ ရင်ထဲ အပျော်စိတ်တို့ နိုးကြားလာကြသည်။ ပတ်ဝန်းကျင်တွင် အဆို၊ အကတေးသီချင်းသံများ ဟိုတစ်စဒီတစ်စ  ပျံ့နှံ့ထွက်ပေါ်ပြီး  သင်္ကြန်အငွေ့အသက် ထွက်ပေါ်လာချိန် မဟာသင်္ကြန်ရေသဘင်ပွဲ ဆင်နွှဲပျော်ရန်အားခဲလာကြသည်။ သင်္ကြန်အခါကို အကြိုစောပြီး  ပွင့်ဖူးနေကြသည့် ပိတောက်ပန်းကလေးများကိုလည်း  ဦးဦးဖျားဖျား ဘုရားပန်းတင်နိုင်ရေး ခူးဆွတ်ကြည်နူးချိန်ဖြစ်သကဲ့သို့ အမျိုးသမီးအများစု၏ ဦးခေါင်းထက်တွင် ပိတောက်ပန်းခက်များကို ဝေဆာအောင် ပန်ဆင်နေရာယူချိန်လည်း ဖြစ်သည်။ ပိတောက်ရနံ့သင်းသင်းမှာလည်း လူတိုင်းရင်ကိုအေးမြ မွှေးကြိုင်စေသည် မဟုတ်ပါလား။

သင်္ကြန်မရောက်မီ ရင်ခုန်စရာ မြင်ကွင်းသည်က လမ်းဘေးတစ်လျှောက် ရေသဘင်မဏ္ဍပ်များ စတင်ဆောက်လုပ်နေကြသည့်  မြင်ကွင်းပင်ဖြစ်သည်။

ယခင်က ဆီပီပါများကိုဆင့်ထပ်ပြီး မဏ္ဍပ်ဆောက်သည့်ခေတ်ဖြစ်ပြီး ယခုခေတ်တွင်  မဏ္ဍပ်များကို သံပိုက်များဖြင့်ချိတ်ဆက်ပြီး ခိုင်ခိုင်မာမာ တည်ဆောက်လာကြသည်။ ကုမ္ပဏီများကလည်း သင်္ကြန်ကာလ သင်္ကြန်မဏ္ဍပ်ဝန်ဆောင်မှု၊ ဖျော်ဖြေရေး ဝန်ဆောင်မှုများပြုလုပ်ပေးလာကြသည်။ အလားတူ  သင်္ကြန်ကာလအတွင်း သင်္ကြန်မဏ္ဍပ်များအနီး ဈေးရောင်းမည့်သူများ၊ ကားငှားလိုက်သူများအတွက် သင်္ကြန်တွင်း စီးပွားရေးဖြစ်သည်။

ယခင်၊ ယခု မတူညီမှုနှင့်အတူ အတိတ်ကာလဆီက သင်္ကြန်နေ့ရက်များက တစ်မျိုးတစ်ဖုံ ရင်ခုန်စရာ ကောင်းလှသည်။   သင်္ကြန်ကာလ လမ်းမထက်တွင် အုန်းလက်မဏ္ဍပ်ထိုးပြီး စည်ပိုင်းပြတ်၊ ရေအိုး၊ ရေပုံးများကို ရေဖြည့်ပြီး ကိုယ့်အစုနှင့်ကိုယ် ရေကစားကြလေ့ရှိသည်။  ကလေးသူငယ်များကို လူငယ်ထုက ပြန်လည် ထိန်းသိမ်းပေးသည်။ အုပ်ထိန်းသူလူကြီးများက အရိပ်ရသောနေရာမှ စောင့်ကြပ်ကြည့်ရှုပေးသည်။ စက်ဘီး၊ ဆိုင်ကယ်သည် သင်္ကြန်တွင်းလည်ပတ်စရာ ယာဉ်အများစုသာဖြစ်သည်။ သို့တိုင် အားငယ်စရာမလိုပေ။ ကလေး၊ လူကြီးမရွေး ဖြတ်သွားဖြတ်လာ လူများကို တစ်ယောက်မျှ မလွတ်စေရ။ သင်္ကြန်ရေစိုအောင် အမိအရ ဖျန်းပက်နိုင်ကြသည်။ ရေကစားသူ၊ ရေပက်ခံသူများဖြင့်  သင်္ကြန်နေ့ရက်များက မပျင်း မခြောက် ပျော်ရွှင်စရာကောင်းလှသလို ဘေးအန္တရာယ် ကင်းလွန်းလှသည်။ ဥပုသ်စောင့်သူများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများကို ရေပက်လေ့မရှိတဲ့ မြန်မာတို့ရဲ့  ရိုးရာယဉ်ကျေးမှု အစဉ်အလာစောင့်ထိန်းမှုကလည်း ချစ်စရာကောင်းလှသည်။

