ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနတွင် မီးဘေးလုံခြုံရေး စီမံချက် ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

 

ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနတွင် မီးဘေးလုံခြုံရေး စီမံချက် ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

 

နေပြည်တော်  ဧပြီ  ၉

    ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနတွင်  မီးဘေးလုံခြုံရေး စီမံချက်ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန   ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့်   ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊  အရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပူပြင်းခြောက်သွေ့သော နွေရာသီကာလကို ရောက်ရှိလာသဖြင့်   အကြောင်းအမျိုးမျိုးကြောင့်  မီးလောင်ကျွမ်းမှုများ  ဖြစ်ပေါ်လာပါက ချက်ချင်း ဆောင်ရွက်ရမည့် နည်းလမ်းများကို ဝန်ထမ်းအားလုံး သိရှိနားလည်ဆောင်ရွက် တတ်စေရန် ယနေ့အခမ်းအနားကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန ရုံးအဆောက်အအုံ ပရိဝုဏ်အတွင်းအပြင်၊ ရုံးပစ္စည်းကိရိယာများနှင့်  အရေးကြီးစာရွက်စာတမ်းများ မီးဘေးအန္တရာယ် ကင်းဝေးစေရန်နှင့် မတော်တဆ မီးလောင်ကျွမ်းမှုများ ဖြစ်ပွားလာပါက ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်နိုင်ရန် ဝန်ထမ်းများအားလုံး   မီးဘေး လုံခြုံရေးစီမံချက်ပါ   လုပ်ငန်းစဉ်များကို ကောင်းစွာသိရှိထားကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်   မိမိတို့၏ လုပ်ငန်းတာဝန်များကို   သေချာလေ့လာသိရှိပြီး ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ကြရန်နှင့် ဝန်ထမ်းများအားလုံး မီးဘေးအသိ သတိရှိစွာ အထူးဂရုပြုနေထိုင်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ မီးသတ်ဦးစီးဌာနမှ  တာဝန်ရှိသူများက မီးလောင်မှု အခြေခံ သဘောတရားများ၊ မီးဘေးကြိုတင် ကာကွယ်ရေးနှင့် ရှောင်ကြဉ်ရမည့် အချက်များ၊ မီးငြှိမ်းသတ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ မီးငြှိမ်းသတ်ရာတွင် တွေ့ကြုံရသည့် အတွေ့အကြုံများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဝန်ကြီးရုံးအုပ်ချုပ်ရေးနှင့်   လူ့အရင်းအမြစ် စီမံခန့်ခွဲမှုဌာနခွဲ ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးက ဝန်ကြီးဌာန၏ မီးဘေးလုံခြုံရေး စီမံချက်ပါ သာမန်အချိန်၊ မီးလောင်မှုဖြစ်ပေါ်ချိန်နှင့် မီးလောင်ကျွမ်းပြီးချိန်တို့တွင်    လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန် ကွပ်ကဲမှုအဖွဲ့၊ ကြိုတင်ကာကွယ် တားဆီးရေးအဖွဲ့၊ မီးငြှိမ်းသတ်ရေးအဖွဲ့၊ သယ်ယူရွှေ့ပြောင်းရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့၊ ပို့ဆောင်ရေးအဖွဲ့ဟူ၍ အဖွဲ့ ၆ ဖွဲ့ ဖွဲ့စည်း ဆောင်ရွက်ထားရှိမှုများနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြကြောင်း သိရသည်။