နေပြည်တော် လမ်းလျှောက်သင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများအား ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကြည့်ရှုစစ်ဆေး

 

နေပြည်တော် လမ်းလျှောက်သင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများအား ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဧပြီ  ၉

    ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုဝင်များ၊ ပြည်သူများအားလုံး ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေးအတွက် နေပြည်တော်    လမ်းလျှောက်သင်္ကြန်ကို ပျဉ်းမနား-တောင်ညို လမ်းမပေါ်ရှိ နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန် မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာလမ်းဆုံ ဧရိယာအထိ ဧပြီလ ၁၃ ရက်မှ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

နေပြည်တော်လမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ  ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည်  ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  ယနေ့ညနေပိုင်းတွင်    နေပြည်တော်လမ်းလျှောက် သင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို  ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ   ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်လမ်းလျှောက်သင်္ကြန် ဧရိယာ အတွင်း ဝန်ထမ်းများ၊ မိသားစုများနှင့် ပြည်သူများ စိတ်ပျော်ရွှင်ချမ်းမြေ့စွာ ရေကစားနိုင်ရန် အတွက် ဝန်ကြီးဌာနများအလိုက် မြန်မာ့ရိုးရာ မဟာသင်္ကြန်မဏ္ဍပ်များနှင့် တိုင်းရင်း သားရိုးရာ ရေကစားမဏ္ဍပ်များ တည်ဆောက်နေမှု၊   မဏ္ဍပ်များအလိုက်  စတုဒိသာ ကျွေးမွေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှု၊ တိုင်းရင်းသားသင်္ကြန်၊   စတုဒိသာသင်္ကြန်၊ ဝန်ကြီးဌာနသင်္ကြန်နှင့်   လူငယ်သင်္ကြန်တို့တွင် ခေတ်မီအဆင့်အတန်း ရှိစွာ လည်ပတ်အပန်းဖြေနိုင်ရန် အဆင်သင့်ပြင်ဆင် ဆောင်ရွက်ထားမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လမ်းလျှောက်သင်္ကြန် ကျင်းပမည့်ဧရိယာအတွင်း မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးနှင့် ရေပြတ်တောက်မှု မရှိစေရေးကိုလည်း စီမံဆောင်ရွက်ထားရမည်  ဖြစ်သကဲ့သို့ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းပေးထားသည့် ကော်မတီအသီးသီး အနေဖြင့်လည်း မိမိတို့ဆောင်ရွက်ရမည့်   လုပ်ငန်းများအလိုက် အချိန်မီပြီးစီးစေရေး ပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း မှာကြားသည်။

ယခုနှစ် နေပြည်တော်လမ်းလျှောက်သင်္ကြန်၌ ဝန်ထမ်းများနှင့်ပြည်သူများ ပိုမို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန်အတွက် လမ်းလျှောက်သင်္ကြန် ဗဟိုမဏ္ဍပ်ကြီးကို ခမ်းနားစွာ တည်ဆောက်နေပြီး  ပြည်တွင်းမှ နိုင်ငံကျော် အနုပညာရှင်များစွာနှင့်  ကိုရီးယားနိုင်ငံမှ  K POP အဆိုရှင်များက ပါဝင်သီဆို ဖျော်ဖြေသွားမည်ဖြစ်ကာ ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေဖြင့်  ဉာဏသိဒ္ဓိမိသားစု မဟာသင်္ကြန် ရေကစားမဏ္ဍပ်ကြီးကို တည်ဆောက်၍ လာရောက်လည်ပတ်ကြသည့် ပြည်သူများအား   ဖျော်ဖြေရေး အစီအစဉ်များအပြင် စတုဒိသာ အကျွေးအမွေးများဖြင့်လည်း ဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နေပြည်တော် လမ်းလျှောက်သင်္ကြန် အတွင်း၌ ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းမဏ္ဍပ်ကိုလည်း  တည်ဆောက်လျက်ရှိပြီး ပြည်သူများ ပျော်ရွှင်စွာ ရေပက်ဖျန်းပျော်ရွှင်နိုင်စေရန် ရေပန်းပိုက် ၄၀ ကျော် တပ်ဆင်ဆောင်ရွက်လျက်ရှိကာ အမြင့် ၆ ပေ၊ အလျား ပေ ၄၀ နှင့် အနံ ပေ၂၀ ရှိ ဖျော်ဖြေရေးစင်မြင့် ဆောက်လုပ်လျက်ရှိကြောင်း၊  အဆိုပါ စင်မြင့်၌ ရုရှားနိုင်ငံမှ လူငယ်အနုပညာရှင် အဖွဲ့များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ သွားမည်ဖြစ်ကြောင်း သိရသည်။ အလားတူ တရုတ်-မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးမဏ္ဍပ်ကို နိုင်ငံတကာအဆင့်မီ ရေကစားမဏ္ဍပ်အဖြစ် တည်ဆောက်လျက်ရှိပြီး စတုဒိသာ အစီအစဉ်များလည်း ပါဝင်ကြောင်း  သိရသည်။

