အသံတိတ်လူသတ်မှုကျူးလွန်နေကြတဲ့ ပညာတတ်အသိဉာဏ်မဲ့သူများ

 

အသံတိတ်လူသတ်မှုကျူးလွန်နေကြတဲ့ ပညာတတ်အသိဉာဏ်မဲ့သူများ

၂၀၂၃ ခုနှစ် မတ်လတုန်းက အသက် ၁၇ နှစ်သာရှိသေးတဲ့   မိန်းမပျိုလေးတစ်ယောက်   အဆောက်အအုံတစ်ခုအပေါ်ကနေ ပြုတ်ကျခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ အရေးပေါ်လူနာတင်ယာဉ်ရောက်လာပြီး အဲဒီမိန်းမပျိုလေးကို နီးစပ်ရာဆေးရုံဆီ ခေါ်သွားခဲ့ပါတယ်။ သို့သော်လည်း သူ့ရဲ့ကံကြောင့်ပဲလား၊ ကုသရေးအပိုင်းတာဝန်ရှိသူတွေရဲ့ လက်လွတ်စပယ် လျစ်လျူရှုမှုတွေ ကြောင့်ပဲလားတော့ မသိပေမယ့်    မိန်းမပျိုလေးကတော့ ကုသမှုတစ်စုံတရာမရရှိဘဲ ကွယ်လွန်သွားခဲ့ရပါတယ်။

တကယ်လို့များ  မိန်းမပျိုလေးအနေနဲ့ ကုသမှုကိုအချိန်မီခံယူလိုက်နိုင်တယ်ဆိုရင် အသက်ရှင် ကောင်းရှင်ဦးမှာပါ။ ဖြစ်ချင်တော့ လူနာတင်ကားက  အနီးအနားမှာရှိတဲ့ ဆေးရုံသုံးခုအထိကို    သွားခဲ့ပေမယ့် အဲဒီဆေးရုံတွေမှာ မိန်းမပျိုလေးကိုကုသပေးမယ့်   ဆရာဝန်တစ်ယောက်မှ ရှိမနေပါဘူး။

ဒီဖြစ်စဉ်လေးက တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့မှာ   အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်လေးပါ။ အဲဒီမိန်းမပျိုလေးဟာ ဒေသတွင်းမှာရှိတဲ့ ဆေးရုံတွေက ဆေးကုသမှုမပေးနိုင်လို့   ၂၀၁၇   ခုနှစ်ကစပြီး သေဆုံးခဲ့ရတဲ့လူပေါင်း ၃၇၅၀ ကျော်ထဲမှာ တစ်ဦးအနေနဲ့ ပါဝင်သွားခဲ့ရပါတယ်။

ဒီလိုဖြစ်စဉ်မျိုးတွေဟာ မြို့တော်ဖြစ်တဲ့ ဆိုးမြို့ကလွဲလို့    ကျန်တဲ့နေရာတွေမှာဖြစ်ပွားလေ့ရှိတဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို တောင်ဖြစ်လာနေပါပြီ။ အဓိကကတော့ တခြားဒေသတွေမှာ လူဦးရေနဲ့ ဆရာဝန် အချိုးမညီမျှလို့ပါ။

တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းရှိ ကမ္ဘာကျော်အပန်းဖြေကျွန်းဖြစ်တဲ့ ဂျယ်ဂျူးကျွန်းမှာနေထိုင်သူ ဆောင်ပြိုဂျွန်းဆိုသူက အစာမျိုပြွန်ကင်ဆာရောဂါကို ခံစားနေရတာပါ။ ပြီးခဲ့တဲ့နှစ်  ဇွန်လတုန်းက  သူက ဆိုးအမျိုးသားတက္ကသိုလ်ရဲ့ ဘန်ဒုံးဆေးရုံကို တက်ပြီး ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။

ဆေးရုံကိုသူ့ကို တစ်လတစ်ခါပြန်လည်စစ်ဆေးမှုတွေလုပ်ဖို့   ခေါ်ထားပေမယ့် တစ်ခါတလေမှာ ရက်ချိန်းရဖို့ကိုတောင်မှ လအနည်းငယ်ကြာ စောင့်ဆိုင်းရလေ့ရှိတယ်လို့ ဆိုပါတယ်။

ဒီမြို့မှာ  အစာမျိုပြွန်ကင်ဆာကို ကုသပေးနိုင်တဲ့သူ  တစ်ယောက်မှမရှိပါဘူး။ ဒါကြောင့်လည်း  အားလုံးက ရောဂါဖြစ်ပြီဆိုတာနဲ့ ဆိုးမြို့ကိုသွားရတော့တာပါပဲဆိုပြီး ဆောင်ပြိုဂျွန်းက ပြောထားပါတယ်။