မြန်မာ့ရိုးရာသင်္ကြန်ကို အပျော်စိတ်ကူးများဖြင့်သာ ဝိုင်းဝန်း တည်ဆောက်သင့်ပေသည်။ အပျက်သဘောဆန်သော ခိုက်ရန်ဖြစ်ပွားမှု အထူးဂရုပြုရမည်ဖြစ်သည်။  မိမိ၏အပျော်မှ သူတစ်ပါးဘေးဖြစ်သော အပျော်မျိုး မဖြစ်ပေါ်စေရန် ထိန်းသိမ်း စောင့်ရှောက် ရမည်ဖြစ်သည်။ အန္တရာယ်ရှိသော ခိုက်ရန်ဖြစ်ပွားမှုကို တတ်စွမ်းသမျှ ရှောင်ရှားသင့်ပြီး တဒင်္ဂဖြစ်ပွားသော ဒေါသမှ တစ်ဘဝစာ နောင်တမဖြစ်စေရန်လိုအပ်သည်။

စည်းကမ်းလိုက်နာမှသာ သင်္ကြန်တွင်းမှာ ဘေးကင်းကွာ စေနိုင်မည်ဖြစ်သည်။ ရေတွေစိုရွှဲသည့်သင်္ကြန်တွင်း ဥပဒေဘောင်အတွင်းမှ ငြိမ်းချမ်းစွာ ဆင်နွှဲပျော်ရွှင်နိုင်မှသာ အတိတ်၊ အနာဂတ်ပြဿနာ အရပ်ရပ်ကင်းစင်စေမည်ဖြစ်သည်။

သင်္ကြန်နီးလာသည်နှင့် သင်္ကြန်နှင့်ပတ်သက်သော ဆောင်ရန်၊  ရှောင်ရန်အချက်များကို သတင်းစာ၊မီဒီယာများတွင် ကြေညာထားသည်ကို တွေ့ရှိရသည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုဓလေ့စရိုက်နှင့် ဆန့်ကျင်သော အပြုအမူများ မပြုလုပ်ကြရန်  အဓိကညွှန်ပြထား သည်။ မြန်မာ့ရိုးရာ မဟာသင်္ကြန်သည် ယဉ်ကျေးမှုကို အခြေခံတည်ဆောက် ထားရှိပေသည်။ ယဉ်ကျေးမှုသည် မြန်မာတို့၏ နှလုံးသားပင်ဖြစ်သည်။ အနှစ်သာရကိုပြဆိုပါလျှင် ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ နူးညံ့သိမ်မွေ့သော ကိုယ်နှုတ်အမူအရာ၊ ဘာသာတရား၊ ဓလေ့စရိုက်တို့ပင်ဖြစ်သည်။ ထိုသို့မကောင်းမှုကို ပြုရမည်ကိုရှက်ခြင်း၊ ကြောက်ခြင်း၊  တစ်ဦးအပေါ်တစ်ဦး သနားကြင်နာစိတ်ရှိခြင်းတို့ဖြင့် ပြည့်စုံနေပြီး အခြေခံအကျဆုံး လူသားချင်းစာနာမှုကို ဖော်ထုတ် ပြနေသည့် သင်္ကေတတစ်ခုလည်းဖြစ်သည်။

မြန်မာလူမျိုးများသည်  ကံ၊  ကံ၏အကျိုးကို ယုံကြည်သူများဖြစ်သည်။ နှစ်ဆန်းတစ်ရက်နေ့တွင် မြို့၊  ရွာအတွင်း အန္တရာယ်ကင်း ပရိတ်ရွတ်ခြင်း၊ သက်ကြီးပူဇော်ပွဲများ  ပြုလုပ်ခြင်း အလေ့အထကို    အစဉ်အလာမပျက် ကျင်းပကြလေ့ရှိသည်။