နေပြည်တော် လမ်းလျှောက်သင်္ကြန်၌ ရေကစားမဏ္ဍပ်ပေါင်း ၂၆ ခုတည်ဆောက် လျက်ရှိပြီး တိုင်းရင်းသားသင်္ကြန်၊ စတုဒိသာသင်္ကြန်၊ ဝန်ကြီးဌာနသင်္ကြန်နှင့် လူငယ် သင်္ကြန်ဟူ၍ ပြည်သူများ ပျော်ရွှင်စွာရေပက်ဖျန်း လည်ပတ်နိုင်စေရန်  အထူးအစီအစဉ် ကောင်းများဖြင့် ဆောင်ရွက်ထားရှိသည်။

ထို့ပြင် ပြည်သူများ နိုင်ငံတကာအဆင့် ခေတ်မီအဆင့်အတန်းရှိစွာ လမ်းလျှောက်သင်္ကြန်ကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန်အတွက် Zone 1 နှင့် Zone 2ဟူ၍ ခွဲခြားထားရှိကာ Zone 1  ၌ တိုင်းရင်းသား စတုဒိသာသင်္ကြန် ဟူ၍ စီစဉ်ထားရှိပြီး လာရောက်လည်ပတ် ကြသူများအား Zone -1 Main Entrance အဝင်တွင် စတုဒိသာ အကျွေးအမွေးများဖြင့် ဧည့်ခံမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုများကို အခြေခံ၍ တိုင်းရင်းသားသင်္ကြန် ဖန်တီးရေကစားနိုင်ရန် စီစဉ်ဆောင်ရွက် ထားရှိမည့်အပြင်     တိုင်းရင်းသား ကိုယ်စားပြု Photo Booth များနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။

 အလားတူ လမ်းလျှောက်သင်္ကြန် Zone 2 ၌ လူငယ်များနှင့် ကလေးငယ်များအတွက် လူငယ်သင်္ကြန်ဟူ၍ စီစဉ်ဆောင်ရွက်ထားရှိပြီး မိသားစုများ၊ ကလေးငယ်များ၊ လူငယ်များအတွက် နိုင်ငံတကာ အဆင့်မီ ရေလွှာလျှောများ၊  Foam Party များ၊ inflatable  ကစားစရာရေကန်များ/ ရေလွှာလျှောများဖြင့် ပြင်ဆင်ထည့်သွင်း ဆောင်ရွက်လျက်ရှိကာ လူငယ်များ နှစ်သက်ပျော်ရွှင်ဖွယ်ရာ ဖြစ်စေရန်အတွက်လည်း  DJ Performance များဖြင့် ကပြဖျော်ဖြေ၍ နေပြည်တော် လမ်းလျှောက်သင်္ကြန်ပွဲတော်ကြီးအား     စည်ကားသိုက် မြိုက်စွာကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။