တကယ်တော့    ဂျယ်ဂျူးကျွန်းဆိုတာ လူဦးရေ ၇ သိန်းနီးပါးရှိတဲ့မြို့ကြီးတစ်မြို့ပါ။

အပန်းဖြေ ခရီးသွားတွေလည်း ရှိတဲ့အတွက် အစစအရာရာ ပြည့်စုံသင့်တဲ့မြို့ဖြစ်ပေမယ့် ဆရာဝန်တောင်မှ လုံလောက်အောင်မရှိတဲ့မြို့ ဖြစ်နေပါတယ်။

ဆိုးမြို့မှာရှိတဲ့ နာမည်ကျော်ဆေးရုံကြီးတွေမှာတော့ ဆရာဝန်တွေ အဆမတန်များပြားနေပေမယ့်   ကျန်တဲ့တစ်နိုင်ငံ လုံးမှာ ဆရာဝန်ရှားပါးမှုပြဿနာနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒီအခြေအနေဆိုးကြီးကို ကျော်လွှားနိုင်ဖို့အတွက်   တောင်ကိုရီးယားအစိုးရက ဆရာဝန်လောင်း ဆေးကျောင်းသားတွေကို အရေအတွက် တိုးမြှင့်ခေါ်ယူဖို့ ပြင်ဆင်လာပါတယ်။

ဒါပေမဲ့ ဆရာ့ဆရာကြီးတွေလို့ သူတို့ကိုယ်သူတို့တံဆိပ်ကပ်ထားတဲ့   ဆရာဝန်မပီသသူ ဆရာဝန်တွေက   အစိုးရရဲ့ အစီအစဉ်ကို သဘောမတူပါဘူး။ သဘောမတူတော့   ကိုယ့်အလုပ်ကိုယ်မလုပ်ကြဘဲ ဆန္ဒထွက်ပြကြပါတော့တယ်။

အဆိုးဆုံးကတော့ ကိုရီးယားအရေးပေါ်ဆေးဘက်ဆိုင်ရာ   အဖွဲ့အစည်းက ဆန္ဒပြပွဲတွေမှာ   သူတို့ကိုယ်တိုင် ပါဝင်လာနိုင်တယ်လို့   သတိပေးလိုက်ခြင်းပါပဲ။ အဲဒီအဖွဲ့အစည်းဆိုတာ    အရေးပေါ်ဌာနတွေမှာ အလုပ်လုပ်တဲ့   ဆရာဝန်တွေကို ထောက်ခံအားပေးနေတဲ့ အဖွဲ့အစည်းပါ။

တောင်ကိုရီးယားကျန်းမာရေးဝန်ကြီးဌာနကလည်း ပြတ်သားပါတယ်။ ကိုရီးယားဆေးဘက်ဆိုင်ရာ  အဖွဲ့အစည်းအနေနဲ့ အစိုးရရဲ့ အစီအစဉ်ကို နှောင့်နှေးအောင် လုပ်ရခြင်းနဲ့ ပတ်သက်ပြီး   သူတို့မှာသိပ္ပံနည်းကျ အချက်အလက်တွေ၊   အချိုးအစားဆိုင်ရာ အချက်အလက်တွေနဲ့ တစ်ယောက်မကျန်သော ဆရာဝန်များရဲ့ စုပေါင်းအဆိုပြုချက်တွေရှိမယ်ဆိုရင်     အဲဒီအဖွဲ့နဲ့ဆွေးနွေးဖို့ အသင့်ပါပဲလို့ ဆိုထားတာတွေ့ရပါတယ်။

တောင်ကိုရီးယားနိုင်ငံဆိုတာ ဖွံ့ဖြိုးပြီးနိုင်ငံတွေထဲမှာ လူဦးရေနဲ့ဆရာဝန်အချိုးအနည်းဆုံးသော နိုင်ငံတစ်နိုင်ငံ ဖြစ်သလို လွန်ခဲ့တဲ့ဆယ်စုနှစ် နှစ်ခုတာကာလအတွင်း ဆေးကျောင်းသားအရေအတွက်ကို တိုးမြှင့်ခေါ်ယူတာမျိုး လုံးဝမရှိပါဘူး။

တစ်ချိန်တည်းမှာပဲ   အိုမင်းမစွမ်းသူအရေအတွက် လျင်မြန်စွာ မြင့်မားလာခြင်းကလည်း ဆရာဝန်ရှားပါးမှုကို   ပိုဆိုးစေတဲ့အချက်တစ်ချက်  ဖြစ်နေစေပြန်ပါတယ်။ ဒါကြောင့် ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းမယ်လို့   တောင်ကိုရီးယားသမ္မတက အတိအလင်းကတိပြုထားတာပါ။

