ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၄)ကျင်းပ 

 

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၄)ကျင်းပ 

 

နေပြည်တော်  ဧပြီ  ၉

    ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး ဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၄) ကို    ယနေ့နံနက် ၉ နာရီခွဲတွင် ကျန်းမာရေး ဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

အစည်းအဝေးတွင်    ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက  ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှုသည် နှလုံးသွေးကြောကျဉ်းရောဂါ၊  သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် လေဖြတ်ရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည်အဆုတ်နှင့် အသက်ရှူ လမ်းကြောင်းရောဂါ အစရှိသည့် မကူးစက်နိုင်သော ရောဂါများဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်းတစ်ရပ်ဖြစ်ပါကြောင်း၊ မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားမှုမှာ ကပ်ရောဂါ အသွင်အဖြစ် အလျင်အမြန် တိုးတက်များပြားလျက် ရှိပြီး ၎င်းရောဂါများကို ကုသရန်အတွက် ငွေကြေးမြောက်မြားစွာ သုံးစွဲနေရသည့်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တိုင်းပြည်ဖွံဖြိုး တိုးတက်မှုအတွက် ကြီးမားသော အဟန့်အတား တစ်ခုဖြစ်စေသလို  နိုင်ငံ၏ ကျန်းမာရေးစနစ်အပေါ် တွင်လည်း  ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါကြောင်း၊ အထူးသဖြင့်  ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဆေးရွက်ကြီးစိုက်ပျိုးမှုနှင့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုကို စနစ်တကျ ကန့်သတ်ထိန်းချုပ် ဆောင်ရွက်လာသည့်အတွက် ဆေးရွက်ကြီးနှင့်ဆေးရွက်ကြီး ထွက်ပစ္စည်း   စိုက်ပျိုးထုတ်လုပ် ဖြန့်ဖြူး ရောင်းချသူ လုပ်ငန်းရှင်များ အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို  ပစ်မှတ်ထား၍ ရင်းနှီးမြှုပ်နှံလာကြသည်ကို တွေ့ရှိရပါကြောင်း၊ ဆေးရွက်ကြီး စိုက်ပျိုးရာတွင် ပိုးသတ်ဆေး နှင့်   ဓာတ်မြေသြဇာ အလွန်အကျွံသုံးစွဲရသည့် အတွက် မြေဆီလွှာကို ပြုန်းတီးစေပြီး စိုက်ပျိုးမြေများကို ကန္တာရအသွင် ပြောင်းစေသည့်အတွက် အကျိုးဆက်အနေဖြင့် စားရေရိက္ခာရှားပါးမှုကို ပိုမိုဆိုးရွားစေပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏  ဆေးရွက်ကြီး ထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းကို (၂၀၀၃) ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး (၂၀၀၆) ခုနှစ်တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို ပြဋ္ဌာန်း၍ လိုအပ်သော အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန် ဆောင်ရွက်လျက်ရှိပါကြောင်း။

  ဥပဒေပါရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန်အတွက်   ဗဟိုအဖွဲ့ကို ဥပဒေအရ ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းတာဝန်ပေးအပ် ထားခြင်း  ဖြစ်ပါကြောင်း၊  ပြည်ထောင်စုအစိုးရ အဖွဲ့၏ ၂၀၂၃  ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၄/၂၀၂၃ အရ ဗဟိုအဖွဲ့အသစ်ကို  အဖွဲ့ဝင် ၃၀  ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊   ဥပဒေပါ ရည်ရွယ်ချက်များကို ပိုမိုမြန်ဆန် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုကြီးကြပ်ရေး အဖွဲ့များဖွဲ့စည်းရန်နှင့် လုပ်ငန်းတာဝန်များ သတ်မှတ်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ထို့ပြင် အသစ်ပေါ်ထွက်လာသည့် အီးစီးကရက်ကဲ့သို့သော အီလက်ထရွန်နစ် အငွေ့ရှူစက်များ သုံးစွဲမှုသည် ကျန်းမာရေးကို  ထိခိုက်စေသည့်အတွက် လူငယ်များအနေဖြင့် အဆိုပါ အီလက်ထရွန်နစ် အငွေ့ရှူစက်များ သုံးစွဲမှုမှ ကာကွယ်တားဆီးရန်အတွက် လိုအပ်သောမူဝါဒ၊ အစီအမံနှင့် ဥပဒေပြဋ္ဌာန်းချက်များ ချမှတ်ရန် လိုအပ်လျက်ရှိပါကြောင်း၊  နိုင်ငံတကာ အတွေ့အကြုံများအရ ဆေးလိပ်ဈေးနှုန်းမြင့်လေ၊ သုံးစွဲမှု လျော့ကျလေဖြစ်သည့်အတွက် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းများအပေါ်  အခွန်တိုးမြှင့်ကောက်ခံခြင်းကိုလည်း   အားဖြည့်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး ဗဟိုအဖွဲ့ အတွင်းရေးမှူး  ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာမြင့်မြင့်သန်းက ဗဟိုအဖွဲ့ပေါ်ပေါက်လာပုံ သမိုင်းကြောင်း အကျဉ်းနှင့် ဥပဒေပါဗဟိုအဖွဲ့၏  လုပ်ငန်းတာဝန် ဝတ္တရားများနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ ဗဟိုအဖွဲ့ အဖွဲ့ဝင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာကျော်ကံကောင်းမှ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး လုပ်ငန်းများ   အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို  လည်းကောင်း ရှင်းလင်းတင်ပြသည်။  

  ထို့နောက်  တက်ရောက်လာကြသည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဗဟိုအဖွဲ့ အဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များက ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း  သောက်သုံးမှု ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြသည်။

တင်ပြဆွေးနွေးချက်များအပေါ် ညှိနှိုင်းဆွေးနွေး၍ အစည်းအဝေးမှ ဆုံးဖြတ်ချက်များချမှတ်ခဲ့ပြီး   ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားသည်။ 

အစည်းအဝေးသို့ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဗဟို အဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နင်းရေး ဌာနခွဲမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။