မျိုးဆက်သစ် လူငယ်လူရွယ် ကလေးများသည် ဂါရဝတရား လက်ကိုင်ထား၍ သက်ကြီးဘိုးဘွားများကို လက်သည်း၊ ခြေသည်းညှပ်ပေးခြင်း၊ ခေါင်းလျှော်ပေးခြင်း၊ သနပ်ခါးလိမ်းပေးခြင်း၊ နှိပ်နယ်ပေးခြင်းများ ပြုလုပ်ကြသည်။  အလားတူပင် နှစ်သစ်ဦးအလှူအဖြစ် ဌာနဆိုင်ရာအလိုက်၊ ရပ်ကွက်အလိုက် ကျွဲ၊နွား၊ ငါး၊ ငှက်တိရစ္ဆာန်လေးများကို ဇီဝိတဘေးမဲ့လွှတ်ပွဲများ ပြုလုပ်ကြလေ့ရှိသည်။

သင်္ကြန်ရေသည်   ဖျားနာခြင်း ကင်းသည်ဟု ရှေးလူကြီးများ၏ အဆိုအမိန့်ရှိခဲ့သည်။ ရေ၏လေးနက်သော သဘောတရားအောက်တွင် အေးမြကြည်လင်မှု၊ အညစ်အကြေးကို ဆေးကြောသန့်စင်နိုင်မှု၊ စုစည်းပေါင်းစပ်နိုင်မှုတည်း ဟူသောအချက်များကို  တွေ့ရသည်။ ရေသဘင်ပွဲတော် ဆင်နွှဲပျော်သည့် ရှေးအစဉ်အလာတွင် တိုင်းနိုင်ငံ စည်ပင်သာယာ ဖွံ့ဖြိုးရေး ရေစင်နိမိတ်ဖြင့် ပြည်သူပြည်သား အားလုံးအေးချမ်းခြင်း၊ အခက်အခဲများကို အောင်မြင်စွာကျော်ဖြတ်နိုင်ခြင်း၊ စည်းလုံးညီညွတ်ခြင်း ပုံရိပ်များဖြင့် နိုင်ငံတည်ဆောက်ရန်မူဟန်များ ပါဝင်နိုင်ပေသည်။ ပူပြင်းသည့်နွေနံနက်ခင်းတွင်  သင်္ကြန်ရေသဘင်ပွဲတော်  ဆင်နွှဲပျော်သူ အများစုသည် အေးတစ်လှည့်၊  ခြောက်တစ်လှည့် သင်္ကြန်ရေပက်ခံထွက်ခြင်းသည် သာမန်အားဖြင့် အပူလျှပ်ခြင်းဖြစ်နိုင်သော်လည်း မဖျားမနာ ကျန်းမာစွာ  သင်္ကြန်နေ့ရက်များကို ကောင်းစွာကျော်ဖြတ်နိုင်ခြင်းသည်  ရေပက်သူများနှင့် ရေပက်ခံသူများအကြား ဘေးဘယာကင်းကွာ ကျန်းမာစေချင်သည့် စိတ်ရင်းစေတနာများ  အပြန်အလှန်ကူးလူး ပါဝင်သောကြောင့် ဖြစ်နိုင်ပေသည်။

မြန်မာတို့အတွက်    သင်္ကြန်၏အဓိပ္ပာယ်မှာ ကူးပြောင်းခြင်းဖြစ်ပြီး နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းချိန် ကာလတစ်ခုဖြစ်သည်။   ရှေးအစဉ်အလာသည်  စနစ်သစ်ခေတ်အမျိုးမျိုး ပြောင်းလဲသည့်တိုင်  မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို  မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာနှင့်အညီ   ရိုးရာမပျက်  ဆက်လက်ထိန်းသိမ်းလာခဲ့သည်မှာ  ယနေ့တိုင်ဖြစ်သည်။  နွေနှင့်အပြိုင် အပူဒဏ်ကို ကာကွယ်ရန် နှစ်သစ်ကူးပြောင်းချိန် အခါသမယ သပြေခက်နှင့်ငွေဖလားဖြင့်ရေပက်ကစား၍ နှစ်ဟောင်းက အညစ်အကြေးများကို ဆေးကြောသည့် ပွဲတော်ဖြစ်သည်။ သင်္ကြန်ရေသဘင်ပွဲတော်သည် ဆယ့်နှစ်လရာသီ ပွဲတော်များအနက်   ရေသဘင်ပွဲတော်သည် အကြီးကျယ်ဆုံးနှင့်အစည်ကားဆုံး ပွဲတော်တစ်ခုဖြစ်သည်။ ဥသြငှက်၏ ကြည်နူးစဖွယ်အသံ၊ ငုဝါပန်းနှင့်ရွှေဝါပိတောက်တို့ နွေအလှကို ကိုယ်စားပြုလေ့ရှိပြီး အလှတွင် အယဉ်ဆင့်နေချိန်ဖြစ်သည်။