တောင်ကိုရီးယားအစိုးရက  လက်ရှိတစ်နှစ်ကိုဆေးကျောင်းသား   အယောက် ၃၀၀၀ ကျော်ခေါ်ယူနေရာကနေ အယောက် ၅၀၀၀ ကျော်အထိ တိုးမြှင့်ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလိုလုပ်ဆောင်ခြင်းဟာ ပြဿနာရဲ့ အရင်းခံကိုဖယ်ရှားနိုင်မှာ  မဟုတ်ဘူးလို့ ဆန္ဒပြဆရာဝန်များက ဆိုပါတယ်။ သူတို့ရဲ့တစ်ခုတည်းသော  အကြောင်းပြချက်က အခုလိုဆရာဝန်အင်အားရှားပါးခြင်းဟာ တချို့ဆရာဝန်တွေရဲ့ အာမခံရရှိမှု နှုန်းထားက တခြားပြင်ပဆရာဝန်တွေထက် နည်းလို့ပါတဲ့။

ပထမတုန်းကတော့   အစိုးရအနေနဲ့ ဆေးကျောင်းသားအရေအတွက်ကို တိုးမြှင့်ခေါ်ယူရင်   ပေါချောင်ကောင်း ဆရာဝန်တွေ ထွက်ပေါ်လာလိမ့်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အစိုးရရဲ့ အစီအစဉ်ကို ကန့်ကွက်ကြတာပါ။ အခုတော့ လေသံပြောင်းသွားပြန်ပါပြီ။

အရေးပေါ်ဌာနတွေ၊ ခွဲစိတ်ခန်းတွေ၊ မွေးခန်းတွေနဲ့ မြို့ငယ်များရှိဆေးရုံများမှာ ဆရာဝန်တွေမရှိကြတော့ပါဘူး။ လူငယ်ဆရာဝန်တော်တော်များကလည်း ဆေးကျောင်းတွေမှာ ဆရာပြန်မလုပ်တော့ဘဲ အလှအပရေးရာ ဘက်ကိုသာ သွားနေကြပါပြီလို့ သမားတော်ကြီးတစ်ဦးက ပြောပါတယ်။

သူပြောတာလည်းမှန်ပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ  အလှအပရေးရာ ခွဲစိတ်ကုသမှု လုပ်ငန်းမှာ အင်မတန်မှ နာမည်ရလာတဲ့နိုင်ငံပါ။ အလှအပအတွက် ခွဲစိတ်ပြုပြင်ဖို့ကိုပဲ တောင်ကိုရီးယားကို ရောက်လာတဲ့  ပြည်ပမှလူနာ အရေအတွက်ဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း ၈ သန်းကျော်အထိ ရှိပါတယ်။

တစ်ချိန်တည်းမှာပဲ ကလေးလူနာပြုစုစောင့်ရှောက်မှုအပါအဝင်   အရေးပါတဲ့ နယ်ပယ်တွေမှာ   ဆရာဝန်ရှားပါးမှုက တော်တော်လေးကိုဆိုးဝါးလာပါတယ်။

၂၀၂၃ ခုနှစ် ဇွန်လတုန်းကဆိုရင် ကိုရီးယားကလေးရောဂါကု ဆရာဝန်အဖွဲ့အစည်းက ဒီနယ်ပယ်ထဲကနေ တခြားကုသမှု နယ်ပယ်ဆီ ဘယ်လိုထွက်ခွာကြမလဲဆိုတဲ့ ခေါင်းစဉ်နဲ့ ညီလာခံတစ်ရပ် ကျင်းပခဲ့တဲ့အထိပါပဲ။

ဒီလိုညီလာခံကို ကျင်းပတယ် ဆိုတာကလည်း အဖွဲ့ဝင်ဆရာဝန်တွေက နိုင်ငံအတွင်း ကလေးမွေးဖွားနှုန်း အလွန်နိမ့်ကျလာတဲ့အတွက် ကလေးရောဂါကုဆေးခန်းတွေမှာ လူမဝင်တော့လို့ တခြားကုသမှုနယ်ပယ်ကို ပြောင်းပါရစေဆိုတဲ့ မေတ္တာရပ်ခံချက်အရ ကျင်းပကြတာပါ။

ဒီတော့ အခြေအနေအားလုံးကို  ခြုံငုံကြည့်လိုက်မယ်ဆိုရင်  ကျန်းမာရေးကဏ္ဍဆိုတာ အင်မတန်မှ အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်သလို အင်မတန်မှလည်း အရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်တာကို တွေ့ရပါလိမ့်မယ်။

