မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင် လေပြင်းတိုက်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်

 

မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင် လေပြင်းတိုက်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်

 

ရန်ကုန်  ဧပြီ   ၉

မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင် လေပြင်းတိုက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်သောကြောင့် သတိထားသင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောသည်။

ယင်းသို့မိုးသီးကြွေခြင်းနှင့် လေပြင်းတိုက်ခြင်းများသည် ဧပြီလအတွင်း သင်္ကြန်ကာလ အကျော်နှင့် မေလ လဆန်းရက်များတွင် ဖြစ်ပေါ်လာနိုင်သဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင်  နေထိုင်သူများ သတိထားသင့်ကြောင်း ၎င်းက ဆိုသည်။                            

ယခုလပိုင်းအတွက်လည်း အချို့နေရာများတွင် လေပြင်းတိုက်ခြင်းနှင့် မိုးသီး ကြွေခြင်းအချို့ဖြစ်ပေါ်ကာ ပျက်စီးမှုအချို့ ရှိခဲ့သည်။

“သတိထားရမယ့်နေရာကတော့ တစ်နိုင်ငံလုံးပေါ့။ ပိုပြီးသတိထားရမှာက မြန်မာ နိုင်ငံအလယ်ပိုင်း၊ အထက်ပိုင်းပေါ့။ ဘယ်ချိန်ကာလဖြစ်မလဲဆိုတော့ သူက မိုးတိမ် တောင်တွေ အားကောင်းတဲ့အချိန်ဖြစ်တယ်။ တစ်နေကုန် ပူလာပြီးတော့မှ အပူပျံတက်တိမ်တွေကနေ တစ်ဆင့် မိုးတိမ်တောင်တွေဖြစ် ကြတယ်။အပူလွန်မှုကြောင့်ဖြစ်တာဆိုတော့ ညနေပိုင်းတွေမှာ ဖြစ်ဖို့များတယ်။ ဧပြီလ၊ မေလပေါ့။ လေထုထဲမှာ ရေခိုးငွေ့တွေ ပါဝင်မှုများတဲ့အချိန်က မိုးတိမ်တောင်တွေ ပိုအားကောင်းတဲ့အချိန် သင်္ကြန်ပြီးနောက် မေလဆန်းပေါ့ “ ဟု  ဦးလှထွန်း ကပြောသည်။

မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ် သည့် မတ်လ၊ ဧပြီလနှင့် မေလတို့အတွင်း နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်နိုင်ကြောင်း သိရသည်။  ထို့ပြင် အယ်နီညို ဖြစ်စဉ်ကြောင့်လည်း အပူချိန်မြင့်တက်နိုင်ပြီး အပူပျံတက်တိမ်များ ဖြစ်ထွန်း၍ မွန်းလွဲပိုင်း နှင့် ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာ တစ်လျှောက်တွင် လေပြင်းတိုက်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်း ရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

အယ်နီညိုသက်ရောက်မှုကြောင့် ရာသေဥတုပူပြင်းမှုနှင့်အတူ  စိုက်ပျိုးရေနှင့် သောက် သုံးရေ အခက်အခဲများ ဖြစ်ပေါ်လာနိုင်ရာ စိုက်ပျိုးရေများ လေလွင့်ဆုံးရှုံးမှု မဖြစ်စေရန်၊ သက်တမ်းတို အထွက်ကောင်းစပါးမျိုး များအသုံးပြုရန်၊  ဒေသနှင့်ကိုက်ညီပြီး ရေလိုအပ်ချက်နည်းသော အထွက်ကောင်း စပါးမျိုးကို ရွေးချယ်စိုက်ပျိုးရန်  သက်ဆိုင်ရာက  သတိပေးနှိုးဆော်မှုများကို လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း သိရသည်။