အောင် ရဲ့ အောင်
ယမန်နေ့မှအဆက်
“ကိုင်း...ဒီလိုဆိုရင် အဲဒီနောက်တစ်ခုကို ဖတ်ပြီး အောင့်ကိုပြန်ပေးမယ်”
“ကိုလတ် သိပ်ဆိုးတာပဲ၊ တကယ်မတရားဘူး၊ ကျွန်တော့်ကို သိပ်နိုင်တာပဲ၊ ပေး ပြန်ပေး”
စာအုပ်ကို ပြန်လုသော အောင်၏လက်ကို ကိုလတ် သည် ဆွဲဖယ်ပစ်လိုက်ပြီး...
“ဘာဖြစ်လဲ အောင်ရဲ့၊ ဖတ်လို့ကောင်းပါတယ်”
“ကိုလတ်...ကျွန်တော့်ကို အရှက်ရအောင်လုပ် တာပေါ့၊ နည်းနည်းမှ ကျွန်တော့်ကို မညှာတော့ဘူး လား”
အောင်သည် ပြောရင်းဆိုရင်း မျက်ရည်တွေ လည်လာလေသည်။
ကိုလတ် အောင့်မျက်လုံးတွေကို တစ်အောင့်မျှ စိုက်ငေးနေသည်။
အောင် ဝမ်းနည်းထိခိုက်နေတာမြင်လျှင် ကိုလတ် အလျှော့ပေးလိုက်လိမ့်မည်ဟု အောင်သည် မျှော်လင့် မိသေးသည်။
ထင်သည့်အတိုင်း ဖြစ်မလာ။
ကိုလတ်က စာအုပ်ကို ပြန်မပေးတော့။
“ကိုယ်တို့မှာ တစ်ယောက်နဲ့တစ်ယောက် လျှို့ဝှက် ချက်ဆိုတာမရှိဘူး၊ အထူးသဖြင့် ကိုယ်နဲ့ကိုအောင် မှာပေါ့၊ ကိုအောင်နဲ့ ကိုယ်နဲ့ဆက်ဆံရေးကို အတွင်း ကျကျသိရရင် အောင် ဒီထက် ပိုအံ့သြလိမ့်မယ်၊ ဒါကြောင့် အောင့်ရဲ့လျှို့ဝှက်ချက်ကိုလည်း ကိုယ်တူး ဖော်ရတာ ဝမ်းနည်းပါတယ်”
သူဖတ်နေတာ အောင် ရှက်နေရင် စာအုပ်တစ်အုပ် ကို ယူဖတ်နေတဲ့။ သူ အော်မဖတ်ပါဘူး၊ စိတ်ထဲက တိတ်တိတ်လေးဖတ်မှာပါတဲ့။ ကိုလတ်၏စရိုက်နှင့် ပတ်သက်၍ ဗလတို့ တစ်ခါက အကဲဖြတ်တာ မှန်တာ ပေါ့။
တစ်ခါတုန်းက ဗလပြောခဲ့ဖူးသည်။
“သူတို့ပုံကို ကြည့်ပါလား၊ ဟိုလူက လူပုံက ချောချောပေမယ့် သွေးအေးအေးနဲ့ ဘာမှအလျှော့ပေးမှာ မဟုတ်ဘူး၊ ဒီလူကတော့ လူပုံက စံပဲ၊ စိတ်နေသဘော ထားကတော့ ကိုလတ်ကြီးထက် ပိုပျော့ပျောင်းတယ်၊ နင်တို့က သူ့ကိုသာကြောက်တာ၊ သူက နည်းနည်းမှ ကြောက်စရာမကောင်းဘူး၊ ကိုလတ်နဲ့ကျ သူကချည်း ခံနေရတာ၊ သူကချည်း အလျှော့ပေးတာ”တဲ့လေ။