ဘယ်သူကမှတော့ နေရင်းထိုင်ရင်းနဲ့အသက်မဆုံးရှုံးချင်ကြပါဘူး။ နေမကောင်းရင်တောင်မှ ဆေးကုချင်ကြတဲ့ သူတွေချည်းပါပဲ။ ဒါပေမဲ့ ပြဿနာက ဆရာဝန်ရှားပါးမှု ဖြစ်နေတာပါ။

တောင်ကိုရီးယားနိုင်ငံမှာဖြစ်နေတဲ့ ပကတိအခြေအနေတွေအရဆိုရင် ဆရာဝန်တွေဟာ လူနာကုသရေးထက် ဝင်ငွေရလမ်းပိုကောင်းတဲ့ အလှအပရေးရာကုသရေးဘက်ကိုသာ ဦးစားပေး လာကြတာတွေ့ရပါတယ်။

တစ်ချိန်တည်းမှာပဲ ဆေးကျောင်းသားအရေအတွက်တိုးမြှင့်ခေါ်ယူမယ့်  အစိုးရရဲ့အစီစဉ်ကိုကန့်ကွက်တဲ့အနေနဲ့ ဆရာဝန်အများအပြားကလည်း   ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ ဒါမှမဟုတ် အစိုးရနဲ့ ချက်ကျလက်ကျ ညှိနှိုင်းဆွေးနွေးမှု မလုပ်ဘဲ ဆန္ဒပြမှုကိုသာ လုပ်နေပါတယ်။

နဂိုကတည်းကမှ  ဆရာဝန်အင်အားနည်းပါးနေပါတယ်ဆိုကာမှ   ဆရာဝန်မပီသတဲ့ဆရာဝန်တချို့က ဆန္ဒပြမှုတွေကို လုပ်တဲ့အခါကျတော့ ဆေးရုံကိုရောက်လာတဲ့လူနာတွေဟာ အသက်မဆုံးရှုံးသင့်ဘဲ အသက်ဆုံးရှုံး ကြရပါတယ်။

တကယ်တမ်းစဉ်းစားကြည့်ရင် ဆရာဝန်ဆိုတာ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် လူနာကိုကုသမှုပေးရမယ့်  ဝတ္တရားရှိပါတယ်။

အဆုံးစွန်အထိပြောရရင် စစ်ပွဲဖြစ်ပွားနေချိန်မှာတောင်မှ တစ်ဖက်ကဒဏ်ရာရသွားတဲ့ ရန်သူကို    ဒီဘက်မှာရှိတဲ့ဆရာ ဝန်က  အခွင့်ကြုံရင်ကုသပေးရမှာပါ။ ဒီလိုစိတ်ဓာတ်မျိုးရှိမှသာ   ဆရာဝန်အစစ်အမှန်ပါ။

အခုတော့ ဆရာဝန်တွေရှားပါးလာနေပါတယ်ဆိုမှ ဆရာဝန်အစစ်အမှန်တွေကလည်း လူ့အသိုင်းအဝိုင်းထဲကနေ ပျောက်ဆုံးလာနေပါတယ်။

ကျွန်တော်တို့အားလုံးက ဆရာဝန်တွေကို ပညာတတ်သူတွေ၊ အသိဉာဏ်မြင့်မားသူတွေအဖြစ် သတ်မှတ်ထားကြလေ့ ရှိပါတယ်။ တချို့သော ဆရာဝန်များကတော့ တကယ်ကို      ပညာတတ်ပြီး အသိဉာဏ်မြင့်မားကြပါတယ်။

ဒါပေမဲ့    တချို့များကျတော့လည်း ဆရာဝန်လို့တောင်မခေါ်ထိုက်ဘဲ ပညာသာတတ်ပြီး အသိဉာဏ် ကျတော့မဲ့ ကြပါတယ်။ အထူးသဖြင့်  လူနာတွေကိုဆေးမကုဘဲ ဆန္ဒပြမှုတွေလုပ်နေတဲ့    ဆရာဝန်တွေလိုပေါ့။

ဒီလိုမျိုးဆရာဝန်တွေကြောင့် ကျွန်တော်တို့ လူဘောင်လူ့လောကမှာ လူ့အသက်တွေ ဘယ်လောက်တောင်မှ ဆုံးရှုံးခဲ့ရပြီးပြီလဲ။ ဘယ်လောက်တောင်မှ   ထပ်ပြီးဆုံးရှုံးရဦးမှာလဲ။ ဒါကြောင့်   ပညာတတ်ပြီး အသိဉာဏ်မဲ့တဲ့ ဆရာဝန်များကို အသံတိတ် လူသတ်သမားများလို့သာ ခေါ်ဆိုလိုက်ချင်ပါတော့တယ်။       

   Ref: Bloomberg