အနှစ်ချုပ်လျှင် မြန်မာ့ဆယ့်နှစ်လရာသီ ပွဲတော်များအနက် သင်္ကြန်ရေသဘင်ပွဲသည် တစ်ဦးနှင့်တစ်ဦး ချစ်ခင်စွာ ရေပက်ဖျန်းသည့် ရိုးရာမပျက်ယဉ်ကျေးစွာ ကျင်းပပြုလုပ်သည့် ချစ်စရာကောင်းသော ပွဲတော်တစ်ခုဖြစ်သည်။ သင်္ကြန်မိုးနှင့်အတူ ပွင့်လန်းလာသည့် ပိတောက်ပန်းကလေးများ၏အလှအပကို ခံစားရင်း ရေသဘင်ပွဲ ဆင်နွှဲရသည့်အရသာမှာ  တစ်မူထူးခြားလှသည်။  ချစ်စရာကောင်းသော ပွဲတော်များကို နှလုံးသားရှိသူတိုင်း နှစ်သက်ကြလေ့ရှိပြီး အဆိုပါပွဲတော်တွင် ပါဝင်ဆင်နွှဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြသည့် အစဉ်အလာများလည်း ရှိသည်။ ကမ္ဘာလှည့် ခရီးသွားများသည်  ချစ်စရာမြန်မာ့ ယဉ်ကျေးမှုကို ရှုမြင်လိုစိတ်ဖြင့်  မြန်မာ့ရေမြေအရောက်လာ၍  ရေသဘင်ပွဲတော်   ဆင်နွှဲပျော်ကြလေ့ရှိသည်။ ခေတ်မီမြူးကြွသင်္ကြန်ဒိုးနှင့်  အကအလှများအစား စည်းချက်ညီ တူးပို့သံနှင့် မြန်မာ့ရိုးရာအကအလှများကို မြင်တွေ့ခံစားလိုကြပေသည်။ မန္တလေးအလှ ငွေငန်းဖြူတေးဂီတ အလှပြယာဉ်ပေါ်က  တီးမှုတ်ကခုန်ဟန်ကို  ကျုံးအလှနှင့်အတူ တွဲဖက်ခံစားလိုစိတ်ကို နှိုးဆွလျက် မြန်မာ့နှစ်သစ်ကို ကြိုဆိုရမည် ဖြစ်သည်။ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်သည် မြန်မာတို့အတွက် မတိမ်ကောသင့်၊ မကွယ်ပျောက်သင့်သော ပွဲတော်ဖြစ်သဖြင့် သင်္ကြန်နေ့ရက်များကို အကျိုးရှိရှိ အသုံးချသွားသင့်ပေသည်။  အပျော်မှ အပျက်မဖြစ်စေရေး အထူးဂရုပြုရမည်ဖြစ်ပြီး အရက်၊ မူးယစ်ဆေးများ သုံးစွဲပြီး သင်္ကြန်ပွဲဆင်နွှဲခြင်းသည် မိမိနှင့်မိမိပတ်ဝန်းကျင်ကို ကောင်းစွာအရုပ်ဆိုးစေနိုင်သဖြင့် မိမိတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်နိုင်ရေး ယဉ်ကျေးစွာ ရေသဘင်ပွဲ ဆင်နွှဲခြင်းဖြင့်သာ ဖြတ်သန်းကြပါစို့ဟု   တိုက်တွန်း ရေးသားလိုက်ရပါသည်။    ။

ထက်ဝေအောင် (စစ်ကိုင်း)