သည်တော့ အောင်သည် မဂ္ဂဇင်းစာအုပ်တစ်အုပ် ကို ကောက်ကိုင်ကာ စိတ်မပါ့တပါနှင့် ဖတ်ရင်း မျက် ရည်တွေကျလာလေသည်။
အပြင်တွင် မိုးတွေ ဖြိုင်ဖြိုင်ရွာချနေသည်။
မိုးရေစက်တို့သည် မှန်ပြတင်းပေါက်ကို မှုန်သွား အောင် ပက်လိုက်ကြသည်။
ဝင်းလက်သော လျှပ်ရောင်သည် တံခါးကြားထဲမှ တိုးဝင်လာခဲ့လေသည်။
မိုးမှောင်ကြီးကျလာသဖြင့် ကိုလတ်သည် မီးခလုတ် ကို ထဖွင့်လေသည်။
မီးချောင်းအရောင်သည် တစ်ဖျပ်နှစ်ဖျပ် မျက်တောင်ခတ်ပြီးနောက် ပြာ၍ လင်းလာနေသည်။
ကိုလတ်သည် အောင့်ကို လုံးဝဥပေက္ခာပြုလျက် အောင်ရေးထားသော စာပုဒ်တွေကိုသာ တစ်ကြောင်း ပြီးတစ်ကြောင်း စိတ်ဝင်စားစွာ ဖတ်နေသည်။
အခန်း(၂၆)
ဝိညာဉ်အရိပ် မထင်မှတ်ဘဲ
ဝိညာဉ်နှစ်ခုက တစ်သားတည်းဖြစ်ခဲ့တယ်။
ဝိညာဉ်နှစ်ခုက တစ်ခုနဲ့တစ်ခု
တပေါင်းတည်း စုလာတဲ့အခါမှာ
စာနာမှုတွေနဲ့
တစ်ဦးကိုတစ်ဦး နားလည်လာတယ်။
လူ့ဘဝအတွက်
အကောင်းဆုံး ရည်ရွယ်ချက်ရောက်အောင်
ဒီဝိညာဉ်နှစ်ခုက
တွန်းအားနဲ့ ပို့ပေးလိမ့်မယ်။
အပေါင်းအပေါင်းသာဖြစ်တဲ့ ဝိညာဉ်နှစ်ခုဖြစ်တယ်။
အပေါင်းအနုတ် (ဝါ) အနုတ်အပေါင်းလည်း မဟုတ်ပါဘူး။
ဖြူစင်တဲ့၊ ရိုးသားတဲ့၊ နိုးကြားတဲ့
တက်ကြွတဲ့ ဝိညာဉ်နှစ်ခုပါ။
အို သေသေချာချာတွေးကြည့်တော့လည်း
ဝိညာဉ်ဟာ နှစ်ခုမဟုတ်ပါလား။
စကတည်းက ဝိညာဉ်တစ်ခုတည်းပါပဲ။
မွေးဖွားလာကာ ဖြစ်တည်လာပြီး
ကျန်တာက အရိပ်
မူလဝိညာဉ်ရဲ့အရိပ်ပါ။
လက်စသတ်တော့
ကိုယ်ဟာ သူ့ဝိညာဉ်ရဲ့အရိပ် ဖြစ်နေပါပကောလား။
“နယုန်လပြည့်နေ့ည”
“နယုန်လပြည့်နေ့ညတဲ့”
ကိုလတ်၏ရင်ထဲတွင် တီးတိုးခွန်းဆင့် ရေရွတ်လိုက်မိ၏။
အောင့်ကို လှမ်းကြည့်ပြီး သူ့ရင်ထဲမှာ တုန်ယင် လှုပ်ရှားသွားသောစိတ်ကို ထိန်းကာ တည်ငြိမ်စွာ ပြုံးလိုက်သည်။
ဇောက်ထိုးထောင်လျက် ကြည့်နေသော မဂ္ဂဇင်းကို အသာဆွဲယူလိုက်သည်။
ဆက်လက်ဖော်ပြပါမည်။